သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး တပ်မတော်ရဲ့ နောက်ဆုံး သဘောထား ဘယ်လိုရှိသလဲ


Myanmar Parliament
Myanmar Parliament

ပြီးခဲ့တဲ့ရက်ပိုင်းက ပြည်ထောင်စုလွှတ်တော်မှာ ပြည်ခိုင်ဖြိုးပါတီက ဒေါက်တာမောင်သင်း နဲ့ ကိုယ်စားလှယ် ၁၄၅ ယောက် တင်သွင်းထားတဲ့ ဖွဲ့စည်းပုံပြင်ဆင်ရေး ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာကို ဆွေးနွေးကြပါတယ်။ အဲဒီ အစီရင်ခံစာကို ဆွေးနွေးသူ စုစုပေါင်း ၃၉ ယောက်ရှိတဲ့အထဲမှာ တပ်မတော်ဘက်က ဆွေးနွေးတဲ့ သူချည်း အယောက် ၂၀ ရှိတာ တွေ့ရပါတယ်။ သိပ်ပြီး ရှည်လျားခြင်းလည်း မရှိ၊ အချက်အလက်လည်း ဒီလောက် မများတဲ့ အစီရင်ခံစာ တစ်စောင်ကို တပ်မတော်သား ကိုယ်စားလှယ် အယောက် ၂၀ လောက် ဝိုင်းပြီး ဆွေးနွေးတာကတော့ ထူးခြားနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ဆွေးနွေးချက်တွေထဲကနေ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ လက်ရှိသဘောထား တစ်ချို့ကို သိခွင့်ရနိုင်တာမို့ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။

တပ်မတော်ရဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အပေါ် လက်ရှိ သဘောထားကို သိရှိနိုင်ဖို့ ဆိုရင် အခု ဒုတိယအကြိမ် လွှတ်တော်သက်တမ်းအတွင်း လွှတ်တော်ထဲမှာ ဆောင်ရွက်နေတဲ့ ဖွဲ့စည်းပုံပြင်ရေး ကိစ္စ အကြမ်းဖျဉ်း ပြန်ကောက်ဖို့ လိုပါလိမ့်မယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း ဒုတိယအကြိမ် လွှတ်တော်သက်တမ်း ၃ နှစ်ဝန်းကျင်ရောက်မှ အင်န်အယ်လ်ဒီ ပါတီဟာ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း လှုပ်ရှားမှု စ ပါတယ်။ အရင် ပထမ သက်တမ်းကာလ လွှတ်တော်နာယက သူရဦးရွှေမန်း လုပ်ကိုင်ခဲ့တဲ့ နမူနာကိုယူပြီး ပထမ အဆင့် ဖွဲ့စည်းပုံကို လေ့လာတဲ့ ပူးပေါင်း ကော်မတီ တစ်ခု ဖွဲ့ပါတယ်။ ၄၅ ဦးကော်မတီလို့ နာမည်တွင်ပြီး တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးဘက်ကတော့ အဲလို ကော်မတီဖွဲ့တာဟာ ဖွဲ့စည်းပုံ၊ လွှတ်တော် ဥပဒေ၊ နည်းဥပဒေတွေနဲ့ မညီဘူး ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ကြပါတယ်။ ၄၅ ဦးကော်မတီ လုပ်ငန်း စတင်နေချိန် ၂၀၁၉ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာတော့ ပြည်ခိုင်ဖြိုးပါတီက ဦးသိန်းထွန်း နဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ အပါအဝင် စုစုပေါင်း ၁၄၃ ယောက်က ဖွဲ့စည်းပုံ ပြင်မယ့် ဥပဒေကြမ်းတစ်ရပ် တင်လာပါတယ်။ အဲဒီ ဥပဒေကြမ်းမှာ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ် ခန့်အပ်တဲ့ ပုံစံ ပြင်ဖို့ အချက်လောက်ပဲ ပါတာပါ။ လုပ်ထုံးလုပ်နည်းအရ အဲဒီ ဥပဒေကြမ်းကို လေ့လာစိစစ်တဲ့ ကော်မတီဖွဲ့ပြီး အစီရင်ခံစာ တစ်ခု တင်စေပါတယ်။ အစီရင်ခံစာမှာ ဖွဲ့စည်းပုံပြင်ရေး လုပ်ငန်းစဉ် နှစ်ခု အပြိုင်ဖြစ်နေတာကြောင့် ဖွဲ့စည်းပုံ တစ်ခုလုံးကို လွှမ်းခြုံလေ့လာ သုံးသပ် ပြင်ဆင်မယ့် ၄၅ ဦးကော်မတီရဲ့ လုပ်ငန်းစဉ်ထဲ ထည့်သွင်းသင့်တယ်လို့ ဆိုထားပါတယ်။ အစီရင်ခံစာမှာ အဲလို ဖော်ပြတာနဲ့ ပတ်သက်ပြီး တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီက ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပေမယ့် ပြည်ထောင်စုလွှတ်တော်မှာ မဲခွဲ ဆုံးဖြတ် အတည်ပြုပြီး ၄၅ ဦးကော်မတီရဲ့ လုပ်ငန်းစဉ်ထဲ ထည့်သွင်းခဲ့ပါတယ်။

ဒီလိုနဲ့ နောက်ထပ် တစ်လ မပြည့်မီ ၂၀၁၉ မတ်လ ၁၅ ရက်နေ့ အရောက်မှာ ပြည်ခိုင်ဖြိုးပါတီက ဒေါက်တာမောင်သင်း၊ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ စုစုပေါင်း ၁၄၅ ယောက် လက်မှတ်ထိုးပြီး ဖွဲ့စည်းပုံပြင်ရေး နောက်ထပ် ဥပဒေကြမ်း တစ်ခု တင်ပြန်ပါတယ်။ ဒီကြားထဲ ၄၅ ဦးကော်မတီဟာ သူတို့ရဲ့ ဖွဲ့စည်းပုံ စိစစ်ရေး လုပ်ငန်း ပထမ အဆင့်ပြီးဆုံးလို့ လွှတ်တော်တွင်း အစီရင်ခံစာ တင်၊ အတည်ပြုခဲ့ပြီး နောက်တစ်ဆင့် ဖွဲ့စည်းပုံပြင်ရေး ဥပဒေမူကြမ်း တစ်ခု ပေါ်ပေါက်အောင် ဆက်လုပ်နေပါပြီ။

အဲလို အခြေအနေအောက်မှာ ဒေါက်တာမောင်သင်း တင်တဲ့ ဥပဒေကြမ်းနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ လွှတ်တော်တွင်းရောက်ပြီး ဆွေးနွေးခဲ့ကြတာပါ။ ဒီ အစီရင်ခံစာမှာလည်း ကျောင်းကုန်းအမတ် ဦးသိန်းထွန်း တင်ခဲ့တဲ့ ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်းလိုပဲ ၄၅ ဦးကော်မတီ လုပ်ငန်းစဉ်ထဲ ထည့်သွင်းဖို့ အကြံပြုထားပါတယ်။

အစီရင်ခံစာကို ဆွေးနွေးတဲ့ တပ်မတော်သား ကိုယ်စားလှယ် အားလုံးလိုလိုနဲ့ ပြည်ခိုင်ဖြိုး ကိုယ်စားလှယ်တွေကတော့ အစီရင်ခံစာဟာ ဖွဲ့စည်းပုံနဲ့လည်း မညီ၊ လွှတ်တော် ဥပဒေ၊ နည်းဥပဒေ တွေနဲ့လည်း မညီဘူး ဆိုပြီး တောက်လျောက် ထပ်တလဲလဲ ပြောဆိုတာ မြင်တွေ့ကြရပါတယ်။ သူတို့ ထောက်ပြတာက ဖွဲ့စည်းပုံပြင်ဖို့ ဖွဲ့စည်းပုံနဲ့အညီ ဥပဒေကြမ်း တစ်ခု လွှတ်တော်တွင်း တင်တယ်၊ ဒါကို ဖွဲ့စည်းပုံပါ ပြဌာန်းချက် အတိုင်း လုပ်ငန်းစဉ် အဆင့်ဆင့် မလုပ်ပဲ ၄၅ ဦးကော်မတီ လုပ်ငန်းစဉ်ထဲ ပေါင်းထည့်ဖို့ ပြောတာဟာ ဥပဒေအတိုင်း လုပ်တဲ့ အဖွဲ့ရဲ့ လုပ်ငန်းတွေကို ဥပဒေနဲ့အညီ မလုပ်တဲ့ အဖွဲ့ရဲ့ လုပ်ငန်းတွေထဲ ထည့်ဖို့ ကြိုးစားတာသာ ဖြစ်တယ် ဆိုပြီး စွပ်စွဲခဲ့ပါတယ်။

တပ်မတော်သား ကိုယ်စားလှယ်တွေထဲမှာ ဒုဗိုလ်မှူးကြီး ထွန်းလင်းဦးရဲ့ ဆွေးနွေးချက်က စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူက ၂၀၁၃ ခုနှစ်တုန်းက လွှတ်တော်ဟာ ဖွဲ့စည်းပုံပြင်ဖို့ အဆောတလျင် လုပ်ခဲ့တဲ့အကြောင်း၊ နိုင်ငံရေးပါတီတွေ၊ အဖွဲ့အစည်းတွေ ပြည်သူတွေဆီက အကြံပြုစာ တောင်းခံခဲ့ရာမှာ စုစုပေါင်း အကြံပြုချက် ၃ သိန်းကျော် အထိ ရလာလို့ အံ့သြခဲ့ရကြောင်း၊ စုစုပေါင်း အချိန် ၂ နှစ်ကျော် ယူပြီး လုပ်ခဲ့တဲ့ အဲဒီ လုပ်ငန်းစဉ်ဟာ အချိန်ကုန်ပြီး အကျိုးမရှိတဲ့ အခြေအနေ ဖြစ်ခဲ့ကြောင်း၊ အဲဒီအချိန်က သမ္မတဦးသိန်းစိန် အစိုးရဟာ ဖွဲ့စည်းပုံကို အဆောတလျင် မပြင်ဖို့ လွှတ်တော်ဘက်ကို ထောက်ပြ ပြောဆိုခဲ့တဲ့အကြောင်း၊ အစိုးရအဖွဲ့ဟာ ၂၀၀၈ ဖွဲ့စည်းပုံ ဘောင်ထဲကနေ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေးကိုပဲ ဆောင်ရွက်ခဲ့လို့ အထိုက်အလျောက် ဖွံ့ဖြိုးတိုးတက်မှု ရခဲ့တယ်လို့ ဆိုပါတယ်။

ခုအစီရင်ခံစာကို အင်န်အယ်လ်ဒီ အမတ်တွေဘက်က ဆွေးနွေးရာမှာ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ တိုင်းရင်းသားလက်နက်ကိုင်၊ အရပ်ဘက် အဖွဲ့အစည်း အားလုံးပါဝင်တဲ့ ၂၁ ရာစု ပင်လုံညီလာခံကနေ ပြည်ထောင်စု သဘောတူစာချုပ်အတွက် အချက် တစ်ချို့ရခဲ့တဲ့အကြောင်း၊ အဲဒီအထဲမှာ နိုင်ငံကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အဖြစ် တည်ထောင်မှာမို့ ဖွဲ့စည်းပုံကိုလည်း ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု စနစ်နဲ့ လိုက်လျောညီထွေ ဖြစ်အောင် ၄၅ ဦးကော်မတီ ဖွဲ့ပြီး ဆောင်ရွက်နေရတဲ့ အကြောင်း ပြောဆိုကြပါတယ်။ အဲဒါတွေကို တုန့်ပြန်သူတွေကတော့ တပ်မတော်သား ကိုယ်စားလှယ် ဗိုလ်မှူး အောင်သွင်စိုးနဲ့ ဒုဗိုလ်မှူးကြီး ကျော်မင်းလှိုင်တို့ပဲ ဖြစ်ပါတယ်။ သူတို့က လက်ရှိ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ချုပ်ဆိုထားတဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် NCA အပိုဒ် ၂၂(ဃ) အရ ပြည်ထောင်စု ညီလာခံက ထွက်ပေါ်လာတဲ့ ဆုံးဖြတ်ချက်တွေကို အခြေခံပြီး ဖွဲ့စည်းပုံအပါအဝင် ဥပဒေတွေကို လုပ်ထုံးလုပ်နည်းနဲ့အညီ ပြင်ရမယ်လို့ ဆိုထားကြောင်း၊ ဒါပေမယ့် အဲဒီ လုပ်ထုံးလုပ်နည်းဆိုတာဟာ လက်ရှိဖွဲ့စည်းပုံပါ “ဖွဲ့စည်းပုံပြင်ရေး ပြဌာန်းချက်”ပါ အတိုင်းပဲ ဖြစ်ကြောင်း ထောက်ပြတာလည်း တွေ့ရပါတယ်။ အဓိပ္ပါယ်ကတော့ အားလုံး သဘောတူထားတဲ့ ဆုံးဖြတ်ချက်တွေသည်ပင်လျင် လွှတ်တော်ထဲမှာ တပ်မတော်ဘက်က သဘောမတူရင် ပြင်လို့ မရနိုင်ဘူး ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေတဲ့အတွက် ဒီအချက်ဟာ နောင် ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေအတွက် အဟန့်အတား အနှောင့်အယှက် ဖြစ်စေနိုင်ပါတယ်။

အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် တပ်မတော်ဘက်က သဘောထားဟာ ဖွဲ့စည်းပုံကို အဆောတလျင် မပြင်ချင်သေးဘူး၊ အရင်က အဆောတလျင် ပြင်ခဲ့တာကလည်း ဘာမှ အကျိုးမရှိခဲ့ဘူး၊ လက်ရှိ အင်န်အယ်လ်ဒီက ဦးဆောင်လုပ်နေတဲ့ ဖွဲ့စည်းပုံ ပြင်ရေးဟာ ဥပဒေနဲ့ မညီဘူး၊ NCA အရ ပြည်ထောင်စု သဘောတူညီချက်ကို အခြေခံပြီး ပြင်ချင်တယ် ဆိုရင်တောင် ဖွဲ့စည်းပုံနဲ့အညီ တနည်းအားဖြင့် တပ်မတော် သဘောတူမှ ပြင်လို့ ရနိုင်မယ် ဆိုတာမျိုး ထုတ်ဖော်ပြောဆိုခဲ့ကြကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG