သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရရဲ့ လုံခြုံရေး တပ်လှန့်စာ ငြိမ်းချမ်းရေးကို ထိခိုက်စေမလား


မြန်မာရဲတပ်ဖွဲ့ လုံခြုံရေးယူနေစဉ် (ဓါတ်ပုံ-Yangon Police)
မြန်မာရဲတပ်ဖွဲ့ လုံခြုံရေးယူနေစဉ် (ဓါတ်ပုံ-Yangon Police)

အောက်ဆုံးအဆင့်က ရတဲ့ သတင်းအချက်အလက်တစ်ခုကို ဘာစိစစ်မှုမှ မလုပ်ပဲ ထိပ်ဆုံးအဆင့်ထိ တက်သွားတာမျိုးဆိုရင်တော့ အတော် မဖြစ်သင့်တဲ့ ကိစ္စလို့ ပြောနိုင်ပါတယ်။

အခုရက်ပိုင်း နိုင်ငံရေး စစ်ရေး လောကတင်မက ပြည်သူတွေကပါ စိတ်ဝင်စားတဲ့ သတင်းတစ်ပုဒ်ကတော့ နိုင်ငံတော် သမ္မတရုံးရဲ့ လုံခြုံရေးဆိုင်ရာ သတိပေးချက် လျှို့ဝှက် အဆင့် စာတစ်စောင် ပေါက်ကြားလာတဲ့ ကိစ္စပါပဲ။ စာထဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ချို့ စုပေါင်းပြီး နေပြည်တော်ကောင်စီ နယ်မြေမှာ ဖေါက်ခွဲရေး လုပ်ဖို့ သတင်းရတဲ့ အကြောင်း ဖော်ပြထားပါတယ်။ အဲဒီ အဖွဲ့တွေထဲမှာ AA ရခိုင်တပ်ဖွဲ့၊ KIA ကချင်လက်နက်ကိုင် တပ်ဖွဲ့၊ အစိုးရနဲ့ NCA တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ထိုးထားတဲ့ CNF ချင်းအမျိုးသားတပ်ဦး နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး နာမည်တွေ ပါဝင်နေတော့ ရှင်းကြ၊ လင်းကြ၊ လက်ရှိ အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ထိခိုက်မလား စိုးရိမ်သူတွေက စိုးရိမ်ကြ၊ ဖြစ်ကုန်ပါတယ်။ အခုကိစ္စရဲ့ ပြသနာ ရင်းမြစ်က ဘာဖြစ်မလဲ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကိုရော ထိခိုက်နိုင်မလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

အင်တာနက် လူမှုကွန်ယက်ကနေ တဆင့် ပြင်ပကို ပေါက်ကြားလာတဲ့ စာဟာ နိုင်ငံတော် သမ္မတရုံး၊ နိုင်ငံရေးနဲ့ လုံခြုံရေးဌာနကြီး ကနေ ပြည်ထောင်စုအဆင့် အဖွဲ့အစည်း အားလုံးနဲ့ ပြည်ထောင်စု ဝန်ကြီးဌာန အားလုံးကို အကြောင်းကြားတဲ့စာ ဖြစ်ပါတယ်။ စာထဲမှာ ၂၀၁၉ ခုနှစ် သြဂုတ်လ ၃၀ ရက်နေ့က ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ ထဆောင်ယန်းမြို့နယ်၊ မဲလ ခေါ် ဘဲကလော့ ဒုက္ခသည် စခန်းအနီး ဗိုလ်မှူးဂျော် စခန်းကုန်းမှာ AA ရခိုင်တပ်ဖွဲ့၊ KIA ကချင်လက်နက်ကိုင် တပ်ဖွဲ့၊ CNF ချင်းအမျိုးသားတပ်ဦး နဲ့ KNU ကရင်အမျိုးသားအစည်းအရုံး အဖွဲ့ဝင် စုစုပေါင်း အယောက် ၂၀ လောက် အစည်းအဝေး လုပ်ခဲ့ကြတဲ့အကြောင်း၊ အစည်းအဝေးမှာ ၂၀၁၉ စက်တင်ဘာ ၁၆ ဒါမှမဟုတ်၂၆ ရက်နေ့၊ ဒါမှမဟုတ် အောက်တိုဘာ ၁၆ သို့မဟုတ် ၂၆ ရက်နေ့ နေပြည်တော် ကောင်စီ နယ်မြေမှာ ဖေါက်ခွဲမှု တစ်ခုလုပ်ဖို့ ရက်သတ်မှတ်ခဲ့ကြောင်းနဲ့ အဲလို လုပ်ရတာဟာ ကချင်ပြည်နယ်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ် မြောက်ပိုင်းတွေမှာ တပ်မတော်နဲ့ KIA, AA, TNLA, MNDAA တပ်ဖွဲ့ တိုက်ပွဲဖြစ်ပွားနေတာကို အာရုံလွဲှဖို့၊ ဖိအားလျော့နည်းစေဖို့ ရည်ရွယ်တာဖြစ်ပြီး အဲလို လုပ်ဖို့အတွက် တာဝန်ခွဲဝေတာ၊ လမ်းကြောင်းသတ်မှတ်တာ၊ နေ့ရက် အချိန် အတည်ပြုတာ၊ ဖောက်ခွဲရေးပစ္စည်း သယ်ယူပို့ဆောင်ဖို့ အတည်ပြုတာတွေ ဆွေးနွေးခဲ့ကြတယ်လို့ ဆိုပါတယ်။ စာထဲမှာ ပြည်ထဲရေးဝန်ကြီးဌာနက ပေးပို့တဲ့စာကို ရည်ညွှန်းထားတဲ့အတွက် ဒီစာပါ အချက်အလက်တွေဟာ ပြည်ထဲရေးဝန်ကြီးဌာနက ရရှိပြီး သမ္မတရုံးဆီ ပေးပို့တဲ့ အကြောင်းအရာတွေ ဖြစ်တယ်လို့ နားလည်နိုင်ပါတယ်။

ဒီနေရာမှာ ပထမ ဦးဆုံး စိစစ်ဖို့ လိုတာက စာပါ အကြောင်းအရာ ကိစ္စပါ။ ဒီစာကို ပြည်ထဲရေးဝန်ကြီးဌာန ကနေ သမ္မတရုံးက လက်ခံရရှိတာ ဖြစ်ပါတယ်။ ပြည်ထဲရေး ဝန်ကြီးဌာနကို တပ်မတော်ဘက်က တိုက်ရိုက်ပေးပို့တာလား၊ ဒါမှမဟုတ် အောက်ခြေ ဘယ်ထောက်လှမ်းရေး အဖွဲ့အစည်းက ပေးပို့တယ် ဆိုတာမျိုးကတော့ မသိရပါဘူး။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ထောက်လှမ်းရေး သတင်းရတဲ့ အဖွဲ့အစည်း အဆင့်ဆင့်ဟာ သတင်းပါ အကြောင်းအရာတွေကို အရင် စိစစ်ဖို့ လိုပါတယ်။ စိစစ်ပြီးနောက် မှတ်ချက်နဲ့တကွ အထက်အဆင့်ဆင့် တင်ပြရမှာမျိုးပါ။ အောက်ဆုံးအဆင့်က ရတဲ့ သတင်းအချက်အလက်တစ်ခုကို ဘာစိစစ်မှုမှ မလုပ်ပဲ ထိပ်ဆုံးအဆင့်ထိ တက်သွားတာမျိုးဆိုရင်တော့ အတော် မဖြစ်သင့်တဲ့ ကိစ္စလို့ ပြောနိုင်ပါတယ်။

စာပါ အကြောင်းအရာကို စိစစ်ရင် “ထိုင်းနိုင်ငံ မယ်ဟောင်ဆောင်ခရိုင်၊ ထဆောင်ယန်းမြို့နယ်၊ မဲလ ခေါ် ဘဲကလော့ ဒုက္ခသည် စခန်း” ဆိုတာက စ မှားနေပါပြီ။ မဲလ ဒုက္ခသည်စခန်းဟာ ထိုင်းနိုင်ငံ တာ့ခ် ခရိုင်ထဲမှာ ရှိတာပါ။ နောက်တစ်ချက်က ဖေါက်ခွဲရေး လုပ်မယ် ဆိုပြီး တဲ့ လူအယောက် ၂၀ ကိစ္စပါ။ စာထဲမှာ ဒီလူတွေဟာ AA,KIA,CNF,KNU အဖွဲ့ဝင်တွေလို့ ဆိုထားတဲ့ အတွက် တကယ် ဖြစ်နိုင် မဖြစ်နိုင် အသေအခြာ ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ အကြောင်းကတော့ CNF နဲ့ KNU အဖွဲ့တွေဟာ အစိုးရနဲ့ အပစ်အခတ် ရပ်စဲ ငြိမ်းချမ်းရေး ဆွေးနွေးနေတဲ့ အဖွဲ့တွေ ဖြစ်နေတဲ့အပြင် ချင်းအမျိုးသား တပ်ဦးဆိုရင် မြို့ထဲဝင် ဖေါက်ခွဲရေးလုပ်တဲ့ အစဉ်အလာ မရှိရုံမက ချင်းပြည်နယ်မှာတောင် တကယ့်ကို အပစ်ရပ်ထားတဲ့ အဖွဲ့တစ်ခု ဖြစ်နေလို့ပါ။

နောက်တစ်ချက်က စာထဲမှာ အဲဒီလူတွေ ဖေါက်ခွဲမှု လုပ်ရတဲ့ အကြောင်းရင်း ဖော်ပြရာမှာ ကချင်ပြည်နယ်၊ ရခိုင်နဲ့ ရှမ်းမြောက်မှာ KIA,AA,TNLA,MNDAA အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်နေတာ ရှောင်ရှားဖို့ ဆိုတာမှာလည်း အမှားပါနေပြန်ပါတယ်။ အကြောင်းကတော့ တပ်မတော်နဲ့ ကေအိုင်အေ အဖွဲ့ဟာ ကချင်ပြည်နယ်မှာ တိုက်ပွဲ မဖြစ်ပွားတာ ကာလ အတော်ကြာနေပြီဖြစ်လို့ပါ။ စာပါ အကြောင်းအရာ တစ်ခုလုံးကို ခြုံငုံ ကြည့်လိုက်ရုံနဲ့ ကျွမ်းကျင်သူတွေ မဆိုထားနဲ့ သာမန် နိုင်ငံရေး၊ စစ်ရေး တီးခေါက်မိတဲ့ သူတွေတောင် ဒါ ယုံကြည်ရလောက်တဲ့ သတင်းအချက်အလက် မဟုတ်ဘူးဆိုတာ နားလည်နိုင်ပါတယ်။

ကောင်းပါပြီ။ လုံခြုံရေး သတိ ဆိုတာ ပိုတယ်မရှိ ဆိုတာမျိုး နှလုံးသွင်းပြီး အောက်ခြေက ရတဲ့ ဒီ စိတ်ချယုံကြည်လို့ မရတဲ့ သတင်းမျိုးကို “ အကယ်၍ ဖြစ်လာခဲ့သော်” ဆိုတဲ့ စဉ်းစားနည်းမျိုးနဲ့ အစိုးရိမ်ပိုပြီး ဂရုစိုက် အရေးယူ ကာကွယ်မှု လုပ်မယ် ဆိုရင်လည်း လုပ်လို့ရပါတယ်။ ပထမ တစ်ဆင့်ကတော့ ပြည်ထဲရေးဝန်ကြီးဌာန ဒါမှမဟုတ် တပ်မတော်ဘက်ကနေ နိုင်ငံတော် သမ္မတရုံးဆီ စာပေးပို့ရာမှာ မူရင်း အောက်ခြေက ရလာတဲ့ အချက်အလက်အပြင် မှတ်ချက်တွေ၊ အဆင့်အတန်း သတ်မှတ်ပေးတာတွေကို တာဝန်ယူမှု တာဝန်ခံမှု ရှိရှိ သေခြာ လုပ်ပေးဖို့ လိုပါတယ်။ အောက်ခြေက ရလာတာကို သတင်းအကြမ်းထည် အတိုင်း သမ္မတရုံးဆီ အထိ အရောက်ပို့တာကတော့ လုပ်သင့်တဲ့ အလုပ်မျိုးတော့ မဟုတ်ပါဘူး။ ဒုတိယ တာဝန်ရှိတာက နိုင်ငံတော် သမ္မတရုံးပါ။ ပြည်ထဲရေးဝန်ကြီးဌာနကနေ အကြမ်းအတိုင်း ပို့လာတဲ့ မှန်မယ်၊ မမှန်ဘူး မသေခြာတဲ့ အခုလို သတင်းမျိုးအတွက် လုံခြုံရေး တပ်လှန့် နှိုးဆော်မှု လုပ်ရာမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ထိခိုက်နိုင်မယ့် ကိစ္စတွေကို အထူး သတိထား ဆောင်ရွက်ဖို့ လိုပါလိမ့်မယ်။ ဥပမာအားဖြင့် ပြည်ထဲရေးဝန်ကြီးဘက်ကနေ လုံခြုံရေးဆိုင်ရာ သတိပေးချက် ရတယ်၊ အကြမ်းဖက် သမားတွေ နေပြည်တော်မှာ ဒီနေ့ ဒီရက်မှာ ဖေါက်ခွဲရေးလုပ်ဖို့ ဆွေးနွေးတယ် ဆိုတာ သိရတယ်၊ ဒါကြောင့် သတိထားကြပါ ဆိုပြီး တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေရဲ့ နာမည် မတပ်ပဲ ဖြန့်ဝေတာမျိုး ဖြစ်ပါတယ်။

တကယ်တော့ ခုလိုပြသနာ ဒါ ပထမဦးဆုံးအကြိမ် တော့ မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၅-၆ နှစ် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာ ကေအိုင်အေ အဖွဲ့က ဘယ်ဗိုလ်မှူး၊ ကေအဲန်ယူ အဖွဲ့က ဘယ်အရာရှိ ဦးစီးပြီး အကြမ်းဖက် လုပ်ရပ်တွေ လုပ်ဖို့ ဘယ်နေ့က ဘယ်နေရာမှာ ဆွေးနွေးကြတယ်၊ ဘယ်လမ်းကြောင်းကနေ ဆင်းလာကြတော့မယ် စသဖြင့် နေပြည်တော် ဈေးရှေ့မှာ ဆိုင်းဘုတ်ကြီးကပ်ပြီး ပေါ်ပေါ်တင်တင် လူသိထင်ရှား ကြေငြာခဲ့ဖူးပါတယ်။ အဲဒီအချိန် ငြိမ်းချမ်းရေး တည်ဆောက်နေချိန်ဖြစ်ပြီး သက်ဆိုင်ရာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေကလည်း ဝေဖန်၊ ဆိုင်းဘုတ်ကြီးကိုလည်း ပြန်ဖြုတ်လိုက်ရတဲ့ သာဓက ရှိခဲ့ဖူးပါတယ်။ ခုဆိုရင်လည်း ကေအဲန်ယူလို စီအင်န်အက်ဖ် လို အဖွဲ့တွေက ဒီ ဖြန့်ဝေစာကို ကန့်ကွက်ပြောဆိုနေကြပါပြီ။ ဒါဟာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေအပေါ် အများပြည်သူ အထင်အမြင် လွဲမှားအောင် တမင်များ လုပ်လေသလား ဆိုပြီး မေးခွန်းထုတ်လာကြပါပြီ။ ဒါကြောင့် ခုပြသနာဟာ ငြိမ်းချမ်းရေးကို မထိခိုက်ခဲ့ရင်တောင် ယုံကြည်မှုကို ထိခိုက်စေတာကတော့ သေခြာပါတယ်။ အဖြေကတော့ တပ်မတော်အနေနဲ့ ထောက်လှမ်းရေး သတင်းရယူမှု အဆင့်မြင့်လာအောင် လုပ်ဖို့နဲ့ အခုလို လုပ်ကိုင်ဆောင်ရွက်ရာမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို အလေးအနက်ထား စဉ်းစားဖို့ လိုနေပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်


-------------

Unicode Version



XS
SM
MD
LG