သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိန္ဒိယသမ္မတရဲ့ ခရီးစဉ်အပြီး မြန်မာ ဘာတွေ ရလိုက်သလဲ


နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အိန္ဒိယသမ္မတ Ram Nath Kovind (Photo- Myanmar State Counsellor Office)
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် အိန္ဒိယသမ္မတ Ram Nath Kovind (Photo- Myanmar State Counsellor Office)

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၀ ရက်နေ့ကနေ ၁၄ ရက်နေ့အထိ အိန္ဒိယနိုင်ငံ သမ္မတ နဲ့ အဖွဲ့ မြန်မာနိုင်ငံကို ချစ်ကြည်ရေး ခရီး လာရောက်လည်ပတ်ခဲ့ပါတယ်။ ၅ ရက်တာ ခရီးစဉ်အပြီး နှစ်နိုင်ငံ ပူးတွဲ ထုတ်ပြန်ချက်ဟာ မြန်မာဘာသာနဲ့ ဆို (၈) မျက်နှာလောက် ရှိပြီး နှစ်နိုင်ငံ သဘောတူညီချက်တွေ၊ နှစ်နိုင်ငံ ဆွေးနွေးမှုတွေ၊ နှစ်နိုင်ငံ ရည်မှန်းချက်တွေအကြောင်း အသေးစိတ် ဖော်ပြထားတာ တွေ့ရပါတယ်။ ပြောရရင် အိန္ဒိယ သမ္မတ ရဲ့ မြန်မာနိုင်ငံ ခရီးစဉ်ဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၈ ရက်နေ့က နေပြည်တော်မှာ မြန်မာအစိုးရနဲ့ တရုတ် CITIC ကုမ္ပဏီတို့ ကျောက်ဖြူရေနက်ဆိပ်ကမ်း မူဘောင်သဘောတူညီချက် တစ်ရပ်ကို လက်မှတ်ရေးထိုးပြီးနောက် သိပ်မကြာခင် ရောက်ရှိလာတဲ့ ခရီးစဉ်ပါ။ လက်ရှိ အိန္ဒိယနိုင်ငံရဲ့ မြန်မာနိုင်ငံအပေါ် ကူညီမှု၊ ရင်းနှီးမြှုပ်နှံမှု၊ စိတ်ဝင်စားမှု အခြေအနေ ဘယ်လို ရှိနေသလဲ၊ တရုတ်ရဲ့ ကြီးမားလှတဲ့ ရင်းနှီးမြှုပ်နှံမှုနဲ့ စီမံကိန်းကြီးတွေကို ယှဉ်ပြိုင် စိန်ခေါ်နိုင်စွမ်း ရှိပါရဲ့လား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အိန္ဒိယ သမ္မတရဲ့ ခရီးစဉ်အပြီး မြန်မာဘက်က ဘယ်လို အကျိုးအမြတ်တွေ ရသလိုက်သလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

အိန္ဒိယရဲ့ မြန်မာ အပါအဝင် သူ့အရှေ့ဘက်နိုင်ငံတွေအပေါ် ထားတဲ့ အရင် မူဝါဒဟာ Look East Policy ဖြစ်ပြီး အခုနောက်ပိုင်း Act East Policy အဖြစ် ပြောင်းလဲ ကျင့်သုံးပါတယ်။ မြန်မာလို လွယ်လွယ်ပြောရရင် အရှေ့မျှော် မူဝါဒ ကနေ အရှေ့ဘက်မှာ အကောင်အထည် ဖော် ဆိုတဲ့ မူဝါဒ အဖြစ် ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ လောလောဆယ် အိန္ဒိယ သမ္မတရဲ့ ခရီးစဉ် အတွင်း ချုပ်ခဲ့တဲ့ သဘောတူညီချက်၊ အကူအညီပေးမှု၊ ဆွေးနွေးမှု စတာတွေကိုကြည့်ရင် မြန်မာဘက်မှာ အိန္ဒိယ က ဘာတွေ မျှော်မှန်းချက်ထားတယ်၊ ဘာတွေ လုပ်ချင်ကိုင်ချင်တယ် ဆိုတာ ပေါ်လာပါလိမ့်မယ်။ အိန္ဒိယ သမ္မတ ရဲ့ ခရီးစဉ်အတွင်း အိန္ဒိယ ဘက်က အကောင်အထည် ဖော်နေတာ ကာလ ကြာနေပြီဖြစ်တဲ့ ကုလားတန် ဘက်စုံသုံး သယ်ယူပို့ဆောင်ရေး စီမံကိန်းနဲ့ ပတ်သက်ပြီး အသေးစိတ် သဘောတူညီချက် ရယူခဲ့ပါတယ်။ အဲဒါကတော့ စစ်တွေဆိပ်ကမ်းနဲ့ ပလက်၀ ဆိပ်ကမ်းတွေမှာ အိန္ဒိယ ဘက်က ခန့်အပ်မယ့် ဆိပ်ကမ်းဆိုင်ရာ စီမံခန့်ခွဲသူ ခန့်ထားရေး ကိစ္စ၊ ပလက်၀ ကနေ အိန္ဒိယ နယ်စပ် ဇိုရမ်ပူကို လမ်းဖေါက်လုပ်ရေးကိစ္စ စတာတွေ ပါဝင်ခဲ့ပါတယ်။

တကယ်တော့ အိန္ဒိယနိုင်ငံကနေ ရခိုင်ပြည်နယ် မှာ လာပြီး အကောင်အထည် ဖော်နေတဲ့ ကုလားတန်မြစ် စီမံကိန်းဟာ ကာလကြာရှည်နေပါပြီ။ ရည်ရွယ်ချက်ကတော့ အိန္ဒိယရဲ့ ဝေးလံခေါင်ဖျားပြီး လမ်းပန်းဆက်သွယ်ရေး အတော့်ကို ခက်ခဲတဲ့ နိုင်ငံ့ အရှေ့မြောက်ဘက် မြန်မာနယ်စပ်နဲ့ ထိစပ်နေတဲ့ ဖွံ့ဖြိုးတိုးတက်မှု နောက်ကျနေတဲ့ ပြည်နယ်တွေကို ရေလမ်းခရီးကနေ ဆက်စပ် ထောက်ပံ့ ကူညီပေးဖို့ပါပဲ။ အိန္ဒိယ ဆိပ်ကမ်းမြို့တွေကနေ လာမယ့် ကုန်သင်္ဘောတွေ၊ ရခိုင်ပြည်နယ် စစ်တွေ ဆိပ်ကမ်းကိုရောက်၊ အဲဒီကမှ တဆင့် ကုလားတန် မြစ်ကြောင်းအတိုင်း ပလက်၀ အထိ ဆန်တက်၊ ပလက်၀ ကနေ တဆင့် အိန္ဒိယ နယ်စပ် ဇိုရမ်ပူ အထိ ကားလမ်းဖေါက်ပြီး အဲဒီ လမ်းကြောင်းကနေ တဆင့် ကုန်စည် ကူးသန်းမှုနဲ့ ဆက်သွယ်မှုတွေ လုပ်ဖို့ပါ။ လွယ်လွယ်ပြောရရင် အိန္ဒိယနိုင်ငံဟာ ဖွံ့ဖြိုးမှုနောက်ကျနေတဲ့ သူ့ ပြည်နယ်ကို ထောက်ပံ့ဖို့၊ ဆိပ်ကမ်းမြို့တွေနဲ့ အဲဒီ ပြည်နယ်တွေကို ဆက်သွယ်ဖို့ မြန်မာ့ပိုင်နက်ထဲမှာ လမ်းဖေါက် အသုံးပြုဖု့ိ ရည်ရွယ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ စီမံကိန်းဟာ နှစ်နိုင်ငံ အကျိုးရှိစေမယ့် စီမံကိန်းမျိုးပါ။

အိန္ဒိယ ဘက်က နောက်ထပ် အားစိုက် လုပ်နေတာကတော့ အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ အမြန်လမ်းမကြီး တစ်ခု ပေါ်ပေါက်လာဖို့ မြန်မာဘက်က လမ်းတွေ၊ တံတားတွေကို တည်ဆောက် ဖေါက်လုပ်ပေးနေတဲ့ ကိစ္စပါ။ အထူးသဖြင့် မြန်မာနိုင်ငံ ချင်းပြည်နယ်ထဲက လမ်းနဲ့ တံတားတွေအတွက် အိန္ဒိယ ဘက်က ငွေကြေးထောက်ပံ့ ကူညီ ဆောက်လုပ်ပေးနေပါတယ်။ အိန္ဒိယ နယ်စပ်ကနေ မြန်မာနိုင်ငံ ချင်းပြည်နယ်ကိုဖြတ် မန္တလေးကနေ တဆင့် ထိုင်းနိုင်ငံနယ်စပ်အထိ ရောက်တဲ့ လမ်းကနေ ကုန်သွယ်ရေး လုပ်ငန်းတွေ လုပ်နိုင်ဖု့ိပါ။ ဒီအတွက် အိန္ဒိယ သမ္မတ ခရီးစဉ်အတွင်း မန္တလေးနဲ့ အင်ဖာလ် အကြား တမူး-မိုရေး နယ်စပ်ဂိတ်ကနေ တဆင့် ခရီးသည်တင် ဘတ်စ်ကား ပြေးဆွဲဖို့၊ ခရီးသည်နဲ့ ကုန်စည်တွေ နယ်စပ်ဖြတ် သွားလာနိုင်မယ့် နှစ်နိုင်ငံ မော်တော်ယာဉ် ဖြတ်သန်းသွားလာရေး သဘောတူ စာချုပ် ချုပ်ဆိုရေး လုပ်ငန်း စတင်ဖို့၊ နယ်စပ်ဈေးတွေ အမြန်ဆုံး ဖွင့်လှစ်နိုင်ဖို့ သဘောတူခဲ့ကြတယ်လို့ သိရပါတယ်။

ပူးတွဲကြေငြာချက်ပါ ကျန်တဲ့ အချက်တွေကတော့ အိန္ဒိယ ကနေ မြန်မာဘက်ကို အကူအညီပေးတဲ့ ကိစ္စပါ။ အခုဆိုရင် နှစ်နိုင်ငံ ကုန်သွယ်ရာမှာ အရေးပါတဲ့ ကလေး လေဆိပ် အဆင့်မြှင်ရေး အိန္ဒိယ ဘက်က အသေးစိတ် အစီရင်ခံစာ လုပ်ထားပြီး နောက်ပိုင်း ငွေကြေး တွက်ချက်၊ အိန္ဒိယ ဘက်ကလည်း တစ်စိတ်တစ်ပိုင်း ကူညီမယ်လို့ ကမ်းလှမ်းထားပါတယ်။ လက်ရှိ အိန္ဒိယ ရှေးဟောင်းသုတေသန ဌာနဟာ ပုဂံက စေတီ ၉၂ ဆူ ပြုပြင်ထိန်းသိမ်းခြင်း လုပ်ငန်း လုပ်ပေးနေသလို၊ ရေဆင်းစိုက်ပျိုးရေး တက္ကသိုလ်ထဲမှာလည်း စိုက်ပျိုးရေး သုတေသန နဲ့ ပညာရေး ဗဟိုဌာန တစ်ခု ဆောက်လုပ် ဖွင့်လှစ်ပေးခဲ့ပါတယ်။

လက်ရှိအချိန်ထိ အိန္ဒိယ အစိုးရဟာ သူ့ရဲ့ လမ်းပန်းဆက်သွယ်ရေး ခက်ခဲပြီး ဆင်းလည်း ဆင်းရဲတဲ့ အရှေ့မြောက် ပြည်နယ်တွေ ထောက်ပံ့ ဖွံ့ဖြိုးရေး လုပ်ငန်းတွေအတွက်လောက်ပဲ ရည်မှန်းချက်ထားပြီး မြန်မာဘက် အခြမ်း ကူညီမှုနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်နေတာ တွေ့ရပါတယ်။ အိန္ဒိယ- မြန်မာ- ထိုင်း သုံးနိုင်ငံ နယ်စပ်ကနေ တဆင့် ကုန်သွယ်ဖို့ ဆိုတာကလည်း အဲဒီ ဆင်းရဲတဲ့ ပြည်နယ်နဲ့ လုပ်ကိုင်ရမယ့် ကုန်သွယ်ရေး လုပ်ငန်း ဖြစ်တာမို့ သိပ်ပြီး ကြီးကျယ်မယ့် ပုံတော့ မတွေ့ရသေးပါဘူး။ ဒီကနေ့ အချိန်ထိ အိန္ဒိယ ဘက်က မြန်မာနိုင်ငံမှာ လာပြီး ရင်းနှီးမြှုပ်နှံထားတဲ့ ပမာဏဟာ ဒေါ်လာ သန်း ၇၆၀ ကျော်လောက်ပဲ ရှိသေးတာမို့ ပြောပလောက်အောင် မများသေးပါဘူး။ ရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ဘီလျံ ၂၀ ကျော်ရှိနေပြီဖြစ်တဲ့ တရုတ်နဲ့ နှိုင်းယှဉ်ရင် မဆိုစလောက် ပမာဏ လို့တောင် ပြောနိုင်ပါတယ်။ ဒီလိုဖြစ်ရတာကလည်း အကြောင်းရှိပါတယ်။ အိန္ဒိိယဟာ သူ့ပြည်တွင်းမှာကို ဆင်းရဲတဲ့ ပြည်နယ်တွေ အများကြီးရှိနေပြီး ပြည်တွင်း ရင်းနှီးမြှုပ်နှံမှုကို အများကြီး လုပ်ဖို့ လိုနေသေးတဲ့ နိုင်ငံပါ။ တရုတ်လို ကမ္ဘာအနှံ့ ဖြန့်ကျက် ရင်းနှီးမြှုပ်နှံတဲ့ နိုင်ငံအဆင့် ရောက်မလာသေးပါဘူး။

ဒါတင်မက အိန္ဒိယ ရင်းနှီးမြှုပ်နှံမှုရဲ့ သဘာ၀ ကိုက အတော်လေးကို အချိန်ယူပြီး လေးလံတဲ့ အနေအထား ရှိပါတယ်။ ဒါကြောင့်လဲ မြန်မာနိုင်ငံထဲ ရင်းနှီးမြှုပ်နှံမှု နည်းပါးသလို၊ ရှိပြီးသား စီမံကိန်းတွေကလည်း နှေးကွေးလွန်းတာ တွေ့ရပါတယ်။ ဒီလို အခြေအနေအောက်မှာ တရုတ်ရဲ့ မြန်မာနိုင်ငံအတွင်း စီးပွားရေး နယ်ပယ်ချဲ့ထွင်မှုကို ယှဉ်ပြိုင်နိုင်စွမ်း မရှိပါဘူး။ ခုဆိုရင် တရုတ်ဟာ အိန္ဒိယ သမုဒ္ဒယာကို အသုံးပြုမယ့်ရင်းနှီးမြှုပ်နှံမှု ပမာဏ ကြီးမားတဲ့ ကျောက်ဖြူရေနက် ဆိပ်ကမ်းစီမံကိန်းကိုတောင် စ တင်လိုက်နိုင်ပါပြီ။

ဘယ်လိုပဲဖြစ်ဖြစ် အိန္ဒိယ သမ္မတရဲ့ ခရီးစဉ်အပြီး ထုတ်ပြန်ချက်မှာ မြန်မာ အစိုးရရဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဆောင်ရွက်မှုတွေကို အပြည့်အ၀ ထောက်ခံသလို၊ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ပေါ်ထွန်းလာရေး မြန်မာကို ဆက် အကူအညီပေးသွားမယ်လို့ ကြေငြာခဲ့ပါတယ်။ ဒါ့အပြင် ရှုတ်ထွေး နက်နဲ့တဲ့ ရခိုင်ပြည်နယ်အရေး မြန်မာအစိုးရ ဖြေရှင်း ဆောင်ရွက်နေတာတွေကို အားပေးကူညီသွားမယ်လို့ ဆိုလိုက်တဲ့အတွက် သူ့ခရီးစဉ်ဟာ စီးပွားရေးနဲ့ ရင်းနှီးမြှုပ်နှံမှု အတွက် ကြီးကြီးကျယ်ကျယ် အပံ့အပိုး မဖြစ်စေပေမယ့် အနောက်နိုင်ငံတွေရဲ့ ဝေဖန်ပြစ်တင်တာ ခံနေရတဲ့ မြန်မာနိုင်ငံအတွက် နိုင်ငံရေးအရတော့ အရေးပါတဲ့ အားပေးထောက်ခံမှု တစ်ခု ရခဲ့ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG