သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

ဂျာနယ်လစ်ဆိုတာ တိုင်းပြည်ပုံရိပ် ကောင်းအောင် မြှင့်တင်နိုင်သူတွေလား


ပြန်ကြားရေးဝန်ကြီး ဦးဖေမြင့် (MOI)

ပြီးခဲ့တဲ့ ဒီဇင်ဘာ ၅ ရက်နေ့က နေပြည်တော်မှာ (၇) ကြိမ်မြောက် မီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ ကျင်းပပါတယ်။ ညီလာခံ ဖွင့်ပွဲမှာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် အဖွင့် အမှာစကား ပြောခဲ့ပြီး နေ့မကူးခင်မှာကိုပဲ မြန်မာဂျာနယ်လစ် ကွန်ယက်၊ ပဲန်မြန်မာ အပါအ၀င် မီဒီယာ အဖွဲ့အစည်း ၁၆ ခုက သူ့မိန့်ခွန်းပါ အချက်တစ်ချို့ကို ကန့်ကွက်ကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့ကြပါတယ်။ အဲဒီ ကန့်ကွက်ချက်ထဲမှာ ပြန်ကြားရေးဝန်ကြီး ပြောခဲ့တဲ့ ဂျာနယ်လစ်တွေဟာ နိုင်ငံချစ်စိတ်၊ အမျိုးသားရေး စိတ်လည်း ရှိဖို့ လိုတယ် ဆိုတဲ့အချက်လည်း ပါဝင်ပါတယ်။ နိုင်ငံချစ်စိတ်၊ အမျိုးသားရေး စိတ် ဆိုတာနဲ့ ပတ်သက်ပြီး ညီလာခံ မှာ ပြန်ကြားရေးဝန်ကြီး ဘာတွေ ပြောခဲ့သလဲ၊ ဘာကြောင့် အဲလို သူ ပြောရသလဲ၊ ဂျာနယ်လစ်တွေဟာ နိုင်ငံ့ပုံရိပ် ကောင်းအောင် မြှင့်တင်နိုင်သူတွေ ဟုတ်ရဲ့လား ဆိုတာ ခုတစ်ပတ် လေ့လာ ဆွေးနွေးကြည့်ကြရအောင်ပါ။

ညီလာခံမှာ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့် ပြောခဲ့ပြီး အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့တာကတော့ “ နိဂုံးချုပ် အနေဖြင့် ပုဂ္ဂိုလ်နှစ်ဦးဇ။် စကားကို ကိုးကားလိုပါကြောင်း၊ ပထမ တစ်ခုမှာ သတင်းမီဒီယာကောင်စီ ဒုဥက္ကဌ ဦးကျော်နိုင် ခေါ် ဆရာထက်မြက် ရဲ့ စကားဖြစ်ပါကြောင်း၊ မကြာမီက အင်တာဗျူးတစ်ခုတွင် ဆရာထက်မြက်က “ သတင်းသမားတွေ အနေနဲ့ ဘာ ရှိသင့်သလဲ ဆိုတော့ နိုင်ငံအပေါ် နိုင်ငံရဲ့ အရေးအပေါ် လေးနက်မှု ရှိဖို့ လိုတယ်၊ နိုင်ငံကို ချစ်တဲ့စိတ်နဲ့ အမျိုးသားရေးစိတ်လည်း ရှိဖို့ လိုလိမ့်မယ်” ဟု ပြောကြားခဲ့ပါကြောင်း၊ မိမိနှင့် သဘောထားခြင်း တူပါကြောင်း။ ဂျာနယ်လစ် တစ်ဦးသည် အများပြည်သူကို မှန်ကန်သော သတင်းအချက်အလက် ပေးရန် တာဝန်ရှိပါကြောင်း၊ ယင်းမှာ သတင်းသမား တစ်ဦး အနေဖြင့် သူ၏ အရေးကြီးသော တာဝန် ဖြစ်ပါကြောင်း၊ တချိန်တည်းတွင် သူသည် နိုင်ငံသား တဦးဖြစ်ပါကြောင်း၊ နိုင်ငံသား တဦးအနေဖြင့် နိုင်ငံချစ်စိတ်၊ နိုင်ငံကို ကာကွယ်စောင့်ရှောက်လိုသည့် စိတ်များလည်း သူ့မှာ ရှိရန် လိုအပ်သည်ဟု ပြောလိုပါကြောင်း” ဆိုပြီး ပြောခဲ့ပါတယ်။

အဲဒီအကြောင်းအရာကိုပဲ သတင်းမီဒီယာကောင်စီဝင်တွေ ကတိသစ္စာပြုတဲ့ အခမ်းအနားမှာ သမ္မတ ဦးဝင်းမြင့် ပြောတာကိုလည်း ဆက်ပြီးကိုးကားပြပါတယ်။ သမ္မတ ဦးဝင်းမြင့်က “ နိုင်ငံတကာ အသိုင်းအ၀ိုင်းအလယ်မှာ ကျနော်တို့အား မွေးဖွားပေးလိုက်တဲ့ အမိနိုင်ငံတော်ရဲ့ ပုံရိပ်မြင့်မားလာအောင်၊ ကျနော်တို့ နိုင်ငံသားများရဲ့ ဂုဏ်သိက္ခာ ပိုမိုမြင့်တက်လာအောင် သတင်းမီဒီယာရဲ့စွမ်းအားနဲ့ ပုံဖော်ပေးနိုင်ကြပါစေ” ဆိုပြီးဖြစ်ပါတယ်။ ဒီနေရာမှာ ၀န်ကြီး ဒေါက်တာဖေမြင့် အနေနဲ့ ဂျာနယ်လစ်တွေကို ဘာကြောင့် နိုင်ငံချစ်စိတ် ရှိရမယ်၊ အမျိုးသားရေးစိတ် ရှိဖို့ လိုမယ်၊ နိုင်ငံကို ကာကွယ် စောင့်ရှောက်လိုတဲ့ စိတ် ရှိဖို့ လိုတယ်၊ သတင်းမီဒီယာ စွမ်းအားနဲ့ နိုင်ငံ့ပုံရိပ်၊ နိုင်ငံသားတွေရဲ့ ဂုဏ်သိက္ခာ ပိုမြင့်တက်လာအောင် စွမ်းဆောင်ပေးဖို့ လိုတယ် ဆိုတာ ရှင်းပြထားတာမျိုးတော့ မတွေ့ရပါဘူး။ ဖြစ်နိုင်တာ တစ်ခုက ဒီကနေ့ မြန်မာနိုင်ငံတွင်းက သတင်းမီဒီယာတွေနဲ့ ဂျာနယ်လစ်တွေရဲ့ လုပ်ဆောင်ချက်တွေဟာ နိုင်ငံချစ်စိတ်မရှိ၊ အမျိုးသားရေးစိတ် မရှိ၊ နိုင်ငံ့ဂုဏ်ကိုလည်း မြှင့်တင်မပေးပဲ နေတယ်လို့ ၀န်ကြီးနဲ့ အစိုးရအဖွဲ့က ထင်မြင် ယူဆထားလို့ ဖြစ်ပုံရပါတယ်။ ဒါပေမယ့် ဘယ်သတင်းဖော်ပြချက်တွေ၊ ဘယ်လို အချက်အလက်တွေကိုကြည့်ပြီး အဲဒီလိုကောက်ချက်ချ၊ ပြောဆိုခဲ့သလဲ မသိကြရပါဘူး။

ဒီနေရာမှာ သုံးသပ်လို့ရတာ တခုကတော့ မြန်မာနိုင်ငံမှာ ဖြစ်ပွားနေဆဲ ပြည်တွင်းစစ်၊ ရခိုင်ပြည်နယ် က မူဆလင်တွေရဲ့ ပြသနာ၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ မူဆလင် သိန်းနဲ့ချီ ထွက်ပြေးခဲ့ရမှု စတာတွေနဲ့ ပတ်သက်ရင် ကမ္ဘာမှာ အစိုးရနဲ့ တပ်မတော် ပုံရိပ် မကောင်းပါဘူး။ အဲလို ပုံရိပ် မကောင်းတဲ့ကိစ္စ နိုင်ငံတကာ မီဒီယာတွေမှာ ဘက်လိုက်မှုတွေရှိနေတယ်၊ ပြည်တွင်း မီဒီယာတွေကလည်း နိုင်ငံ့ပုံရိပ် မြှင့်တင်ရေးမှာ တာဝန်မကျေဘူး လို့ ခံစားသုံးသပ်ထားကြပုံရပါတယ်။

ဒီနေရာမှာ ပြောစရာ နှစ်ချက် ရှိပါတယ်။ ပထမ တစ်ချက်ကတော့ နိုင်ငံချစ်စိတ် နဲ့ အမျိုးသားရေး စိတ် ဆိုတဲ့ စကားလုံးဖြစ်ပါတယ်။ အဲဒီအထဲမှာမှ အမျိုးသားရေး စိတ် ဆိုတာ ဘာသာပြန် စာရေးဆရာ ထက်မြက်ရဲ့ ပြောစကား ဖြစ်နေတော့ ဒီနေရာမှာ အကျယ် မဆွေးနွေးပြလိုတော့ပါဘူး။ ၀န်ကြီးဦးဖေမြင့်ရဲ့ နိုင်ငံချစ်စိတ် အကြောင်းပဲ ရှင်းပြချင်ပါတယ်။

တကယ်တော့ နိုင်ငံသားတစ်ယောက်အနေနဲ့ နိုင်ငံချစ်စိတ် ရှိရမယ် ဆိုတဲ့ စကားဟာ အထူးတလည် ပြောရမယ့် စကားထဲမှာ မပါပါဘူး။ စစ်ဗိုလ်၊နိုင်ငံရေးသမား၊ လွှတ်တော်အမတ်၊ နိုင်ငံ့ဝန်ထမ်း၊ ဂျာနယ်လစ်၊ ကုန်သည် ဘယ်သူဖြစ်ဖြစ် အားလုံးနိုင်ငံသားတွေ ဖြစ်နေတဲ့အတွက် နိုင်ငံချစ်စိတ် ရှိရမယ် ဆိုတာ အမှန်တရား တခုပါ။ ဒီ နေရာမှာ ဘယ်လို အပြုအမူမျိုးဟာ နိုင်ငံချစ်စိတ် ရှိတဲ့ အပြုအမူ လုပ်ရပ် ဖြစ်တယ် ဆိုတာ ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ ကိုယ့်နိုင်ငံကို ကမ္ဘာ့အလည်မှာ တင့်တင့်တယ်တယ် ဖြစ်အောင်၊ မြန်မာနိုင်ငံဟာ နိုင်ငံတကာ အလည်မှာ ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာတဲ့ နိုင်ငံဖြစ်အောင်၊ မြန်မာလူမျိုးတွေ ဆိုတာ ပညာတတ်၊ ယဉ်ကျေးမှုမြင့်၊ လူ့အခွင့်အရေးကို လေးစားလိုက်နာ၊ အခြား ဘယ်သူတွေအပေါ်ကို မဆို မျှမျှတတ ဆက်ဆံ၊ အနိုင်ကျင့်မှု၊ မတရားမှုတွေကို ဆိုလည်း ရဲရဲဝံ့ဝံ့ တုန့်ပြန် တိုက်ခိုက် အနိုင်ယူ ဆိုတာမျိုး ကြိုးစားလုပ်ကိုင်တဲ့ လုပ်ရပ်မျိုးဟာ နိုင်ငံတကာက တကယ်လေးစားတဲ့ နိုင်ငံချစ်စိတ်ရှိတဲ့ လုပ်ရပ်မျိုးလို့ သတ်မှတ်နိုင်ပါလိမ့်မယ်။ ငါတို့ဟာ နိုင်ငံချစ်စိတ် ရှိတယ်၊ မျိုးချစ်စိတ် ရှိတယ် ဆိုတာ စကားလုံးသက်သက် ကြွေးကြော်ပြီး ကိုယ့်လူမျိုးအချင်းချင်း ဖိနှိပ်၊ ကိုယ့် တိုင်းရင်းသား အချင်းချင်း ဖိနှိပ်၊ ကိုယ့်နိုင်ငံထဲ နေသူတွေကို ခွဲခြား ဖိနှိပ်ပြီး ကမ္ဘာအလည်မှာ အရှက်တကွဲ အကျိုးနည်းဖြစ်အောင် လုပ်နေတာတွေ၊ တိုင်းပြည်ကို ဆင်းရဲမွဲပြာကျစေပြီး ကိုယ့်တိုင်းသူပြည်သားတွေကို ပညာမဲ့၊ ဆင်းရဲမွဲတေ၊ လူ့အဆင့်အတန်း နိမ့်အောင် လုပ်နေတာမျိုးကိုတော့ နိုင်ငံချစ်စိတ် ရှိတယ့်လုပ်ရပ်လို့ ခေါ်နိုင်မှာ မဟုတ်ပါဘူး။ ဒီအတွက် နိုင်ငံချစ်စိတ် ရှိရမယ်လို့ ပြောဆိုနေကြတဲ့ ၀န်ကြီး ဦးဖေမြင့်၊ နိုင်ငံတော် သမ္မတ နဲ့ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် အစိုးရအဖွဲ့ဝင်တွေဟာ အဲဒီအချက်တွေကို ရှင်းရှင်းလင်းလင်း ခွဲခြား ပြောဆိုကြဖို့ လိုပါတယ်။

နောက်တချက်ကတော့ သတင်းမီဒီယာသမား ဂျာနယ်လစ်တွေရဲ့ တာဝန်ပါ။ တကယ်တန်းပြောရရင် ဂျာနယ်လစ်တွေဆိုတာ နိုင်ငံကို တည်ဆောက်ဖန်တီး ပုံဖော်နေတဲ့သူတွေ မဟုတ်တဲ့အတွက် နိုင်ငံ့ပုံရိပ်၊ ကောင်းအောင်၊ ဒါမှမဟုတ် ဆိုးအောင် ဘာမှ တတ်နိုင်တဲ့သူတွေ မဟုတ်ပါဘူး။ နိုင်ငံ့ပုံရိပ် ကောင်းအောင် ဆိုးအောင် လုပ်နိုင်သူတွေဟာ မြန်မာနိုင်ငံမှာ အစိုးရ၊ တပ်မတော်၊ ဌာနဆိုင်ရာ ၀န်ထမ်းတွေ က အဓိက ဖြစ်ကြပါတယ်။ သူတို့တွေ ပုံဖော်တဲ့နောက် ကျန် ကုန်သည်ပွဲစား တိုင်းသူပြည်သားတွေက လိုက်ပါကြရတာပါ။ ဂျာနယ်လစ်တွေကတော့ အဲဒီ အစိုးရ၊ တပ်မတော်၊ ဌာနဆိုင်ရာတွေ လုပ်တဲ့ အလုပ်တွေကို အမှန်ကို အမှန်အတိုင်း တိုင်းပြည်က၊ နိုင်ငံတကာက သိအောင် လုပ်ပေးရတာမျိုးဖြစ်ပြီး နိုင်ငံ့ပုံရိပ် အကောင်းကို အဆိုးဖြစ်အောင်၊ အဆိုးကို အကောင်းဖြစ်အောင် ဖန်တီးနိုင်သူတွေ၊ တတ်နိုင်ကြသူတွေ မဟုတ်ပါဘူး။

နောက်တစ်ခု အစိုးရဘက်က နားလည်ဖို့ လိုတာက ဂျာနယ်လစ်တွေရဲ့ လူ့အဖွဲ့အစည်းအတွင်း မှားယွင်းနေတာတွေ၊ ဖေါက်ပြန်နေတာတွေ၊ ဆိုးရွားတာတွေကို ဖော်ထုတ်နေရတဲ့ တာဝန်ပါ။ အမေရိကန်ပြည်ထောင်စုမှာ တစ်ချိန်က ဂျာနယ်လစ်တွေက ဗီယက်နမ်စစ်ပွဲကို ဆန့်ကျင်ခဲ့ကြတာ၊ ၀ါးတားဂိတ် အရှုပ်တော်ပုံကို ဖော်ထုတ်ပြီး သမ္မတ နစ်ဆင်ကို ပြုတ်ကျအောင် အထိ လုပ်ခဲ့ကြတာဟာ နိုင်ငံ့ပုံရိပ်ကျဆင်းအောင် လုပ်ခဲ့ကြတာမျိုး မဟုတ်ပဲ နိုင်ငံကို ပိုကောင်းမွန်တဲ့ လမ်းကြောင်းဆီ သွားဖို့ နိုင်ငံချစ်စိတ်နဲ့ လုပ်ခဲ့ကြတာမျိုးတွေပါ။ အလားတူ မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ မတရားမှုတွေ၊ ဖိနှိပ်မှုတွေ၊ အဂတိလိုက်စားမှုတွေ၊ မမှန်ကန်မှုတွေကို ဖော်ထုတ် တင်ပြဖို့ ကြိုးစားနေတာကလည်း နိုင်ငံ့ပုံရိပ် ကျဆင်းဖို့ လုပ်နေတာမျိုး မဟုတ်ပဲ နိုင်ငံကို ကောင်းတဲ့ဘက် ရောက်အောင် နိုင်ငံ့ချစ်စိတ်နဲ့ မြှင့်တင်နေတဲ့ လုပ်ရပ်တွေအဖြစ် နားလည် အသိအမှတ်ပြုဖို့ လိုပါတယ်။ ဒီလိုမှမဟုတ်ပဲ နိုင်ငံ့ပုံရိပ် ကျဆင်းအောင် တကယ် ပြုမူနေသူတွေကို ထောက်ပြ၊ ပြောဆို ဝေဖန်ဖို့ မ၀န့်ရဲပဲ ဂျာနယ်လစ်တွေကိုပဲ နိုင်ငံချစ်စိတ်နဲ့ နိုင်ငံ့ပုံရိပ်ကောင်းအောင် လုပ်ကြပါလို့ ပြောနေတာမျိုးကတော့ လွဲမှားနေပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG