သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကြီး ရဲ့ ရည်ရွယ်ချက် ဘာဖြစ်မလဲ


 ဇွန်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန် ရွာမ ပရိယတ္တိ စာသင်တိုက်မှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကြီး ရဲ့ နှစ်ပတ်လည် အစည်းအဝေး
ဇွန်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန် ရွာမ ပရိယတ္တိ စာသင်တိုက်မှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကြီး ရဲ့ နှစ်ပတ်လည် အစည်းအဝေး

ပြီးခဲ့တဲ့ ဇွန်လ ၁၇ ရက်နေ့က ရန်ကုန်မြို့ အင်းစိန် ရွာမ ပရိယတ္တိ စာသင်တိုက်မှာ အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓ ဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကြီး ရဲ့ နှစ်ပတ်လည် အစည်းအဝေး တစ်ခု ကျင်းပပါတယ်။ ဒီ အဖွဲ့ဟာ နဂို မဘသ အဖွဲ့ကြီးကို နာမည်ပြောင်းထားတဲ့ အဖွဲ့ဖြစ်ပြီး နိုင်ငံတော် သံဃာ့မဟာနာယက (မဟန) အဖွဲ့ကြီးက တရားမဝင်ပါဘူးလို့ ကြေငြာထားတဲ့ အဖွဲ့ ဖြစ်နေသလို၊ အစည်းအဝေး ကျင်းပရာ နေရာကလည်း အရင် မဘသအဖွဲ့ကြီး ရဲ့ ဌာနချုပ်အဖြစ် အသုံးပြုခဲ့တဲ့ ကျောင်းတိုက်မှာပဲ ကျင်းပခဲ့တာပါ။ ထူးခြားတာ တစ်ခုကတော့ အဲဒီ တရားမဝင်ဘူးလို့ ဆိုတဲ့ အဖွဲ့ကြီးရဲ့ အစည်းအဝေးကို ရန်ကုန်တိုင်း စစ်ဌာနချုပ် တိုင်းမှူး ကိုယ်တိုင် သွားရောက်ပြီး ငွေကြေး ကျပ် သိန်း ၃၀၀ နဲ့ လှူဖွယ်ပစ္စည်းတွေ လှူဒါန်းခဲ့တဲ့ ကိစ္စပါပဲ။ အစည်းအဝေးအပြီးမှာ အဲဒီ အဖွဲ့ကနေ အချက် (၇) ချက်ပါ ကြေငြာချက် တစ်စောင် ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ ကြေငြာချက်မှာ ဘာတွေ ဖော်ပြထားသလဲ၊ အဲဒီအချက်အလက်တွေကရော မှန်ကန်မှု ရှိပါရဲ့လား၊ ဒီ အဖွဲ့ကြီးရဲ့ ရည်ရွယ်ချက် အစစ်အမှန်က ဘာတွေဖြစ်မလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

အချက် (၇) ချက်ပါတဲ့ ကြေငြာချက် နံပတ် (၂)မှာ ခုလို ဖော်ပြထားပါတယ်။ “ လက်ရှိ ဒီမိုကရေစီ အစိုးရလက်ထက်တွင် ဝံသာနုစိတ်ဓာတ်ကဗျာကို ပယ်ဖျက်ခြင်း၊ ဇာတိမာန်သီချင်းကို မလိုတော့ဟု ပြောကြားခြင်း၊ အမျိုးသားရေးဝါဒသည် ဒီမိုကရေစီ၏ အန္တရာယ်ဖြစ်သည်ဟု ပြောကြားခြင်းတို့သည် အမျိုးသားရေး လက္ခဏာကိုဖျက်စီးခြင်းဖြစ်သည်။” ဆိုပြီး ပြင်းပြင်းထန်ထန် ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။ ဒီစာသား ဖော်ပြချက်မှာ ဘယ်သူတွေက၊ ဘယ်မှာ၊ ဘာကို အကြောင်းပြုပြီး ပြောတယ် ဆိုတာမျိုး တိတိကျကျ ဖော်ပြထားတာ မရှိပဲ လက်ရှိ အစိုးရကို ပုံဖျက်လိုတဲ့ ရည်ရွယ်ချက် သက်သက်နဲ့ စွပ်စွဲတာ ဖြစ်နိုင်ပါတယ်။ ကြေငြာချက် နံပတ် (၃) မှာတော့ “ အမျိုးသမီးမဝင်ရဟု ကန့်သတ်ထားသော အောက်စက်တော်ရာကို နိုင်ငံခေါင်းဆောင် အမျိုးသမီးကိုယ်တိုင် ဝင်ရောက်ခြေချခြင်းသည် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းကို ကျော်လွန် ၍ မထီမဲ့မြင်” ဆိုပြီး ကန့်ကွက် ရှုတ်ချထားပြန်ပါတယ်။ မြန်မာနိုင်ငံက တစ်ချို့သော စေတီ ပုထိုးတွေမှာ အမျိုးသမီး မဝင်ရ သတ်မှတ်ထားတာမျိုး ရှိတတ်ပါတယ်။ ဒါပေမယ့် အဲဒီ သတ်မှတ်ချက်တွေဟာ ဗုဒ္ဓဘာသာ ကျမ်းဂန်လာ သတ်မှတ်ချက်တွေ မဟုတ်သလို၊ မြန်မာ့ယဉ်ကျေးမှု ဓလေ့ ထုံးတမ်းစဉ်လာလည်း မဟုတ်ပါဘူး။ အဲဒီ စေတီပုထိုးတွေကို စောင့်ရှောက်ခဲ့တဲ့ ရဟန်းသံဃာ တစ်ချို့ သတ်မှတ်ခဲ့ရာကနေ အဆင့်ဆင့် ဆင်းသက်လာပုံမျိုးပါ။ အခု ဒေါ်အောင်ဆန်းစုကြည် အောက်စက်တော်ရာ ခြေတော်ရာကို ဝင်ရောက် ဖူးမျှော်ခြင်းဟာလည်း ဆရာတော် သံဃာတော်တွေရဲ့ ခွင့်ပြုချက်နဲ့ ဖူးမျှော်ခဲ့တာ ဖြစ်သလို ဘယ်လို မြန်မာ့ယဉ်ကျေးမှုကိုမှ ချိုးဖေါက်ခဲ့တာမျိုး မရှိပါဘူး။

ကြေငြာချက် နံပတ် (၄)မှာတော့“ကလေးသူငယ် အခွင့်အရေးများဆိုင်ရာ ဥပဒေတွင် ပုဒ်မ ၂၁ ၌ နိုင်ငံတော်အတွင်း မွေးဖွားသည့် ကလေးသူငယ်တိုင်းကို မွေးဖွားခြင်း မှတ်ပုံတင်လက်မှတ် ထုတ်ပေးရမယ်ဟူသော ဥပဒေကို ယနေ့ အမျိုးသားလွှတ်တော်၌ အတည်ပြုလိုက်ပြီး ဖြစ်သည်။ ယင်းဥပဒေသည် တရားမဝင် လူမျိုးခြားနိုင်ငံခြား ကလေးသူငယ်များကိုပါ တရားဝင် အသိအမှတ်ပြုရရာ ရောက်သည်။ယင်းသို့ အသိအမှတ်ပြုခြင်းသည် လူမျိုးရေး ဝါးမျိုမှုကို အားပေးရာရောက်သောကြောင့် စစ်မက်ဘေးထက် ပို၍ ကြောက်စရာ ကောင်းပေသည်။” ဆိုပြီး ကန့်ကွက် ရှုတ်ချကြောင်း ဖော်ပြထားပါတယ်။

ဖော်ပြပါ ဥပဒေကို ကျင်းပပြီးသွားတဲ့ ၁၂ ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော်မှာ မဲခွဲ ဆုံးဖြတ် ပြဌာန်းပြီးသွားတဲ့ ဥပဒေ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ မွေးဖွားတဲ့ ကလေးသူငယ်တိုင်းကို မွေးဖွားခြင်း မှတ်ပုံတင် လက်မှတ် ထုတ်ပေးရမယ် တစ်နည်းအားဖြင့် မွေးစာရင်း ထုတ်ပေးရမယ် ဆိုတာဟာ ဒီနိုင်ငံမှာ မွေးဖွားတယ် ဆိုတဲ့ အထောက်အထားပဲ ဖြစ်ပြီး အခြား နိုင်ငံသားဖြစ်မှု တွေနဲ့ လုံး၀ သက်ဆိုင်ခြင်း မရှိပါဘူး။

ကြေငြာချက် ထုတ်ပြန်တဲ့ ဘုန်းတော်ကြီးတွေဟာ လွှတ်တော်အကြောင်း၊ ဥပဒေ အကြောင်း အဓိပါယ်တလွဲယူပြီး အခြား သိပ်ပြီး နားမလည်တဲ့ တိုင်းသူပြည်သား ရဟန်းရှင်လူတွေကို သတင်းအချက်အလက် အမှားအယွင်းပေး ပြီး လှုံ့ဆောတဲ့သဘောသက်ရောက်နေပါတယ်။

ထုတ်ပြန်ချက် နံပတ် ၆မှာတော့ “ဆရာတော် ဦးဝိစိတ္တာဘိဝံသ (ဝီရသူ မစိုးရိမ်) ၏ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ပတ်သက်၍ ပြောဆိုချက်များသည် အပြုသဘောဖြင့် အမှန်တရားကို ဝေဖန်ထောက်ပြခြင်းသာဖြစ်သည်။ အကယ်၍ ဖရုသဝါစာ သဘောဖြစ်ခဲ့သော် သံဃာ့အဖွဲ့အစည်း အဆင့်ဆင့်မှ ရှေးဦးစွာ ဓမ္မစက်ဖြင့် ဆုံးမရမည် ဖြစ်သည် ။ ယင်းလုပ်ထုံးလုပ်နည်းကို ကျော်လွန်၍ တစ်သက်တစ်ကျွန်းထိ ချနိုင်သော ပုဒ်မ ၁၂၄ (က) ဖြင့် စွဲချက်တင်ခြင်းသည် လက်ရှိ ဒီမိုကရေစီအစိုးရ၏ ဥပဒေမဲ့ ဆောင်ရွက်နေခြင်းပင် ဖြစ်သည်။ ထို့ကြောင့် ဤအဖွဲ့ကြီး က သံဃာထုကိုယ်စား ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချလိုက်သည်။” လို့ ဖော်ပြထားပါတယ်။

တကယ်တော့ တိုင်းပြည်မှာ တရားဥပဒေ စိုးမိုးရေးက အခရာ ဖြစ်ပြီး တရားဥပဒေ အထက်မှာ ဘယ်သူမှ ရှိမနေဘူးလို့ လက်ရှိ အစိုးရရော၊ အရင် အစိုးရ အဆက်ဆက်ကပါ ပြောဆို ခဲ့တာ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ အစိုးရအဖွဲ့ ခေါင်းဆောင်ဖြစ်ပြီး ဦးဝီရသူ အနေနဲ့ ဒေါ်အောင်ဆန်းစုကြည် တနည်းအားဖြင့် အစိုးရကို အကြည်ညိုပျက်စေအောင် ပြောဆို ပြုမူမှုတွေကြောင့် တရားစွဲ ခံရတာမျိုးပါ။ ဦးဝီရသူ အနေနဲ့ တရားစီရင်ရေးကို နာခံပြီး တကယ်လို့ တရားရုံးက အပြစ်မရှိဘူးလို့ ဆုံးဖြတ်ရင် လွတ်မြောက် ပါလိမ့်မယ်။ အရင် စစ်အစိုးရ ခေတ် အဆက်ဆက်က ဘုန်းတော်ကြီးတွေ အပေါ် သဘောထားဟာ ခုထက်ပို အများကြီး ကြမ်းတမ်း ရက်စက်ခဲ့တာ သံဃာထုကြီး တစ်ရပ်လုံး သိကြပါတယ်။ ဥပဒေ ချိုးဖေါက်တယ် ဆိုပြီး တိုက်ရိုက် တရားစီရင်ရုံမက ကျောင်းတိုက်ကို ကြမ်းကြမ်းတမ်းတမ်း ဝင်ရောက် စီးနင်း ရိုက်နှက် ဖမ်းဆီး လုပ်ခဲ့တဲ့ သက်သေ အထောက်အထား အများကြီး ကျန်ရစ်ခဲ့ပါတယ်။ ထုတ်ပြန်ချက် နောက်ဆုံး အပိုဒ်မှာတော့ “အထက်ဖော်ပြပါ တိုင်းပြည်နှင့် လူမျိုး ဘာသာသာသနာကို ပျက်စီးအောင် ပြုလုပ်နေသည့် လုပ်ရပ်များနှင့် ပါဝင်လုပ်ဆောင်နေသူများကို ဆန္ဒမဲမပေးခြင်း အပါအဝင် တရားနှင့်အညီ ရသည့်နည်းဖြင့် တွန်းလှန်ဖယ်ရှားကြပါဟု ရဟန်းရှင်လူပြည်သူများအား အမျိုးဘာသာ သာသနာစောင့်ရှောက်ရေး ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကြီးက လေးလေးနက်နက် တိုက်တွန်းလိုက်သည်။” လို့ ဖော်ပြထားပါတယ်။ အဓိပ္ပါယ်ကတော့ ပြည်သူလူထု ရွေးကောက်တင်မြှောက်ထားတဲ့ တည်ဆဲ အစိုးရကို တွန်းလှန် ဖယ်ရှားဖို့ အတိအလင်း နှိုးဆော်လိုက်တာ ဖြစ်ပါတယ်။ မဘသ ကို နာမည်ပြောင်းထားတဲ့ ဗုဒ္ဓဓမ္မ ပရဟိတ ဖောင်ဒေးရှင်းအဖွဲ့ကြီးရဲ့ ထုတ်ပြန်ချက် တစ်ခုလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ဘာသာရေး အဖွဲ့အစည်းကြီး တစ်ခုရဲ့ ထုတ်ပြန်ပုံမျိုးနဲ့ မတူပဲ နိုင်ငံရေးပါတီ တစ်ခု၊ နိုင်ငံရေး အဖွဲ့အစည်း တစ်ခုရဲ့ ပြုမူလှုပ်ရှား ကြေငြာတဲ့ပုံမျိုး တွေ့ရမှာပါ။ ဒါတင်မက တည်ဆဲ အစိုးရကို တွန်းလှန်ဖို့ ဥပဒေနဲ့ မညီတဲ့ ဗြောင်ကျတဲ့ လှုံ့ဆော်မှုမျိုး လုပ်လာတာမို့၊ ဗုဒ္ဓ သာသနာတော်ကြီး အတွက်၊ မြန်မာနိုင်ငံက သံဃာထုကြီးအတွက်၊ တိုင်းပြည် တည်ငြိမ်ရေးနဲ့ တရားဥပဒေ စိုးမိုးရေး အတွက်၊ မြန်မာ့ နိုင်ငံရေးအတွက် ဆိုးကျိုးကိုသာ ဖြစ်ပေါ်စေနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG