သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

AA ကို အကြမ်းဖက်အုပ်စု အဖြစ် သတ်မှတ် ကြေညာသင့်ပါရဲ့လား


ကချင်ပြည်နယ် နယ်စပ်တနေရာမှာ စစ်ရေးလေ့ကျင့်နေတဲ့ အေအေ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ
ကချင်ပြည်နယ် နယ်စပ်တနေရာမှာ စစ်ရေးလေ့ကျင့်နေတဲ့ အေအေ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ဝင်များ

တကယ်တော့ အဖွဲ့အစည်း တစ်ခုကို အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်တော့မယ် ဆိုရင် အဲဒီအဖွဲ့အစည်း ဘာကြောင့် ပေါ်ပေါက်လာရသလဲ၊ ရည်မှန်းချက်က ဘာလဲ၊ ဘာတွေ လုပ်ကိုင်ဆောင်ရွက်နေသလဲ စတာတွေကို အသေအခြာ လေ့လာဆန်းစစ်ကြည့်ဖို့ လိုပါတယ်။

တိုက်ရိုက် လင့်ခ်

Zawgyi/ Unicode

ပြီးခဲ့တဲ့ မတ်လ ၂၃ ရက်နေ့က အစိုးရဟာ AA ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ကို မတရားအသင်း အဖြစ်ကြေငြာလိုက်သလို၊ တပြိုင်နက်တည်း အကြမ်းဖက် အုပ်စု အဖြစ်လည်း ကြေငြာလိုက်ပါတယ်။ အရင်အချိန်တွေတုန်းကတော့ တပ်မတော်ဘက်ကနေ AA အပါအဝင် ကိုးကန့်နဲ့ တအဲာန်းပလောင် တပ်ဖွဲ့တွေကို “ အကြမ်းဖက် သောင်းကျန်းသူ” တွေအဖြစ် ခေါ်ဝေါ် သတ်မှတ်ခဲ့ပေမယ့် အစိုးရဘက်ကတော့ အဲလို သုံးနှုန်းတာ၊ သတ်မှတ်တာမျိုး မလုပ်ခဲ့ပါဘူး။ အကြောင်းကတော့ လက်ရှိ အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ထိခိုက်မှာ စိုးရိမ်လို့ ဖြစ်နိုင်ပါတယ်။ ခုဆိုရင် ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တပ်ဖွဲ့ တိုက်ပွဲတွေ ပြင်းထန်နေချိန်လည်း ဖြစ်တာမို့ အစိုးရရဲ့ ဒီကြေငြာချက်ကြောင့် တိုက်ပွဲအခြေအနေတွေ ပိုဆိုးရွားသွားစေမလား၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေမှာ သွားပြီး အနှောင့်အယှက် ဖြစ်စေမလား စိုးရိမ်နေသူတွေကလည်း စိုးရိမ်နေကြပါပြီ။ အစိုးရအနေနဲ့ AA လက်နက်ကိုင် တပ်ဖွဲ့ကို အကြမ်းဖက် အုပ်စု အဖြစ် သတ်မှတ်ဖို့ သင့်ပါရဲ့လား၊ နောက်ဆက်တွဲ ဘယ်လို အကျိုးဆက်တွေ ဆက်ပြီး ဖြစ်ပေါ်လာနိုင်မလဲ ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။

အရင် ခေတ်အဆက်ဆက်က အစိုးရကို လက်နက်ကိုင်တိုက်ခိုက်နေတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို မတရားအသင်း အဖြစ် ကြေငြာတာမျိုးပဲ ရှိခဲ့ပါတယ်။ အဲလို အဖွဲ့ထဲမှာ ပါဝင်သူတွေ၊ အားပေး ကူညီသူတွေကို မတရားအသင်းများ အက်ဥပဒေနဲ့ အရေးယူတာမျိုး လုပ်ခဲ့ကြပါတယ်။ နောက်ပိုင်း အစိုးရအနေနဲ့ အဲဒီ အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲရေးတွေ လုပ်လာနိုင်တဲ့အခါ မတရားအသင်း အဖြစ် သတ်မှတ်ထားတာကနေ ပယ်ဖျက်ပေးတာမျိုး လုပ်ခဲ့ပါတယ်။ အခု AA အဖွဲ့ကိုတော့ မတရားအသင်း အဖြစ်နဲ့ရော အကြမ်းဖက် အုပ်စု အဖြစ်ပါ ကြေငြာခဲ့ပါတယ်။ မတရားအသင်း နဲ့ အကြမ်းဖက် အုပ်စုဆိုတာ အဓိပ္ပါယ် အများကြီး ကွာခြားပါတယ်။ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဗဟိုအဖွဲ့ ဥက္ကဌ ရဲ့ ကြေငြာချက်မှာတော့ AA အဖွဲ့ဟာ ရဲတပ်ဖွဲ့နဲ့ လုံခြုံရေး တပ်ဖွဲ့တွေကို တိုက်ခိုက်ရုံတင်မက အပြစ်မဲ့ အရပ်သားပြည်သူတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာ၊ နှိပ်စက်တာ၊ ကျေးရွာတွေမှာ မိုင်းထောင်တာ၊ ဖေါက်ခွဲတာ၊ နိုင်ငံအတွင်း မှတ်ပုံတင်ထားတဲ့ ရေယာဉ်၊ လေယာဉ်နဲ့ အခြားစက်တပ်ယာဉ်တွေပေါ်မှာ အကြမ်းဖက်မှုတွေ ကျူးလွန်နေတဲ့အပြင် နိုင်ငံတော် အတွင်း အခြေပြုပြီး နိုင်ငံတော်ကို အကြမ်းဖက်မှု ကျူးလွန်လျက် ရှိတာကြောင့် အကြမ်းဖက် အုပ်စု အဖြစ်ကြေငြာရတာလို့ ဆိုပါတယ်။

ဒီလို သတ်မှတ် ကြေငြာချက်ကြောင့် ပထမ ဦးဆုံး အကျိုးသက်ရောက်မှာကတော့ AA အဖွဲ့နဲ့ ဆက်စပ် ပတ်သက်တယ် ဆိုပြီး ဖမ်းဆီး တရားစွဲဆိုခံထားရသူတွေ အပေါ်မှာပဲ ဖြစ်ပါတယ်။ အဲဒီလူတွေကို ဖမ်းဆီးပြီးစဉ် အခါက အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေ အရ တရားစွဲဆိုခဲ့တာ မှန်ပေမယ့် အဲဒီအချိန်က AA အဖွဲ့ကို အကြမ်းဖက်အုပ်စု အဖြစ် ကြေညာထားတာ မရှိသေးပါဘူး။ အခုဆိုရင် အာဏာပိုင်တွေဟာ AA အဖွဲ့နဲ့ ဆက်စပ် ပတ်သက်တယ်လို့ သံသယရှိသူ အားလုံးရဲ့ ဘဏ်အကောင့်န်တွေ အပါအဝင် ပိုင်ဆိုင်မှု အားလုံးကို အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေအရ သိမ်းဆည်း၊ ဖျက်သိမ်းနိုင်တော့မှာပါ။

ပြီးခဲ့တဲ့ ဖြစ်စဉ်တွေတုန်းကတော့ ရခိုင်ပြည်နယ်က တိုက်ပွဲတွေအတွင်း တပ်မတော်ဟာ AA အဖွဲ့ဝင်တွေလို့ မသင်္ကာရသူတွေကို ဖမ်းဆီးခဲ့ပါတယ်။ နောက် အဲဒီ လူတွေကို ရဲတပ်ဖွဲ့ဘက် ပြန်လွဲှပေးပြီး အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ ရုံးတင် တရားစွဲတာ လုပ်ခဲ့ပါတယ်။ ဒါပေမယ့် အဲလို တင်တဲ့ အမှုတိုင်းလိုလိုလောက်မှာ စွပ်စွဲခံရသူတွေကို တရားရုံးက အပြစ်မရှိလို့ ဆိုပြီး ပြန်လွှတ်ပေးခဲ့ပါတယ်။ အကြောင်းကတော့ တင်လာတဲ့ သက်သေ အထောက်အထားတွေ မခိုင်လုံတာ၊ AA အဖွဲ့ကိုလည်း အကြမ်းဖက် အုပ်စုအဖြစ် ကြေငြာထားတာ မရှိသေးလို့ ဖြစ်ပါတယ်။

အခုကိစ္စမှာတော့ အစိုးရဟာ AA အဖွဲ့ကို ထောက်ခံနေသူတွေ၊ ကူညီအားပေးနေသူတွေ၊ ပါဝင်နေသူတွေ အားလုံးကို ဥပဒေကြောင်းအရ ပြင်းပြင်းထန်ထန် အပြစ်ပေးနိုင်ဖို့ ရည်ရွယ်ပြီး အခုလို အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်လိုက်ပုံရပါတယ်။ ဥပမာအားဖြင့် အရင်ကာလတုန်းက AA အဖွဲ့နဲ့ ဆက်သွယ်သူ၊ အားပေးကူညီသူတွေကို မတရားအသင်း အက်ဥပဒေနဲ့ပဲ အရေးယူခံရနိုင်ပေမယ့် အခု ကြေငြာချက် ထုတ်ပြီးနောက်ပိုင်းမှာတော့ အကြမ်းဖက်မှု တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူ ခံရမှာဖြစ်သလို ပိုင်ဆိုင်သမျှတွေကိုလည်း သိမ်းဆည်း၊ ဖျက်သိမ်းနိုင်မှာမို့ ဖြစ်ပါတယ်။

တကယ်တော့ အဖွဲ့အစည်း တစ်ခုကို အကြမ်းဖက် အုပ်စုအဖြစ် သတ်မှတ်တော့မယ် ဆိုရင် အဲဒီအဖွဲ့အစည်း ဘာကြောင့် ပေါ်ပေါက်လာရသလဲ၊ ရည်မှန်းချက်က ဘာလဲ၊ ဘာတွေ လုပ်ကိုင်ဆောင်ရွက်နေသလဲ စတာတွေကို အသေအခြာ လေ့လာဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ AA လက်နက်ကိုင် အဖွဲ့ဟာ သူ့ရှေ့က ပေါက်ဖွားခဲ့တဲ့ အခြားသော လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေနည်းတူ လူမျိုးရေးကို အခြေခံပြီး ပေါ်ပေါက်လာတဲ့ အဖွဲ့အစည်း တစ်ခုပဲဖြစ်ပါတယ်။ အဲဒီအဖွဲ့အစည်းကို ရခိုင်တိုင်းရင်းသား အများစုကြီးတင်မက ရခိုင်နိုင်ငံရေးသမားတွေ၊ ဥပဒေပြုရေးကို ဆောင်ရွက်နေကြတဲ့ လွှတ်တော် အမတ်တွေကပါ ထောက်ခံနေကြတာ ထင်ထင်ရှားရှား တွေ့နိုင်ပါတယ်။ သူတို့ ရည်ရွယ်ချက်ကလည်း ကွန်ဖက်ဒရေးရှင်း ဆန်တယ် ဆိုစေဦးတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နဲ့ ကိုယ်ပိုင်ပြဌာန်းခွင့် တောင်းဆို တိုက်ပွဲဝင်နေတာပဲ ဖြစ်ပါတယ်။ ဒီနေရာမှာ အခြားသော တိုင်းရင်းသား လက်နက်ကိုင်တွေနဲ့ အများကြီး ခြားနားတာမျိုး မရှိပါဘူး။ ကရင်၊ ကချင် နဲ့ ရှမ်းတွေရဲ့ လက်နက်ကိုင် ပုန်ကန်မှု အစောပိုင်းကာလတွေမှာ လုံး၀ ခွဲထွက်ရေး တောင်းဆိုတဲ့ သာဓကတွေတောင် ရှိခဲ့တာပါ။

လက်နက်ကိုင် ပုန်ကန်မှုရဲ့ သဘောသဘာ၀ အရ အစိုးရ စစ်တပ်ကို တိုက်ခိုက်တာ အပြင် သာမန်ပြည်သူလူထု အပေါ် ရာဇဝတ်မှု ကျူးလွန်တာတွေ၊ အရပ်ဘက် ဆိုင်ရာတွေကို ပစ်မှတ်ထားတာတွေလည်း ပေါ်ပေါက်ကောင်း ပေါ်ပေါက်နိုင်ပါတယ်။ ဒီလို ပြောလိုက်ခြင်းအားဖြင့် AA အဖွဲ့ရဲ့ နိုင်ငံရေးသမားတွေ၊ လွှတ်တော် အမတ်တွေ၊ အရပ်သားတွေ၊ အရပ်ဘက်ဆိုင်ရာတွေကို ပစ်မှတ်ထား တိုက်ခိုက်တာ၊ လူ့အခွင့်အရေး ချိုးဖေါက်တာ၊ စစ်ရာဇဝတ်မှု ကျူးလွန်တာတွေကို မှန်ကန်တယ် ဆိုပြီး ထောက်ခံတာမျိုးတော့ မဟုတ်ပါဘူး။ လက်နက်ကိုင် တပ်ဖွဲ့တွေ မှားယွင်းလေ့ရှိတဲ့ ကျူးလွန်လေ့ရှိတဲ့ သဘောသဘာဝတွေ အဖြစ်၊ နားလည်ဖို့ ဖြစ်ပါတယ်။ ဒီလို လုပ်ရပ်မျိုးတွေ မြန်မာ့ တပ်မတော် အပါအဝင် အခြားသော တိုင်းရင်းသား လက်နက်ကိုင်တွေလည်း ကျူးလွန်ခဲ့ဖူးကြတာချည်းပါပဲ။ ကရင်နဲ့ ရှမ်းလက်နက်ကိုင်တွေ ဆိုရင် နိုင်ငံခြားသားတွေကို ပြန်ပေးဆွဲသည် အထိ လုပ်ကိုင်ခဲ့ကြဖူးပါတယ်။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် တိုင်းရင်းသား လက်နက်ကိုင်တွေရဲ့ ပုန်ကန်မှုကို ဖြေရှင်းရာမှာ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းမှပဲ အောင်မြင်နိုင်မယ်လို့ အားလုံးက လက်ခံထားကြပြီးသားပါ။ ဒီလို အခြေအနေမျိုးမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တစ်ဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေငြာလိုက်ခြင်းဟာ ငြိမ်းချမ်းရေး အတွက်၊ နိုင်ငံရေး ပြသနာကို နိုင်ငံရေးနည်းနဲ့ အဖြေရှာရေး အတွက် အထောက်အကူ ဖြစ်စေမှာ မဟုတ်တာကတော့ သေခြာပါတယ်။

လက်ရှိ မြန်မာနိုင်ငံဟာ ပြည်တွင်းစစ် ပြသနာ၊ သန်းတစ်ဝက်ကျော်လောက် ရှိမယ့် မူဆလင် ဒုက္ခသည်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားရတဲ့ ပြသနာ၊ ICJ အပြည်ပြည်ဆိုင်ရာ တရားရုံးမှာ တရားစွဲခံထားရတဲ့ ပြသနာ၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အနှောင့်အယှက်ပြုနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေး မအောင်မမြင်ဖြစ်သွားတဲ့ ပြသနာ စသဖြင့် ပြသနာပေါင်းများစွာအပြင် အခြား ကမ္ဘာ့နိုင်ငံတွေနည်းတူ ကိုရိုနာဗိုင်းရပ်စ် ပြသနာကြီးကိုလည်း ရင်ဆိုင်နေရပါတယ်။ ဒီလို အခြေအနေမျိုးမှာ AA အဖွဲ့ကို အကြမ်းဖက် အုပ်စုအဖြစ် ကြေငြာလိုက်ခြင်းဟာ ငြိမ်းချမ်းရေး အတွက်၊ နိုင်ငံနဲ့ တိုင်းရင်းသား ပြည်သူတွေ အတွက် အကျိုးဖြစ်ထွန်းစေမှာ မဟုတ်သလို အမုန်းတရားနဲ့ စစ်မီးတောက်ကိုပဲ ပိုကြီးမားလာစေနိုင်မယ် ဖြစ်ကြောင်းပါ။

-------------




XS
SM
MD
LG