သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အငြင်းပွားမှု ပိုပြင်းထန်လာတဲ့ ခွဲမထွက်ရ နဲ့ တခုတည်းသော တပ်မတော် ပြသနာ၊ ဘယ်လို အဖြေရှာမလဲ


အစိုးရနဲ့ NCA-SEAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားနေတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဓါတ်ပုံ- Myanmar State Counsellor Office Facebook)
အစိုးရနဲ့ NCA-SEAO ခေါင်းဆောင်များ သီးသန့်အစည်းအဝေးမှာ မိန့်ခွန်းပြောကြားနေတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် (ဓါတ်ပုံ- Myanmar State Counsellor Office Facebook)

ကျင်းပပြီးသွားတဲ့ နေပြည်တော် ထိပ်သီး အစည်းဝေး ပထမ နေ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ NCA လက်မှတ် ထိုးထားတဲ့ လက်နက်ကိုင် တိုင်းရင်းသား အဖွဲ့တွေကိုယ်စား KNU ကရင်လက်နက်ကိုင် အဖွဲ့ ဥက္ကဌ စောမူတူးစေးဖိုး တို့ အဖွင့်အမှာစကား ပြောပါတယ်။ အဲဒီထဲမှာ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ မိန့်ခွန်းဟာ ရှည်လျားပြီး နောက်ပိုင်း အဲဒီ မိန့်ခွန်းနဲ့ ပတ်သက်လို့ လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေဆီကနေ ပြင်းထန်တဲ့ တုန့်ပြန်မှုတွေ ထွက်ပေါ်လာစေခဲ့ပါတယ်။ တပ်ချုပ် ဘာတွေပြောပြီး လက်နက်ကိုင် တိုင်းရင်းသားခေါင်းဆောင်တွေက ဘယ်လို တုန့်ပြန်ကြသလဲ ဆိုတာ ခုတပတ် လေ့လာကြည့်ကြရအောင်ပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောတဲ့ အဖွင့်မိန့်ခွန်းထဲမှာ လတ်တလော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ Deadlock ဖြစ်နေတဲ့ ပြည်ထောင်စု သဘောတူ စာချုပ်မှာ ခွဲမထွက်ခွင့် စာသားထည့်သွင်းရေး ကိစ္စ၊ တစ်ခုတည်းသော တပ်မတော် ကိစ္စတွေ ပါဝင်ပါတယ်။ မိန့်ခွန်းရဲ့ ရှေ့ပိုင်းတနေရာမှာ တပ်ချုပ်က “ဒီနေ့ ငြိမ်းချမ်းရေးညီလာခံမှာ ဆွေးနွေးရခက်နေတယ်လို့ပြောနေကြတဲ့ "ခွဲမထွက်ရ"ဆိုတဲ့ ကိစ္စနဲ့ ပတ်သက်ပြီးပြောလိုပါတယ်။ လက်နက်ကိုင် လမ်းစဉ်ကိုစွန့်ပြီး နိုင်ငံရေး ဆွေးနွေးပွဲတွေပြုလုပ်ရာမှာ အမြဲဦးတည် ထားရမှာက ဒို့တာဝန်အရေးသုံးပါး ဖြစ်ပါတယ်။ ဒါ့ကြောင့် ပြည်ထောင်စုပြိုကွဲရေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်မှု ပြိုကွဲရေးကို ဦးတည်တဲ့ ကိစ္စတွေကို မူလဆွေးနွေးမှုမှာကတည်းက ရှောင်ရှားဖို့ လိုမှာဖြစ်ပါတယ်။ ပြည်ထောင်စုရဲ့ မည်သည့်အစိတ် အပိုင်းကိုမဆို ပြည်ထောင်စုမှ ခွဲထွက်ခြင်းမပြုရလို့လည်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေ (၂၀၀၈ ခုနှစ်)၊ ပုဒ်မ ၁၀ မှာ အတိအလင်း ပြဋ္ဌာန်းထားပြီး ဖြစ်ပါတယ်။ ဒါ့ကြောင့် "ခွဲမထွက်ရ"ဆိုတဲ့ စကားရပ်ဟာ ထာဝရ ငြိမ်းချမ်းရေးအတွက် အမှန်တကယ်လိုအပ်တဲ့ စကားရပ်တခု၊ အာမခံချက်တခုဖြစ်ကြောင်း ပြောကြားလိုပါတယ်။” ဆိုပြီး ထည့်ပြောပါတယ်။ တပ်ချုပ်ရဲ့ ပြောဆိုချက်ကတော့ “ခွဲမထွက်ရ” ဆိုတဲ့ စကားရပ်ဟာ ဖွဲ့စည်းပုံမှာပါတယ်၊ ငြိမ်းချမ်းရေး ဆွေးနွေးဖု့ိ ဖိတ်ခေါ်စဉ်ကတည်းကလည်း ခွဲထွက်ရေး စကားမပြောဖို့ ကနဦး သဘောတူထားပြီးဖြစ်တာကြောင့် အဲဒီ “ခွဲမထွက်ရ” ဆိုတဲ့စကား ထည့်ကို ထည့်ရမယ်လို့ ပြောလိုက်တာပါ။

ဒီစကားရပ်နဲ့ ပတ်သက်ပြီး NCA လက်မှတ်ထိုးထားတဲ့ RCSS/SSA ရှမ်းလက်နက်ကိုင် တပ်ဖွဲ့ဥက္ကဌ ဗိုလ်ချုပ်ကြီး ရွက်ဆစ်ကတော့ သူ့အနေနဲ့ ခွဲထွက်မယ် ဆိုပြီး လာဆွေးနွေးတာ မဟုတ်ကြောင်း၊ ဒီ စကားရပ်ကို ဆွေးနွေးချင်တယ် ဆိုရင် ၁၉၄၇ ဖွဲ့စည်းပုံ အခြေခံဥပဒေ အထိ ပြန်သွားရမှာဖြစ်ပြီး ပြသနာ ပိုရှုပ်ထွေးတာပဲ အဖတ်တင်မယ် ဖြစ်ကြောင်း၊ တရားမျှတမှုရှိရင် ဘယ်သူမှ ခွဲထွက်ချင်မှာ မဟုတ်တဲ့အကြောင်း၊ ဖိစီးမှုတွေနဲ့ အုပ်ချုပ်မယ်၊ တရားမျှတမှုလည်း မရှိဘူး ဆိုရင်တော့ မခွဲထွက်ခွင့် ကိစ္စကို စာအုပ် ၁၀ အုပ်ရေးပြီး လက်မှတ်ထိုးထားရင်တောင် ကျွန်တော်တို့ ခွဲထွက်ကြမှာပါ ဆိုပြီး မြန်မာတိုင်းမ် သတင်းဌာနကို ပြောခဲ့ပါတယ်။

တခုတည်းသော တပ်မတော် ထားရှိရေးနဲ့ ပတ်သက်ပြီး တိုင်းရင်းသားတွေကို တပ်ချုပ် ပြောတာက “နိုင်ငံရေး အာဏာရယူလိုရင် တရားဝင်နိုင်ငံရေး ထူထောင်ပြီး ရွေးကောက် ပွဲဝင်၊ စီးပွားရေးလုပ်ချင်ရင် ကုမ္ပဏီထောင်၊ ကိုယ်နိုင်ငံကို ကာကွယ်မယ့် စစ်မှုထမ်းလုပ်ချင်တယ်ဆိုရင် နိုင်ငံတော်ရဲ့ တရားဝင်လက်နက်ကိုင်အဖွဲ့အစည်းဖြစ်တဲ့ တပ်မတော်ထဲကို ဝင်ရောက် ရမှာဖြစ်ပါတယ်။” ဆိုပြီးဖြစ်ပါတယ်။

မိန့်ခွန်း နိဂုံးပိုင်းမှာတော့ “ဒါ့အပြင် တပ်မတော်အနေနဲ့ ဒီမိုကရေစီ စနစ်နဲ့ကိုက်ညီတဲ့ တပ်မတော်အဖြစ် ပြုပြင်ပြောင်းလဲသွားဖို့ မူအားဖြင့် သဘောတူပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ကနဦးဆောင်ရွက်ရမှာက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ဟာ NCA စာချုပ်ကို လက်မှတ် ရေးထိုးပြီး လုံခြုံရေးဆိုင်ရာ ပေါင်းစည်းရေးကိစ္စရပ်များကို ဦးစွာ ဆောင်ရွက်ရမှာ ဖြစ်ပါတယ်။” ဆိုပြီး ပြောဆိုခဲ့ပါတယ်။

ဒီအချက်နဲ့ ပတ်သက်ပြီး NCA လက်မှတ်ထိုး အဖွဲ့တွေထဲက အင်အားအကြီးဆုံးဖြစ်တဲ့ ကရင်လက်နက်ကိုင် တပ်ဖွဲ့ KNLA ရဲ့ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး စောဂျော်နီ နဲ့ ဒုချုပ် ဗိုလ်ချုပ်ကြီး စောဘောကျော်ဟဲ တို့ကတော့ ပြင်းပြင်းထန်ထန် တုန့်ပြန်ပါတယ်။ ဗိုလ်ချုပ်ကြီး စောဂျော်နီက “တပ်မတော်ဆိုတာ ဘယ်နိုင်ငံကဘဲဖြစ်ဖြစ် သမ္မတရဲ့အောက်မှာဘဲရှိရမယ် ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကတော့ သမ္မတအောက်မှာမဟုတ်ဘူး ။ ဒေါ်အောင်ဆန်းစုကြည်အပေါ်နဲ့ သမ္မတတို့ရဲ့အပေါ်မှာရှိတယ်။ ဒီတော့ ဒါဟာ အာဏာရှင်စနစ်နဲ့ သိပ်မကွာဘူး ။ ဒီမိုကရေစီအပြည့်အ၀ မဟုတ်တဲ့ အစိုးရဖြစ်တယ်။ အာဏာရှင်စနစ်အောက်က အစိုးရ၊ ပါလီမန်မှာ တပ်မတော်ကိုယ်စားလှယ် ၂၅ % ရှိတာလေ လူတိုင်းသိတယ်။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဘောင်ထဲမှာဘဲ စကားပြောနေတဲ့ အစိုးရဖြစ်တယ်။ တခုတည်းသော တပ်မတော်ဆိုတာ ဖက်ဒရယ် တပ်မတော်ဖြစ်ရမယ်။ ဒါဟာ နောင်အနှစ် ၂၀ တိုင်အောင် မဖြစ်နိုင်သေးဘူး ။ တခုတည်းသော တပ်မတော်ကိစ္စကို စစ်ပွဲတွေလုံးဝမရှိတော့ဘဲ ငြိမ်းချမ်းရေးရတဲ့ အချိန်မှာသာ စဉ်းစားသင့်တယ်။ ဖက်ဒရယ် တပ်မတော်ဖြစ်ရမယ်။ ဗမာ့တပ်မတော်လည်းမဟုတ် ကေအဲန်ယူတပ်မတော်လည်းမဟုတ် ။ ကချင်၊ မွန်တပ်မတော်လည်း မဟုတ်ဘဲ ဖက်ဒရယ် တပ်မတော်ဖြစ်ရမယ်။ ဒီအတွက် အချိန်မကျသေးဘူး” ဆိုသည်အထိ ပြောခဲ့ပါတယ်။

အခု ဖော်ပြခဲ့တာတွေဟာ တပ်ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အပါအဝင် သက်ဆိုင်သူတွေ ပြောခဲ့ ဆိုခဲ့သမျှတွေထဲက အနည်းအပါး ကောက်နှုတ်ထားတာပဲ ဖြစ်ပြီး တကယ်လက်တွေ့ အဲဒီထက် ပိုပါတယ်။ ပြသနာကို ပြန်သုံးသပ်ကြည့်လိုက်ရင် အစိုးရနဲ့ လက်နက်ကိုင် တိုင်းရင်းသား (၁၀) ဖွဲ့ နိုင်ငံရေးအရ ဆွေးနွေးညှိနှိုင်းကြတာဟာ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA အပေါ်မှာပဲ ဖြစ်ပါတယ်။ NCA ရဲ့ အခန်း(၁) အခြေခံမူမှာ “ ဒီမိုကရေစီ နှင့် ဖက်ဒရယ်စနစ်တို့ကို အခြေခံသည့် ပြည်ထောင်စုကို နိုင်ငံရေး ဆွေးနွေးပွဲ ရလာဒ်များနှင့်အညီ တည်ဆောက်သွားရန်” ဆိုပြီး ပါပါတယ်။ ဒီအထဲမှာ ခွဲမထွက်ရ ဆိုတဲ့ စကားရပ် ကိစ္စ သီးသန့်ဖော်ပြထားတာ မရှိလေတော့ အဲဒီ စကားရပ်၊ ဒါမှမဟုတ် အခြား စကားရပ် ထည့်သွင်းမယ် မထည့်သွင်းဘူး ဆိုတာ နှစ်ဖက် ညှိနှိုင်း ဖြေရှင်းရမယ့် ကိစ္စ ဖြစ်ပါလိမ့်မယ်။

နောက် ပြသနာက တခုတည်းသော တပ်မတော် ကိစ္စပါ။ အခြေခံမူ (ဂ) မှာ “တိုင်းရင်းသား လူမျိုးပေါင်းစုံ ပူးပေါင်းပါဝင်သော ပြည်ထောင်စု တပ်မတော်ဆိုင်ရာ ကိစ္စများကို နိုင်ငံရေး တွေ့ဆုံဆွေးနွေးပွဲများတွင် ထည့်သွင်းဆွေးနွေးသွားရန်” ဆိုပြီး ပါပါတယ်။ နိုင်ငံရေး လမ်းပြမြေပုံ (၇) ချက် (ဂ) မှာ “လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း ကိစ္စရပ်များ၊ လုပ်ငန်းစဉ်များကို ညှိနှိုင်းဆွေးနွေးခြင်းနှင့် နှစ်ဖက် သဘောတူညီသော ကြိုတင်ဆောင်ရွက်ဖွယ်ရာများကို လုပ်ဆောင်ခြင်း” ဆိုပြီး ပါပါတယ်။ လမ်းပြမြေပုံ နောက်ဆုံး အဆင့် (ဆ)ကျမှ “ပြည်ထောင်စု သဘောတူ စာချုပ်ပါ သဘောတူညီချက်တွေကို အကောင်အထည် ဖော်ခြင်းနှင့် လုံခြုံရေးဆိုင်ရာ ပြန်လည် ပေါင်းစည်းခြင်း လုပ်ငန်းစဉ်များ အကောင်အထည်ဖော် ဆောင်ရွက်ခြင်း” ဆိုပြီး ဖော်ပြထားတာကြောင့် တစ်ခုတည်းသော တပ်မတော်ကိစ္စ၊ အဲဒီ တပ်မတော်ကို ဘယ်လို ပုံဖော်ကြမလဲ ဆိုတာ ဆွေးတော့ ဆွေးနွေးကြရမှာပဲ ဖြစ်ပါတယ်။ နှစ်ဖက် ညှိနှိုင်း ဆွေးနွေး၊ သဘောတူ ရရှိချက်တွေကို လွှတ်တော်မှာ အတည်ပြု၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်ပြီး နောက်ဆုံးအဆင့်ကျမှ တကယ်လက်တွေ့ အကောင်အထည် ဖော်ရမယ့် ကိစ္စဖြစ်ပြီး NCA ပါ အဲဒီ မူတွေအတိုင်း အကောင်အထည် ဖော်သင့်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG