သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ တပ်မတော် လွတ်လပ်စွာ ထုတ်ဖော် ပြောဆို ရေးသားခွင့်ကို မြှင့်တင် ပေးနေကြပါရဲ့လား


myanmar tah kyat arrest (ဒေါင်းတို့မျိုးဆက်)
myanmar tah kyat arrest (ဒေါင်းတို့မျိုးဆက်)

ပြီးခဲ့တဲ့ မေလ ၃ ရက်နေ့ဟာ World Press freedom day လို့ခေါ်တဲ့ ကမ္ဘာ့ သတင်းလွတ်လပ်ခွင့်နေ့ ဖြစ်ပါတယ်။ အခုနှစ် ထူးခြားတာကတော့ ရခိုင်ပြည်နယ်မှာ စုံစမ်း ဖော်ထုတ် သတင်းရေးသားရင်း အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ နဲ့ ထောင်ဒဏ် ၇ နှစ် ချမှတ်ခံထားရတဲ့ ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့နှစ်ယောက် ယူနက်စကိုအဖွဲ့ကပေးတဲ့ World Press Freedom Prize ဆုချီးမြှင့်ခံရပါတယ်။ နောက်ထပ် ထူးခြားတာကတော့ ကမ္ဘာ့သတင်းလွတ်လပ်ခွင့်နေ့ အခန်းအနားကို နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ် နဲ့ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ၃ ယောက်စလုံးက သဝဏ်လွှာတွေ ပေးပို့လာခြင်းပါ။ အဓိပ္ပါယ်ကတော့ သူတို့ အားလုံး စာနယ်ဇင်း လွတ်လပ်ခွင့်ကို အလေးထားတယ် ဆိုတဲ့ သဘောပါ။ သူတို့ ပေးပို့တဲ့ သဝဏ်လွှာတွေမှာ ဘာတွေ ဖော်ပြထားသလဲ၊ လက်ရှိ မြန်မာနိုင်ငံရဲ့ သတင်းလွတ်လပ်ခွင့် အခြေအနေ ဘယ် အဆင့် ရောက်နေသလဲ ဆိုတာ လေ့လာ သုံးသပ် တင်ပြသွားပါ့မယ်။

ကမ္ဘာ့သတင်းလွတ်လပ်ခွင့် နေ့ အတွက် သမ္မတ ဦးဝင်းမြင့် ပေးပို့တဲ့ သဝဏ်လွှာမှာ အစိုးရ အနေနဲ့ လွတ်လပ်သော မီဒီယာနဲ့ ဒီမိုကရေစီ အစဉ်အမြဲ ယှဉ်တွဲနေတယ်လို့ ယုံကြည်တဲ့အကြောင်း၊ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးမှာ မီဒီယာရဲ့ “ အား” မလွဲမသွေ လိုအပ်တယ်လို့ ခံယူကြောင်း ဖော်ပြထားပါတယ်။ အစိုးရ အနေနဲ့ မီဒီယာရဲ့ အခန်းကဏ္ဍကို အများကြီး အရေးထားနေသလို နိုင်ငံတော် တည်ဆောက်ရေး လုပ်ငန်းစဉ်တွေ၊ ဒီမိုကရေစီ တည်ဆောက်ရေး လုပ်ငန်းစဉ်တွေအတွက် အနှောင့်အယှက်ဖြစ်စေမယ့် ပဋိပက္ခ အကဲဆတ်မှုတွေ၊ သတင်းမှားတွေ၊ အမုန်းစကားတွေ၊ မျှတမှုမရှိတဲ့ တစ်ဖက်သတ် သတင်းဖော်ပြမှုတွေကို ကျင့်ဝတ်နဲ့အညီ စောင့်ထိန်း ကျင့်သုံးပေးဖို့ လိုအပ်တယ်လို့ ဆိုထားပြီး ဒီမိုကရေစီ အရေးကို ကာကွယ်တဲ့ စာနယ်ဇင်း သမားတွေဖြစ်အောင် ကြိုးစားဖို့ တိုက်တွန်းထားပါတယ်။

နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပေးပို့တဲ့ သဝဏ်လွှာမှာတော့ သတင်းစာ ဆရာကြီးတွေ အနေနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ဆိုင်ရာ ပြသနာတွေကို ဖြေရှင်း ဆောင်ရွက်တဲ့နည်းတူ သတင်းသမားတွေ အနေနဲ့ စာနယ်ဇင်း ကျင့်ဝတ်တွေကို လေးစား လိုက်နာရေး၊ ထိန်းသိမ်းမြှင့်တင်ရေးကိုလည်း ဂရုပြု ဆောင်ရွက်ပေးဖို့ တိုက်တွန်းထားတာ တွေ့ရပါတယ်။ ဒါ့အပြင် စာနယ်ဇင်း ကျင့်ဝတ်နဲ့အညီ ထုတ်ဖော် ပြောဆို ရေးသားနေတဲ့ စာနယ်ဇင်းသမားတွေ ဘေးကင်းလုံခြုံရေး အတွက် အားလုံး ဝိုင်းဝန်း ပူးပေါင်း ကာကွယ်ကြရမှာ ဖြစ်သလို၊ စာနယ်ဇင်း ကျင့်ဝတ် ချိုးဖျက်တာ မရှိဖို့ ဝိုင်းဝန်း ပြုပြင် တည့်မတ်ပေးကြရမယ်လို့ ဖော်ပြထားပါတယ်။ သမ္မတ နဲ့ အတိုင်ပင်ခံ နှစ်ယောက်ရဲ့ အမှာစကားကတော့ သူတို့ အနေနဲ့ စာနယ်ဇင်း လွတ်လပ်ခွင့်ကို အသိအမှတ်ပြုတယ်၊ တဖက်မှာလည်း စာနယ်ဇင်း သမားတွေ အနေနဲ့ ကျင့်ဝတ်နဲ့အညီ ရေးသားဖို့ လိုတယ်လို့ ထောက်ပြ ပြောဆိုလိုရင်း ဖြစ်တာ တွေ့ကြရပါတယ်။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာကတော့ အဲဒီထက် အများကြီး ပို တိုတာ တွေ့ရပါတယ်။ သူက ကမ္ဘာ့ လူ့အခွင့်အရေး ကြေငြာစာတမ်းမှာ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိတယ်လို့ ဆိုထားပေမယ့် အခြားသူတွေရဲ့ အခွင့်အရေး၊ အများပြည်သူ အေးချမ်းသာယာရေးနဲ့ အကျိုးစီးပွား ဖြစ်ထွန်းရေး အတွက် ဥပဒေအရ သတ်မှတ်ထားတဲ့ ကန့်သတ်ချက်တွေ အတိုင်းပဲ ကျင့်သုံးပိုင်ခွင့် ရှိကြောင်း ပြဌာန်းထားတာကို သတိပေးပါတယ်။

နောက် မြန်မာနိုင်ငံမှာ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်၊ ရေးသားဖြန့်ဝေခွင့်တွေကို ပြဌာန်းထားပြီး အဲဒီ အခွင့်အရေးကို ရယူကျင့်သုံးရာမှာ နိုင်ငံသားတိုင်းဟာ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေ စိုးမိုးရေး၊ ရပ်ရွာ အေးချမ်းသာယာရေး ဒါမှမဟုတ် ပြည်သူတွေရဲ့ ကိုယ်ကျင့်တရား အကျိုးငှာ ပြဌာန်းထားတဲ့ ဥပဒေတွေနဲ့ မဆန့်ကျင်စေရေး တိုက်တွန်းထားတာ တွေ့ရမယ်လို့ ဆိုပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ သဝဏ်လွှာကတော့ လက်ရှိ တပ်မတော်က တရားစွဲထားတဲ့ တသီတတန်းကြီးသော အမှုတွေနဲ့ ပတ်သက်ပြီး ကာကွယ်ပြောဆိုလိုက်တဲ့ သဘောလို့ မှတ်ယူနိုင်ပါတယ်။

လတ်တလော အဖြစ်အပျက်တွေကို ကြည့်ရင် သင်္ကြန်မတိုင်ခင် ဧပြီလ ၁၂ ရက်နေ့က အင်းစိန်မြို့နယ် တရားရုံးမှာ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံထားရတဲ့ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို အဲဒီနေ့ ရုံးချိန်းမှာ တရားသူကြီးက အာမခံ မပေးတဲ့အတွက် အင်းစိန် အကျဉ်းထောင်၊ အချုပ်ဆောင်မှာ ဖမ်းဆီး ထိမ်းသိမ်းလိုက်ပါတယ်။ လူ့အခွင့်အရေးနဲ့ လူ့ဂုဏ်သိက္ခာ ရုပ်ရှင်ပွဲတော်ကို ပူးတွဲ တည်ထောင်သူ ဒါရိုက်တာ မင်းထင်ကိုကိုကြီးကို ရန်ကုန်တိုင်း အင်းစိန်မြို့နယ် ရဲစခန်းနဲ့ တရားရုံး မှာ တပ်မတော်ကိုယ်စား ရန်ကုန်တပ်နယ်မှူး ဗိုလ်မှူးကြီးလင်းထွန်းက ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)၊ ၅၀၅(က) နဲ့ အမှုဖွင့်ထားတာ ဖြစ်ပါတယ်။ တပ်မတော် တာဝန်ရှိသူတွေဟာ ပြီးခဲ့တဲ့ ဧပြီ(၁)ရက်က ရန်ကုန်တိုင်း၊ တိုက်ကြီးမြို့နယ်၊ အဖျောက်မြို့မှာ ပြုလုပ်ခဲ့တဲ့ အခြေခံဥပဒေပြင်ဆင်ရေးထောက်ခံပွဲမှာ ဗိုလ်ကြီးဟောင်း ဦးနေမျိုးဇင်ရဲ့ ဟောပြောချက် တွေဟာ တပ်တွင်းပုန်ကန်မှုကို ဖြစ်စေနိုင်တယ်၊ ပြည်သူတွေကလည်း အစိုးရကို တိုက်ခိုက်လာနိုင်တယ် ဆိုပြီး တိုက်ကြီးမြို့ အမှတ်(၁) တပ်မတော် တန်းမြင့်လေ့ကျင့်ရေးကျောင်းက ဒုတိယဗိုလ်မှူးကြီး တိုးလွင်က ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)၊(ခ) နဲ့ အမှုဖွင့် တရားစွဲခဲ့ပြီး ခုဆို အင်းစိန် အကျဉ်းထောင်ထဲ ရောက်နေပါပြီ။

နောက်ထပ် သင်္ကြန်မဏ္ဍပ်တွေမှာ သံချပ်ထိုး ဖျော်ဖြေ ခဲ့တဲ့ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် မကေခိုင်ထွန်းအပါအဝင် လူငယ် ၅ ယောက်ကိုလဲ တပ်မတော်ကနေ ပုဒ်မ ၆၆(ဃ)၊ ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခဲ့ပြီး အခု အားလုံး ထောင်ထဲကနေ အမှုရင်ဆိုင်နေရပါတယ်။ ဒါတင်မက တပ်မတော် တာဝန်ရှိသူတွေဟာ ရခိုင်သတင်း ရေးသားဖော်ပြရာမှာ မျှတမှု မရှိလို့ ဆိုပြီး ဧရာဝတီ သတင်းဌာနကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ) နဲ့ တရားစွဲခဲ့ပါသေးတယ်။ တပ်မတော် အနေနဲ့ လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုနေကြတာတွေကို တရားစွဲနေရုံမက၊ တရားစွဲတဲ့ဆီမှာလည်း သတင်းမီဒီယာ ဥပဒေနဲ့ မစွဲပဲ ဘာကြောင့် ပုဒ်မ ၅၀၅ (က) လို၊ ၅၀၅ (ခ) လိုမျိုး သုံးစွဲနေရသလဲ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကို မေးတဲ့အခါ သူက သတင်းမီဒီယာ ဥပဒေမှာ ပြစ်ဒဏ်ဟာ ငွေဒဏ်လောက်ပဲ ပါတာကြောင့် ကျေနပ်မှု မရှိလို့ ခုလို အခြား ပုဒ်မတွေနဲ့ တရားစွဲရတာ ဖြစ်တဲ့အကြောင်း အတိအလင်း ဖြေကြားသွားတာ တွေ့မြင်ကြရပါတယ်။

အခုလို တပ်မတော်နဲ့ ပတ်သက်ပြီး ဝေဖန်၊ ပြောဆို၊ ရေးသားသူတွေကို တပ်မတော်ဘက်က တရားစွဲပြီး အကျဉ်းထောင်ထဲ ရောက်အောင် ပို့နေတာတွေဟာ လွတ်လပ်စွာ ပြောဆို ရေးသားထုတ်ဖော်ခွင့် ရှုဒေါင့်က ကြည့်မယ် ဆိုရင်တော့ လက်ခံနိုင်စရာ မရှိပါဘူး။ ဒီနေရာမှာ တရားရေးမဏ္ဍိုင်ရဲ့ အခန်းကဏ္ဍကလည်း အရေးကြီးပါတယ်။ တပ်မတော်ဘက်က ပုဒ်မ ၅၀၅(က)၊ (ခ) နဲ့ တရားစွဲလာတိုင်း တရားသူကြီးတွေက လက်ခံတယ် ဆိုတာကတော့ သိပ် သဘာ၀ မကျပါဘူး။ အပြစ်ရှိတာ မရှိတာ တရားရုံးက ဆုံးဖြတ်မယ်၊ လတ်တလောတော့ ထောင်ထဲကနေပဲ တရားရင်ဆိုင် ဆိုတာမျိုးဟာ လွတ်လပ်စွာ ပြောဆို ရေးသားပိုင်ခွင့်ကို တစ်နည်းအားဖြင့် ခြိမ်းခြောက်ရာ ရောက်စေပါတယ်။ အခြားတစ်ဖက်မှာလည်း အစိုးရဘက်ကနေ ဒီကနေ့ အချိန်ထိ ပုဂ္ဂလိက ရုပ်သံ၊ ရေဒီယို တွေကို လွတ်လွတ်လပ်လပ် လုပ်ပိုင်ခွင့် ခွင့်ပြုမပေးသေးတာ၊ သတင်းသိပိုင်ခွင့် ဥပဒေ Right to information law လိုမျိုး၊ Public services Media, PSM လို ဥပဒေမျိုးကို ပြဌာန်းနိုင်ဖို့ အချိန်ဆွဲထားတာတွေကလည်း လွတ်လပ်စွာ ပြောဆို ရေးသား ထုတ်ဖော် ပြောဆိုခွင့်ကို အားပေးရာ မရောက် ဖြစ်နေသေးပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG