သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

NLD ရဲ့ ဖွဲ့စည်းပုံပြင်ရေး ခရီးလမ်း ဖြောင့်တန်းနိုင်ပါ့မလား


ပြည်ထောင်စုလွှတ်တော်မှာ ဖွဲ့စည်းပုံပြင်ရေး ပူးပေါင်းကော်မတီ ဖွဲ့စည်းရေး အဆိုကန့်ကွက်နေတဲ့ တပ်မတော်သားကိုယ်စားလျယ်များ

NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီဟာ ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ မတိုင်ခင်မှာ ပြည်သူတွေကို ပေးခဲ့တဲ့ ကတိအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ပြင်ဆင်နိုင်ဖို့ လွှတ်တော်တွင်းမှာ ဆောင်ရွက်နေပါတယ်။ ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပတ်သက်ပြီး ပူးပေါင်းကော်မတီ တစ်ရပ် ဖွဲ့စည်းဖို့ ပြည်ထောင်စု လွှတ်တော်တွင်းမှာ တင်သွင်း အတည်ပြုချက်ရယူပြီး ၂၀၁၉ ဖေဖေါ်ဝါရီ ၁၉ ရက်နေ့မှာတော့ ကိုယ်စားလှယ် (၄၅) ယောက်ပါ ပူးပေါင်းကော်မတီ တစ်ခုကို ဖွဲ့စည်းခဲ့ပါတယ်။ (၄၅) ယောက်ပါ ပူးပေါင်းကော်မတီဟာ လွှတ်တော်ချိန် ပြင်ပမှာ အစည်းအဝေးတွေ ဆက်တိုက်ထိုင်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ စာအုပ်ပါ အခန်းအားလုံး၊ ပုဒ်မ အားလုံးနဲ့ ပတ်သက်ပြီး ဆွေးနွေးနေခဲ့ကြတာ ပြီးခဲ့တဲ့ ဇွန်လ ၁၃ ရက်နေ့မှာတော့ အားလုံး ဆွေးနွေးလို့ ပြီးသွားခဲ့ပါပြီ။ ဆွေးနွေးရရှိချက်တွေကို ပူးပေါင်းကော်မတီက အစီရင်ခံစာ တစ်စောင် ပြုစုမှာ ဖြစ်ပြီး လာမယ့် ၁၃ ကြိမ်မြောက် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး အတွင်း ဇူလိုင် ၁၇ ရက်နေ့မတိုင်ခင် လွှတ်တော်ကို တင်သွင်းသွားမယ်လို့ သိရပါတယ်။ အင်န်အယ်လ်ဒီ ပါတီ ဦးဆောင် အကောင်အထည် ဖော်နေတဲ့ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း ဆောင်ရွက်ချက် ဘယ်လောက် အောင်မြင်နိုင်မလဲ ဆိုတာ ဆက်ပြီး တင်ပြပေးသွားပါမယ်။

အင်န်အယ်လ်ဒီ ရဲ့ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း ကြိုးစားမှု ပုံစံက ခုလိုပါ။ ပထမ အဆင့်မှာ ဖွဲ့စည်းပုံကို လေ့လာမယ့် ပူးပေါင်းကော်မတီ တစ်ခု ဖွဲ့စည်းဖို့ ပြည်ထောင်စု လွှတ်တော် အတွင်း အဆိုတင်ပါတယ်။ အဲဒီ အဆိုတင်တဲ့အချိန်၊ အဆိုကို ဆွေးနွေးကြတဲ့အချိန်၊ အဆိုနဲ့ ပတ်သက်ပြီး မဲခွဲဆုံးဖြတ်တဲ့ အချိန်မှာကိုပဲ တပ်မတော်သား ကိုယ်စားလှယ်တွေရဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်တာ ခံရပါတယ်။ တပ်မတော်သား ကိုယ်စားလှယ်တွေဘက်က ပြောတာက ဖွဲ့စည်းပုံ ပြင်ချင်ရင်၊ ဘာတွေကို ပြင်မလဲ ဆိုတဲ့ ဥပဒေကြမ်းတစ်ခုကို ရေးဆွဲ၊ အဲဒီ ဥပဒေကြမ်းကို ဖွဲ့စည်းပုံပါ သတ်မှတ် အမတ်အရေအတွက် က လက်မှတ်ရေးထိုးပြီး လွှတ်တော်တင်ရမယ်လို့ ဆိုပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ ပုဒ်မ ၄၃၅ မှာတော့ ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်းရဲ့ ၂၀ ရာခိုင်နှုန်းက တင်ပြလာရင် အဲဒီ ဥပဒေကြမ်းကို ပြည်ထောင်စု လွှတ်တော်က လက်ခံ ဆွေးနွေးရမယ်လို့ ဖော်ပြထားပါတယ်။ အင်န်အယ်လ်ဒီ ရဲ့ အခု လုပ်ပုံဟာ ဖွဲ့စည်းပုံပါ ပြဌာန်းချက်နဲ့ မကိုက်ညီတာကြောင့် ကန့်ကွက်ရတာလို့ ဆိုကြပါတယ်။ ဒါကို အင်န်အယ်လ်ဒီ ဘက်က လက်မခံပါဘူး။ အခုဟာက ဖွဲ့စည်းပုံကို ပြင်ဖို့ လုပ်တာ မဟုတ်သေးဘူး။ ဖွဲ့စည်းပုံ နဲ့ ပတ်သက်ပြီး လေ့လာတဲ့ အဆင့်ပဲ ရှိသေးတယ်။ ဒါမျိုး အရင် သူရဦးရွှေမန်း လွှတ်တော် နာယက လုပ်ခဲ့စဉ်ကလည်း လုပ်ခဲ့ဖူးတယ်၊ အခုမှ တပ်မတော်သား ကိုယ်စားလှယ်တွေက ဘာကြောင့် လာ ကန့်ကွက်နေတာလဲ ဆိုပြီး တုန့်ပြန်ပါတယ်။

နောက်ပိုင်းမှာတော့ အင်န်အယ်လ်ဒီက တင်တဲ့ အဆိုကို လွှတ်တော်က မဲခွဲ ဆုံးဖြတ် သဘောတူပြီး ဖွဲ့စည်းပုံ ပြင်ရေး လေ့လာမယ့် ၄၅ ယောက် ကော်မတီကို ဖွဲ့စည်းပေးလိုက်တာ ဖြစ်ပါတယ်။

ဒီကြားထဲ နောက်ထပ် ပေါ်လာတဲ့ ပြသနာက ပြည်ခိုင်ဖြိုး ပါတီက ဖွဲ့စည်းပုံ ပြင်ဆင်ရေး ဥပဒေ မူကြမ်း ၂ ခု လွှတ်တော်တွင်း တင်လာတာပါ။ အဲဒီ ဥပဒေကြမ်းတွေ တင်လာတော့ ထုံးစံ အတိုင်း လွှတ်တော်က ဥပဒေကြမ်း စိစစ်သုံးသပ်ရေး ကော်မတီ ဖွဲ့ပြီး စိစစ်စေပါတယ်။ အဲဒီ ကော်မတီတွေက စိစစ်လိုက်တဲ့အခါ ဥပဒေကြမ်းပါ ပြင်ဆင်မယ့် ဥပဒေ ပုဒ်မတွေဟာ သူတို့ချည်း ပြင်ဆင်လို့ ရတာတွေ မဟုတ်၊ အခြား ဆက်စပ်နေတဲ့ ပုဒ်မတွေလည်း ရှိနေသေးတော့ အဲဒါတွေ ကိစ္စကိုလည်း ထည့်စဉ်းစားရမယ်၊ နောက် လက်ရှိ ဖွဲ့စည်းပုံ ၂၀၀၈ တစ်ခုလုံးက ပုဒ်မတွေကို လေ့လာသုံးသပ်နေတဲ့ ပူးပေါင်း ကော်မတီ ဖွဲ့ထားတာလည်း ရှိတယ်၊ ဒါကြောင့် ပြည်ခိုင်ဖြိုးက တင်လာတဲ့ ပုဒ်မ ၂၆၁ နဲ့ အခြား ပုဒ်မ တစ်ချို့ ပြင်မယ့် ဥပဒေမူကြမ်း ၂ ခုကို လက်ရှိ ပူးပေါင်း ကော်မတီရဲ့ လုပ်ငန်းစဉ်ထဲ ထည့်သွင်းသင့်တယ် ဆိုပြီး အစီရင်ခံပါတယ်။

အဲဒီ အစီရင်ခံစာကို ပြည်ထောင်စု လွှတ်တော်တွင်း တင်စဉ်မှာ၊ ဆွေးနွေးစဉ်မှာ၊ လွှတ်တော်က မဲခွဲဆုံးဖြတ်ရာမှာပါ တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီဘက်က ဖွဲ့စည်းပုံ အခြေခံ ဥပဒေ နဲ့ မညီဘူး ဆိုပြီး ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြပါသေးတယ်။

ဘယ်လိုပဲဖြစ်ဖြစ် ၄၅ ကော်မတီ အဖွဲ့ကတော့ ၂၀၀၈ ဖွဲ့စည်းပုံပါ၊ အခန်း ၁၅ ခန်း၊ ပုဒ်မ ၄၅၇ ခု၊ နောက်ဆက်တွဲ ဇယား အားလုံးကို ဆွေးနွေးလို့ ပြီးခဲ့ပါပြီ။ ဆွေးနွေးတယ် ဆိုပေမယ့် အပြန်အလှန် ငြင်းခုံ၊ ဆွေးနွေးပြီး ဆုံးဖြတ်တာမျိုး မဟုတ်ပဲ ဖွဲ့စည်းပုံထဲက ပုဒ်မ တစ်ခုခြင်းစီအလိုက် ဘယ်ပုဒ်မ ကိုတော့ နဂိုမူလ အတိုင်း ထားသင့်တယ်၊ ဘယ်ပုဒ်မ ကိုတော့ ပြင်သင့်တယ်၊ ဘယ် ပုဒ်မ မှာ ပါတာတွေအထဲ ဘာတွေနဲ့ ဖြည့်စွက်သင့်တယ်၊ ဘယ်ပုဒ်မတွေကိုတော့ အပြီးတိုင် ပယ်ဖျက် သင့်တယ် စသဖြင့် ဇယား ၄ ခု လုပ်ထားပြီး ပါတီ တစ်ခုခြင်းစီအလိုက် သက်ဆိုင်ရာ ပါတီတွေရဲ့ သဘောထားတွေကို မေးမြန်း ဖြည့်သွင်းတာမျိုး ဖြစ်ပါတယ်။ ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပတ်သက်ပြီး ပါတီ အသီးသီးရဲ့ သဘောထား စစ်တမ်း ကောက်ယူ စုစည်းတာမျိုးလို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။ ဒီ စုစည်းချက်တွေထဲမှာ ဘယ်ပါတီဟာ ဘယ်ပုဒ်မ နဲ့ ပတ်သက်ပြီး ဘယ်လို သဘောထား ရှိပါတယ် ဆိုတဲ့ တင်ပြချက်တွေ အားလုံးဟာ ထိပ်တန်း လျှို့ဝှက်ချက် ဖြစ်တာမို့ လွှတ်တော်တွင်း အစီရင်ခံစာ မတင်မခြင်း ပြည်သူတွေ သိခွင့်ရဦးမှာ မဟုတ်ပါဘူး။

ဒီအဆင့်ကို ရောက်ပြီးရင် ၄၅ ယောက် ကော်မတီဟာ သူတို့ရဲ့ အစီရင်ခံစာကို လွှတ်တော်တွင်း တင်သွင်း၊ လွှတ်တော်က အတည်ပြုပေးပြီးရင် တာဝန် ကုန်ဆုံးပါပြီ။ အရင် လွှတ်တော် နာယက ဟောင်း သူရဦးရွှေမန်း လက်ထက်က ဖွဲ့စည်းပုံပြင်ရေး လုပ်ငန်းစဉ် အတိုင်း ဆိုရင်တော့ ပြည်ထောင်စု လွှတ်တော်ဟာ ဖွဲ့စည်းပုံ ပြင်ရေး ဥပဒေ တစ်ရပ် ရေးဆွဲမယ့် ကော်မတီသစ် တစ်ခုကို ဖွဲ့စည်း တာဝန်ပေးအပ်ဖွယ် ရှိပါတယ်။ လက်ရှိ ၄၅ ဦးကော်မတီရဲ့ အစီရင်ခံစာ အနေအထား၊ လွှတ်တော် နာယက ရဲ့ လမ်းညွှန်ချက်တွေနဲ့ အတူ အဲဒီ ကော်မတီသစ်ဟာ ဖွဲ့စည်းပုံ ပြင်မယ့် ဥပဒေကြမ်းတစ်ခု ရေးဆွဲပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်တွေအတိုင်း လွှတ်တော်အတွင်း တင်တာ လုပ်ရပါလိမ့်မယ်။ အဲဒီ အခြေအနေရောက်ရင် ဖွဲ့စည်းပုံပြင်ရေး ဥပဒေကြမ်းပါ အချက်အလက်တွေထဲက ဘယ်အချက်အလက်တွေကို လက်ခံမယ်၊ လက်မခံဘူး၊ အမတ်တွေ၊ တပ်မတော်သား ကိုယ်စားလှယ်တွေ ဆွေးနွေးခွင့်ရကြမှာ ဖြစ်ပါတယ်။ နောက်ဆုံး အဆင့်ကတော့ မဲခွဲဆုံးဖြတ်တာပါ။ မဲခွဲဆုံးဖြတ်လို့ ကိုယ်စားလှယ် ၇၅ ရာခိုင်နှုန်းကျော်က ထောက်ခံရင် တစ်ချို့ပုဒ်မတွေ ပြင်ဆင်ဖို့ အတည်ဖြစ်သွားမှာပါ။ တစ်ချို့ ပုဒ်မတွေ အတွက်ကတော့ လူထု ဆန္ဒခံယူပွဲတွေ လုပ်ကြရပါဦးမယ်။

လက်ရှိ လွှတ်တော်ထဲမှာ နေရာယူထားမှု အခြေအနေကို ကြည့်ရင် NLD နဲ့ တပ်မတော် နှစ်ဖက် သဘောထား ကိုက်ညီရင် ဖွဲ့စည်းပုံထဲက ဘယ် ပုဒ်မကို မဆို ပြင်ဆင်၊ ဖြည့်စွက်၊ ပယ်ဖျက် တာမျိုး လုပ်နိုင်ပါတယ်။ အရင် လွှတ်တော်နာယကဟောင်း သူရဦးရွှေမန်း လက်ထက် လွှတ်တော်တွင်း ဖွဲ့စည်းပုံ ပြင်ရေးမှာ တင်လာသမျှ ပုဒ်မ အားလုံးနီးပါး တပ်မတော်ဘက်က ပယ်ချခဲ့ပြီး ဖွဲ့စည်းပုံကို မပြင်ချင်သေးတဲ့ သဘော ဖော်ပြခဲ့ဖူးပါတယ်။ ခုအချိန်မှာတော့ ပုဒ်မ ၂၆၁ လို၊ ပြည်နယ် လွှတ်တော်တွေကို လုပ်ပိုင်ခွင့် ပိုပေးမယ့် အချက်မျိုး ပြင်ဆင်ဖို့ သဘောထားရှိတယ် ပြောဆိုထားပေမယ့် အခြား ဖွဲ့စည်းပုံပါ အချက်တွေကို ပြင်ဆင်ဖို့ စောသေးတယ် လို့လည်း ဆိုထားပြန်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဖွဲ့စည်းပုံထဲက ဘယ်ပုဒ်မကိုပဲ ဖြစ်စေ တပ်မတော် သဘောတူမှ ပြင်လို့ ရမယ် ဆိုတဲ့ အခြေအနေ တည်မြဲနေသေးတာမို့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ထောင်နိုင်မယ့် စံနှုန်းနဲ့ ကိုက်ညီအောင် ဖွဲ့စည်းပုံထဲက အချက်တွေကို ပြင်မယ့် အင်န်အယ်လ်ဒီ ပါတီရဲ့ ခရီးလမ်းကတော့ ခက်ခဲ ကြမ်းတမ်းနေလိမ့်ဦးမယ် ဖြစ်ကြောင်းပါ။

XS
SM
MD
LG