သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွဲ့စည်းပုံပြင်ရေး လှုပ်ရှားမှု NLD ဘာလိုချင်သလဲ


ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထု ထောက်ခံပွဲ July 17, 2019. (Photo by Sai Aung MAIN / AFP)
ရန်ကုန်မြို့မှာ ပြုလုပ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး လူထု ထောက်ခံပွဲ July 17, 2019. (Photo by Sai Aung MAIN / AFP)

ဒီ ၂၀၀၈ ဖွဲ့စည်းပုံနဲ့သာ ဆိုရင် ဗမာလူများစုနဲ့ တိုင်းရင်းသားတွေအကြား ပြေလည်မှု ရမှာမဟုတ်ပဲ ပြည်တွင်းစစ်မီးကိုလည်း ငြှိမ်းသတ်နိုင်မှာ မဟုတ်ပါဘူး။ အဲလို အခြေအနေအောက်မှာ ရွေးကောက်ခံ အစိုးရ အနေနဲ့ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဖို့ အတော့်ကို ခက်ခဲနေပါလိမ့်မယ်။

အခုရက်ပိုင်း နိုင်ငံရေး အသိုင်းအဝိုင်းကြားမှာ အပြောအများဆုံးကတော့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆိုင်ရာ အကြောင်းပါပဲ။ ၂၀၀၈ ဖွဲ့စည်းပုံကို လေ့လာ သုံးသပ်ဖို့ လွှတ်တော်ကနေ ဖွဲ့စည်းပေးထားတဲ့ ၄၅ဦးကော်မတီဟာ သူတို့ရဲ့ အစီရင်ခံစာ လွှတ်တော် တင်ပြီးသွားပါပြီ။ သိပ်မကြာခင် ဒီအစီရင်ခံစာကို လွှတ်တော်ကနေ ဆွေးနွေး၊ အတည်ပြုပြီးရင် ဖွဲ့စည်းပုံ ပြင်ဖို့ နောက်ထပ် လုပ်ငန်းစဉ်တွေ ဆက်ပြီး လုပ်ကြရပါဦးမယ်။ ဒါပေမယ့် လွှတ်တော်တွင်း NLD ဦးဆောင်ပြီး အကောင်အထည်ဖော်နေတဲ့ ဒီ ဖွဲ့စည်းပုံပြင်ရေး လုပ်ငန်းစဉ်ဟာ ဖွဲ့စည်းပုံနဲ့ မညီဘူး ဆိုပြီး တပ်မတော်ဘက်က ပြောဆိုထားသလို၊ ၄၅ ဦး ကော်မတီထဲမှာ ပါဝင်ပေမယ့် ဖွဲ့စည်းပုံထဲက ဘာတွေ ပြင်ချင်တယ် ဆိုတာ ဘယ်လိုမှတ်ချက်မျိုးမှ ပေးမထားပါဘူး။ ဒါတင်မက လွှတ်တော်ထဲက တပ်မတော်သားကိုယ်စားလှယ်တွေရဲ့ ခေါင်းဆောင်လို့လည်း ပြောနိုင်တဲ့ ဗိုလ်မှူးချုပ် မောင်မောင်က ဖွဲ့စည်းပုံပြင်ဖို့အတွက် ပေးထားတဲ့ အကြံပြုချက်တွေ များလွန်းနေတယ်၊ ဒါကြောင့် နိုင်ငံရဲ့ ဖွဲ့စည်းပုံ အခြေခံ အတွက် အန္တရာယ်ရှိနေတယ် ဆိုတာ မြင်သာတယ် ဆိုပြီး ပြောဆိုလိုက်ပါတယ်။ ဘယ်လို အန္တရာယ် ရှိလာနိုင်သလဲ ဆိုတာကိုတော့ သူက ရှင်းမပြခဲ့ပါဘူး။ လက်ရှိ လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီ က ဆောင်ရွက်နေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံပြင်ရေး ဘယ်လို အကျိုးရလာဒ်တွေ ရလာနိုင်မလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

တကယ်တော့ လွှတ်တော်ထဲမှာ အင်န်အယ်လ်ဒီ ပါတီက ဦးဆောင်ပြီး ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေး အကောင်အထည် ဖော်နေတဲ့ပုံစံဟာ အသစ်အဆန်းတော့ မဟုတ်ပါဘူး။ အရင် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်၊ လွှတ်တော် အကြီးအကဲ သူရဦးရွှေမန်း နဲ့ ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး လွှတ်တော်က ဆောင်ရွက်ခဲ့တဲ့ ဖွဲ့စည်းပုံ ပြင်ရေး လုပ်ငန်းစဉ်ကို ပုံတူကူး အကောင်အထည် ဖော်နေတယ် လို့တောင် ပြောနိုင်ပါတယ်။ လုပ်နည်း လုပ်ဟန်တွေ နည်းနည်းပါးပါး ကွဲတာက လွဲလို့ အရင်က လုပ်ခဲ့တဲ့အတိုင်း ၂၀၀၈ ဖွဲ့စည်းပုံ စိစစ်လေ့လာ သုံးသပ်ရေး ကော်မတီ တစ်ခုဖွဲ့၊ အစီရင်ခံစာရေး၊ လွှတ်တော်တင်၊ လွှတ်တော်က အတည်ပြု၊ နောက်တစ်ဆင့် ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်တဲ့ ဥပဒေ မူကြမ်းတစ်ခု ရေး၊ ပြီးမှ ဖွဲ့စည်းပုံ အခန်း (၁၂) ပါ အတိုင်း ဥပဒေကြမ်းကို လွှတ်တော်တွင်း တင်ပြီး ဆွေးနွေး၊ နောက်ဆုံး တစ်ခုခြင်းစီကို မဲခွဲဆုံးဖြတ်၊ အဲဒီနည်း အတိုင်း သွားနေတာပါ။

လက်ရှိ လွှတ်တော်တွင်းမှာ ရွေးကောက်ခံ ပါတီ အသီးသီးကနေ ပြင်ဆင်လိုပါတယ်၊ ပယ်ဖျက်လိုပါတယ်၊ ဖြည့်စွက်လိုပါတယ် ဆိုပြီး တင်ပြထားတဲ့ အချက် ၃၇၆၅ချက် အထိရှိနေတာကိုလည်း ဝေဖန်တာတွေ ရှိနေပါတယ်။ အဲဒီလောက် များတာတွေနဲ့ ဘယ်လိုလုပ် ဥပဒေကြမ်းတစ်ခု ရအောင် ရေးဆွဲမလဲပေါ့။ တကယ်တော့ သူရဦးရွှေမန်း လက်ထက် ပြည်ခိုင်ဖြိုးပါတီက လုပ်တဲ့ ဖွဲ့စည်းပုံပြင်ရေး လုပ်ငန်းစဉ်မှာ လွှတ်တော်တွင်း နိုင်ငံရေးပါတီတွေတင်မက ပြင်ပ ပြည်သူလူထု ဆီကပါ အကြံဉာဏ်တွေ ပေးကြဖို့ ဖိတ်ခေါ်တာမျိုး လုပ်ခဲ့ပါသေးတယ်။ အဲဒီအခါ ပေးလာတဲ့ အကြံဉာဏ် အချက်အလက်ပေါင်း သောင်းနဲ့ချီရှိခဲ့တယ်လို့တောင် ဆိုကြပါတယ်။ ဒါတွေအားလုံးကို ကော်မတီက ကိုင်တွယ်ပြီး နောက်ဆုံး ဥပဒေကြမ်း တစ်ခု ပြုစုလိုက်နိုင်တာပါပဲ။

လက်ရှိ လွှတ်တော်တွင်း NLD ပါတီရဲ့ ဖွဲ့စည်းပုံပြင်ရေး ကြိုးပမ်းမှုမှာ ပထမ အဆင့် ရွေးကောက်ခံ နိုင်ငံရေးပါတီ အသီးသီးရဲ့ သဘောထားတွေကို စုစည်းနိုင်ခဲ့ပါတယ်။ အစီရင်ခံစာပါ အချက်တွေအရ အကြံပြုချက် အများဆုံး တင်သွင်းခဲ့တဲ့ ပါတီကတော့ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ် SNLD ဖြစ်ပြီး ၁၁၁၂ ချက် ဖြစ်ပါတယ်။ ရခိုင်အမျိုးသားပါတီကတော့ ၈၅၈ ချက် တင်သွင်းပြီး ဒုတိယ အများဆုံးဖြစ်ပါတယ်။ လွှတ်တော်ထဲမှာ အင်အား အကောင်းဆုံး၊ လက်ရှိ ဖွဲ့စည်းပုံပြင်ရေးကို ဦးဆောင်နေတဲ့ အင်န်အယ်လ်ဒီ ကတော့ ၁၁၃ ချက် အကြံပြုခဲ့ပြီး ပြည်ခိုင်ဖြိုးပါတီကတော့ ၁၀ ချက်ပဲ တင်ခဲ့တာပါ။

ဒီအချက်အလက်တွေ အများပြည်သူကို ထုတ်ပြန်ပြီး ဖြစ်တဲ့အတွက် ပြည်သူလူထုက ရွေးချယ်တင်မြှောက်လိုက်သူတွေ၊ သွယ်ဝိုက်သောအားဖြင့် ပြည်သူလူထု အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လောက် ပြင်ဆင်ချင်နေတယ် ဆိုတဲ့ ဆန္ဒသဘောထားတွေ ပေါ်လွင်သွားစေခဲ့ပါတယ်။

အရင် အတိတ်ကာလ တလျောက်လုံး တပ်မတော် ခေါင်းဆောင်တွေနဲ့ ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေ ပြောပြောနေတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာ နိုင်ငံရေးသမားတွေ အပါအဝင် လူတန်းစား အလွှာအသီးသီးရဲ့ သဘောထား ဆန္ဒတွေကို အခြေခံပြီး ရေးဆွဲထားတာ၊ တစ်တိုင်းပြည်လုံးက အုန်းအုန်းကြွက်ကြွက် ထောက်ခံထားတာ ဆိုတဲ့ မဟုတ်မမှန် လုပ်ကြံ ဝါဒဖြန့်ချက်တွေကိုလည်း တရားဝင် အားဖြင့် နိဂုံးချုပ်သွားစေခဲ့ပါတယ်။ ဒါပေမယ့် တပ်မတော်ကိုယ်စားလှယ်တွေကတော့ အခု လုပ်ရပ်တွေကို ဖွဲ့စည်းပုံ နဲ့ မကိုက်ညီဘူး လို့ အကြောင်းပြပြီး ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်တဲ့ သဘောထား ထုတ်ဖော်ပြောဆိုတာကို ရှောင်လွဲှသွားခဲ့ကြပါတယ်။

တကယ်တော့ အရင် စစ်အာဏာရှင်တွေ စိတ်တိုင်းကျ ရေးဆွဲ အတည်ပြုခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဖို့ လိုတယ်ဆိုတာ မေးခွန်းတစ်ခု မဟုတ်တော့ပါဘူး။ အထူးသဖြင့် ဒီ ၂၀၀၈ ဖွဲ့စည်းပုံနဲ့သာ ဆိုရင် ဗမာလူများစုနဲ့ တိုင်းရင်းသားတွေအကြား ပြေလည်မှု ရမှာမဟုတ်ပဲ ပြည်တွင်းစစ်မီးကိုလည်း ငြှိမ်းသတ်နိုင်မှာ မဟုတ်ပါဘူး။ အဲလို အခြေအနေအောက်မှာ ရွေးကောက်ခံ အစိုးရ အနေနဲ့ နိုင်ငံစီးပွား ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည်ဖော်ဖို့ အတော့်ကို ခက်ခဲနေပါလိမ့်မယ်။ နောက်ထပ် ပြသနာကြီးတစ်ခုက ၂၀၀၈ ဖွဲ့စည်းပုံကြောင့် တပ်မတော်ခေါင်းဆောင်တွေကို နိုင်ငံရေးမှာ ပါဝင် ပတ်သက်နေစေပြီး တိုင်းပြည်နဲ့ ပြည်သူကို အကာအကွယ်ပေးမယ့် ပရော်ဖက်ရှင်နယ် တပ်မတော်သား စိတ်ဓာတ် ပျက်ပြားစေပါတယ်။ တဆက်တည်း တပ်မတော်ကို ခေတ်မီ တပ်မတော်ဖြစ်အောင် တည်ဆောက်ရေး၊ အိမ်နီးချင်းတွေက လေးစားခန့်ညားရတဲ့ တပ်မတော် တည်ဆောက်ရေး အပိုင်းတွေမှာလည်း အားလျော့စေပါတယ်။ ဒီအတွက် မေးခွန်းက ၂၀၀၈ ဖွဲ့စည်းပုံကို ဘယ်လို ပြင်ကြမလဲ ဆိုတာပါပဲ။ NLD ဟာ ရွေးကောက်ပွဲ မဲဆွယ်ကာလက အာဏာရလာရင် ဖွဲ့စည်းပုံ ပြင်မယ်လို့ ရဲရဲကြီးကတိပေးပြီး တက်လာတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခန်း၁၂ ပါ ပြင်ဆင်ရေး အပိုင်းကို ကြည့်လိုက်ရင် အင်န်အယ်လ်ဒီ နဲ့ တပ်မတော် နှစ်ဖက် သဘောတူညီမှုရရင် ဘယ်အချက်ကို မဆို ပြင်နိုင်ပါတယ်။ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်ပြင်ပမှာ နှစ်ဖက် ဆွေးနွေး၊ သဘောတူညီမှုရတာတွေ ဥပဒေကြမ်းရေးပြီး လွှတ်တော်ထဲ တင်ရင် အတော့်ကို လွယ်ကူတဲ့ အောင်မြင်မှု ရမယ့် ဖွဲ့စည်းပုံပြင်ရေး နည်းလမ်း ဖြစ်မှာပါ။ ဒါပေမယ့် အဲလိုဖြစ်ဖို့ တပ်မတော်ခေါင်းဆောင်တွေ ဘက်က ညှိနှိုင်းမှုကို လက်ခံဖို့၊ ဖွဲ့စည်းပုံထဲက ပြင်သင့်တာတွေကို ပြင်ဖို့ သဘောထားဆန္ဒ ရှိဖို့တော့ လိုပါလိမ့်မယ်။

အခုတော့ အင်န်အယ်လ်ဒီက ဖွဲ့စည်းပုံပြင်မယ့် ဥပဒေကြမ်း တစ်ခုရဖို့ ကြိုးစားနေပါပြီ။ ဒါပေမယ့် ဘယ်လိုပဲဖြစ်ဖြစ် အဲဒီ ဥပဒေကြမ်းပါ ဘယ်အချက်ကိုမဆို တပ်မတော်ဘက်က သဘောမတူရင် ဘာမှ ဖြစ်လာမှာ မဟုတ်ပါဘူး။ သူရဦးရွှေမန်းလက်ထက် ပြည်ခိုင်ဖြိုးပါတီက ဦးဆောင်ပြီး လုပ်တဲ့ ဖွဲ့စည်းပုံပြင်ရေးတောင် ဘာရလာဒ်မှ ထွက်မလာတာ နမူနာပါပဲ။ အခုလက်ရှိ အင်န်အယ်လ်ဒီ ပါတီရဲ့ သဘောထားကို လေ့လာကြည့်ရင် တကယ့်ကို လက်တွေ့ကျကျ ဖွဲ့စည်းပုံ ပြင်နိုင်ရေးထက် ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး အင်န်အယ်လ်ဒီ က ဘယ်လို သဘောထားရှိတယ်၊ ပြည်ခိုင်ဖြိုးပါတီ ဘယ်လို သဘောထားရှိတယ်၊ အခြား တိုင်းရင်းသား ပါတီတွေ ဘယ်လို သဘောထားရှိတယ်၊ တပ်မတော်ဘက်ကတော့ ဘယ်လို သဘောထားရှိတယ် ဆိုတာ မှတ်တမ်း မှတ်ရာနဲ့ တကွ၊ တိုင်းရင်းသား ပြည်သူတွေနဲ့ နိုင်ငံတကာကို ပြသချင်တာ အဓိက ဖြစ်ပုံရကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG