သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD အစိုးရ တိုင်းရင်းသားပြသနာ ကိုင်တွယ် ဖြေရှင်းနိုင်မလား


ကရင်အာဇာနည်နေ့ကျင်းပတာကြောင့် ထောင်ဒဏ်ချမှတ်ခံရတဲ့ နော်အုန်းလှ
ကရင်အာဇာနည်နေ့ကျင်းပတာကြောင့် ထောင်ဒဏ်ချမှတ်ခံရတဲ့ နော်အုန်းလှ

ပြီးခဲ့တဲ့ အောက်တိုဘာ ၂ ရက်နေ့က ငြိမ်းစုစီ ပုဒ်မ ၂၀ နဲ့ တရားစွဲဆို ခံထားရတဲ့ ကရင်တိုင်းရင်းသူ နော်အုန်းလှနဲ့ ကရင် လူငယ်နှစ်ယောက်ကို ရန်ကုန် ကျောက်တံတားမြို့နယ် တရားရုံးက အပြစ်ရှိတယ် ဆိုပြီး ထောင်ဒဏ် ၁၅ ရက် ချမှတ်လိုက်ပါတယ်။ ပြစ်ဒဏ်ချရတဲ့ အဓိက အချက်ကတော့ စုဝေးလမ်းလျောက်ပွဲမှာ ခွင့်ပြုချက် မပေးတဲ့ “ ကရင်အာဇာနည်နေ့” စာသားပါတဲ့ ဆိုင်းဘုတ်တွေ ကိုင်ဆောင်ခဲ့ကြလို့ လို့ ဆိုပါတယ်။ အဲလို အမိန့်ချတဲ့နေ့က ကျောက်တံတား တရားရုံးကို ကရင်၊ ကရင်နီ၊ ပအို့ဝ် နဲ့ အခြားတိုင်းရင်းသား ၅၀၀ လောက် စုရုံးဝန်းရံပြီး ကရင်အမျိုးသား အလံတွေကိုင် တိုင်းရင်းသား အခွင့်အရေး ရရှိရေး ဆိုတဲ့ ကြွေးကြော်သံတွေ ဟစ်ကြွေးခဲ့ကြပါတယ်။ နောက်ပိုင်း အဲလို ဝန်းရံသူတွေထဲက ၃ ယောက် ငြိမ်းစုစီ ဥပဒေနဲ့ တရားစွဲခံရပြန်ပါတယ်။ သတင်းမီဒီယာတွေမှာ ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြတဲ့ ဒီ ကိစ္စဟာ အင်န်အယ်လ်ဒီ အစိုးရလက်ထက် မွန်နဲ့ ကရင်နီ တိုင်းရင်းသားတွေနဲ့ ပြသနာအကြီးအကျယ် တက်ခဲ့ပြီး အခု တတိယအကြိမ်မြောက် ပြသနာတက်တာလို့လည်း ဆိုနိုင်ပါတယ်။ အင်န်အယ်လ်ဒီ အစိုးရ တိုင်းရင်းသား တန်းတူရေး ပြသနာတွေကို ကိုင်တွယ် ဖြေရှင်းနိုင်မလား ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

လက်ရှိ KNU အပါအဝင် ကရင်လက်နက်ကိုင် တပ်ဖွဲ့တွေနဲ့ ကရင်ပြည်သူတွေ ကျင်းပနေကြတဲ့ ကရင့် အာဇာနည်နေ့ ဆိုတာဟာ ကရင်အမျိုးသားခေါင်းဆောင် စောဘဦးကြီး ကျဆုံးခဲ့တဲ့ နေ့ကို ရည်မှန်းကျင်းပကြတာ ဖြစ်ပါတယ်။ ၁၉၅၀ သြဂုတ်လ ၁၂ ရက်နေ့မှာ မြန်မာ့တပ်မတော်နဲ့ တိုက်ပွဲဖြစ်ပြီး ကရင်ခေါင်းဆောင် စောဘဦးကြီး၊ ဗိုလ်ချုပ် စိုင်းကေ နဲ့ ကရင့်တော်လှန်ရေး တပ်ဖွဲ့ဝင် တစ်ချို့ ကျဆုံးခဲ့တဲ့ နေ့ကို ကရင့်အာဇာနည်နေ့ အဖြစ် သတ်မှတ်ခဲ့တာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၂ ခုနှစ်၊ တပ်မတော် နဲ့ KNU နှစ်ဖက် အပစ်အခတ် ရပ်စဲရေး မလုပ်နိုင်သေးမီ ရှေ့နှစ်ပေါင်းများစွာကတည်းက ကေအဲန်ယူ ထိန်းချုပ်နယ်မြေတွေမှာ နှစ်စဉ် နှစ်တိုင်း ကရင့်အာဇာနည်နေ့ အထိမ်းအမှတ် ကျင်းပခဲ့ကြပါတယ်။ တပ်မတော် နဲ့ အပစ်အခတ်ရပ်စဲရေး လုပ်ပြီးနောက်ပိုင်း ကရင့်အာဇာနည်နေ့ကို လက်နက်ကိုင် နယ်မြေတွေမှာ ကျင်းပသလို၊ တစ်ချို့ အစိုးရထိန်းချုပ်နယ်မြေတွေမှာလည်း ကျင်းပလာနိုင်ခဲ့ပါတယ်။ အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ ငြိမ်းချမ်းရေး ဆွေးနွေးနေချိန် ဖြစ်သလို ခန်းမလို နေရာမှာ၊ ကျေးလက်လို နေရာတွေမှာ ကျင်းပခဲ့တာမို့ ဘာပြသနာမှ မရှိခဲ့ဘူးလို့ နော်အုန်းလှနဲ့ ကရင်တိုင်းရင်းသား တစ်ချို့က ဆိုပါတယ်။

ဒါပေမယ့် အခုနောက်ပိုင်း ခန်းမတွေ၊ ဘုန်းတော်ကြီး ကျောင်းတွေနဲ့ ကျေးလက်မှာ ကရင်အာဇာနည်နေ့ အခန်းအနား ကျင်းပတာကို အာဏာပိုင်တွေ ဘက်က ကန့်သတ်လာရာကနေ ခုလို ပြသနာတွေ စပြီး ဖြစ်လာတာလို့ ရန်ကုန်မြို့လယ် မဟာဗန္ဓုလ ပန်းခြံအတွင်း ကျင်းပတဲ့ ကရင့်အာဇာနည်နေ့ အခန်းအနားမှာ နော်အုန်းလှက ပြောခဲ့ပါတယ်။ အလားတူ ဧရာဝတီတိုင်း ဝန်ကြီးချုပ်ကိုယ်စား ကရင်တိုင်းရင်းသားရေးရာ ဝန်ကြီးလက်မှတ်နဲ့ ထုတ်ပြန်တဲ့ ညွှန်ကြားချက် တစ်စောင်မှာ အခန်းအနား ကျင်းပမှာကို တားမြစ်တာ မရှိပေမယ့် “ ကရင်အာဇာနည် ” ဆိုတဲ့ အသုံးအနှုန်း မသုံးဖို့ ကန့်သတ်တာကိုတော့ တွေ့မြင်ကြရပါတယ်။ ဥပမာအားဖြင့် စောဘဦးကြီးနေ့ ဘာညာ လွဲှပြီး သုံးဖို့ ဖြစ်ပုံရပါတယ်။ အာဏာပိုင်တွေရဲ့ အဲလို ကန့်သတ်ချုပ်ခြယ်မှုဟာ အခု ရန်ကုန်မြို့လည်မှာ ကရင်တိုင်းရင်းသားတွေ ဆန္ဒပြရတဲ့ အခြေအနေထိ ဆိုက်ရောက်သွားစေခဲ့ပါတယ်။

တကယ်တော့ ပြည်ထောင်စုရဲ့ အာဇာနည် ပုဂ္ဂိုလ်ဟာ အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း နဲ့ အပေါင်းအပါတွေဆိုတာ ဘယ်သူမှ အငြင်းမပွားကြပါဘူး။ အလားတူ တိုင်းရင်းသား အသီးသီးမှာလည်း သူတို့ရဲ့ ကိုယ်ပိုင် အမှတ်လက္ခဏာအရ သူတို့ခေါင်းဆောင်တွေ၊ အာဇာနည် ပုဂ္ဂိုလ်တွေ၊ အထိမ်းအမှတ်နေ့တွေ စသဖြင့် ရှိကြပါတယ်။ ပြည်ထောင်စု စိတ်ဓာတ်၊ တိုင်းရင်းသား တန်းတူရေး စိတ်ဓာတ် ထားတယ်ဆိုရင် အဲဒါမျိုး အသိအမှတ်ပြုပေးဖို့ လိုပါလိမ့်မယ်။

အခု ကရင့်လက်နက်ကိုင် တော်လှန်ရေးက သတ်မှတ်ပေးလိုက်တဲ့ ကရင့်အာဇာနည် စောဘဦးကြီး ဆိုတာဟာ လက်ရှိ ကရင်လက်နက်ကိုင် အဖွဲ့အားလုံး၊ ကရင် တိုင်းရင်းသား အားလုံး လက်ခံထားကြတဲ့ တစ်ဦးတည်းသော ခေါင်းဆောင်ပါ။ သူ့ရဲ့ ကရင့်ကံကြမ္မာ ကရင်ဖန်တီးဖို့ ပါဝင်တဲ့ စောဘဦးကြီး မူလေးချက် ဆိုတာကိုလည်း လက်ရှိ ကရင်လက်နက်ကိုင် အစုအဖွဲ့ အားလုံး ကိုင်စွဲထားဆဲ ဖြစ်ပါတယ်။

အခုပြသနာမှာ ကရင်တွေက အာဇာနည်အဖြစ် သတ်မှတ်တဲ့ စောဘဦးကြီးဟာ မြန်မာ့တပ်မတော် လက်ချက်နဲ့ ကျဆုံးခဲ့ရတာ ဖြစ်လို့ တပ်မတော်နဲ့ အစိုးရဘက်က အသိအမှတ်ပြုဖို့ ခက်ခဲသည် ဆိုစေဦး၊ ဒီထက် သေးငယ်တဲ့ အခြား ပြသနာတွေ အများကြီးရှိနေပါသေးတယ်။ ဥပမာအားဖြင့် ပြီးခဲ့တဲ့ စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပတဲ့ မွန်ပြည်နယ် လွှတ်တော် အစည်းအဝေးမှာ သထုံ အမှတ်(၁) ကိုယ်စားလှယ် ဒေါ်ခိုင်ခိုင်လဲ့က တိုင်းရင်းသား အခွင့်အရေးနဲ့ ပတ်သက်တဲ့ မေးခွန်းတစ်ခု မေးမြန်းခဲ့ပါတယ်။ သူက တိုင်းရင်းသား လူမျိုးတွေရဲ့ သန်းခေါင်စာရင်း၊ မှတ်ပုံတင်၊ နိုင်ငံသား စိစစ်ရေးကဒ်ပြား တွေမှာ လူမျိုးနဲ့ သက်ဆိုင်တဲ့ အခေါ်အဝေါ်တွေ ထည့်သွင်းရေးသား ဖော်ပြပေးဖို့ ရှိမရှိ၊ အရင်က မှားယွင်း ထည့်သွင်းဖော်ပြခံရသူတွေကိုလည်း ပြန်ပြီး ပြင်ဆင် ဖော်ပြပေးဖို့ ရှိမရှိ မေးခဲ့ပါတယ်။ ဒါကို မွန်ပြည်နယ် လဝက ဝန်ကြီးက ကာယကံရှင်က ပြောတဲ့ အခေါ်အဝေါ်ကို ထည့်သွင်းပေးမယ်၊ အရင် မှားယွင်းခဲ့တာတွေကို ပြင်ဖို့ကတော့ ပြည်ထောင်စု အဆင့်အထိ တင်ပြရမယ် ဆိုပြီး ဖြေခဲ့ပါတယ်။

ဒီမေးခွန်းနဲ့ အဖြေရဲ့ နောက်ကွယ်မှာ ရှိနေတဲ့ ပြသနာကြီးက တိုင်းရင်းသား နာမည်တွေ ရှေ့မှာ သူ့တိုင်းရင်းသား အမှတ်လက္ခဏာ စော၊ စိုင်း၊ မင်း၊ နော်၊ နန်း၊ မိ စသဖြင့် ရှိပါလျက်သားနဲ့ ဦး၊ ဒေါ်၊ မောင်၊ မ ရှေ့က တပ်ပြီး နှစ်ပေါင်းများစွာ ဗမာမှု လုပ်ခဲ့ကြလို့ပါပဲ။ တစ်ချို့ ကျောင်းအုပ်တွေ၊ လဝက အရာရှိတွေဆိုရင် တိုင်းရင်းသား နာမည်တွေကို ဗမာလို ခေါ်လို့လွယ်တဲ့ နာမည် ပြောင်းတပ်ပေးတာမျိုးတောင် လုပ်တတ်ကြပါတယ်။ အဲလို မှားယွင်းခဲ့မှုတွေ အတွက် နိုင်ငံသား စိစစ်ရေးကဒ်မှာ၊ Passport မှာ၊ အိမ်ထောင်စုဇယားမှာ ပြန်ပြင်ချင်တယ် ဆိုရင်တောင် ပြည်ထောင်စု ဝန်ကြီး အဆင့်လောက်အထိ တင်ရမှာ ဆိုတော့ အမှားတွေကို မပြင်ဆင်ပေးချင်ဘူး ဆိုတဲ့ သဘောမျိုး သက်ရောက်စေပါတယ်။ ဒါလောက်ပဲလား ဆိုတော့ မကသေးပါဘူး။ အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း ၂၀၁၄ ခုနှစ်က မြန်မာနိုင်ငံမှာ သန်းခေါင်စာရင်း ကောက်ခဲ့တာမို့ ခုဆို ၅ နှစ်ကျော်ရှိပါပြီ။ ခုချိန်ထိ တိုင်းရင်းသား လူမျိုးတွေနဲ့ ဆိုင်တဲ့ အချက်အလက်တွေ ထုတ်ပြန်မပေးနိုင်သေးပါဘူး။ အကြောင်းကတော့ အရင် စစ်အာဏာရှင်တွေ လက်ထက်က လုပ်ခဲ့တဲ့ တိုင်းရင်းသား ၁၃၅ မျိုးဆိုတာကို ကျောရိုးယူထားတာ၊ ဖြည့်စွက်ရမယ့် နေရာတွေမှာလည်း နမူနာအားဖြင့် ကချင်လို့ ဖြည့်ချင်လည်းရတယ်၊ ဂျင်းဖေါလို့ ဖြည့်ချင်လည်း ရတယ် စသဖြင့် မရှင်းမလင်း လုပ်ထားတာတွေကြောင့် ဒီနေ့ထက်ထိ မထုတ်ပြန်နိုင်သေးတာလို့ နားလည်ရပါတယ်။

မြန်မာနိုင်ငံမှာ တိုင်းရင်းသား တန်းတူရေး ပြသနာဟာ ကာလကြာရှည် စစ်ပွဲ ဖြစ်ပွားနေရသည် အထိ ကျယ်ပြန့်ပါတယ်။ ဒီ ပြသနာပြေလည်ရေး အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသား လက်နက်ကိုင်တွေ ဝိုင်းဖြေရှင်းနေကြတာလည်း မှန်ပါတယ်။ ဒါပေမယ့် တိုင်းရင်းသား အချင်းချင်းကြား နက်နက်ရှိုင်းရှိုင်း အမြစ်တွယ်နေတဲ့ တန်းတူရေး ဆိုင်ရာ ပြသနာတွေကိုတော့ သတိပြုမိကြတာ နည်းသလို၊ အစိုးရဖွဲ့နိုင်တဲ့ ဗမာလူများစုတွေဘက်က စနစ်တကျ ကိုင်တွယ်ဖြေရှင်းပေးတာမျိုးလည်း မတွေ့ရသလောက်ပါပဲ။ ဒီ ပြသနာတွေကို အသိအမှတ်မပြု၊ ကိုင်တွယ် ဖြေရှင်းတာမျိုးလည်း မလုပ်ပဲနဲ့ ပြည်တွင်းစစ်ရပ်စဲပြီး ပြည်တွင်းငြိမ်းချမ်းရေး ရအောင် အကောင်အထည် ဖော်နိုင်လိမ့်မယ် ဆိုတာမျိုးကတော့ ဖြစ်နိုင်လိမ့်မယ် မထင်ကြောင်းပါ။

--------------

Unicode Version



တိုက်ရိုက် လင့်ခ်


XS
SM
MD
LG