သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၀န်ထမ်းတွေကို ကားပါမစ် ချီးမြှင့်တာ ဖြစ်သင့်သလား


ရန်ကုန်သီလဝါဆိပ်ကမ်းမှာ အကောက်ခွန်ဌာနကခွ င့်ပြုချက်ရဖို့ စောင့်နေတဲ့ ပြည်ပကတင်သွင်းလာတဲ့ တပတ်ရစ်ကားများ (စက်တင်ဘာလ ၃၀၊ ၂၀၁၃)
ရန်ကုန်သီလဝါဆိပ်ကမ်းမှာ အကောက်ခွန်ဌာနကခွ င့်ပြုချက်ရဖို့ စောင့်နေတဲ့ ပြည်ပကတင်သွင်းလာတဲ့ တပတ်ရစ်ကားများ (စက်တင်ဘာလ ၃၀၊ ၂၀၁၃)
တိုက်ရိုက် လင့်ခ်

Zawgyi/ Unicdoe

ပြီးခဲ့တဲ့ ၂၀၂၀ ဇန်နဝါရီ ၉ ရက်နေ့က နေပြည်တော်မှာ စီးပွား-ကူးသန်း ဝန်ကြီး အပါအဝင် ဌာနဆိုင်ရာ တာဝန်ရှိသူတွေနဲ့ မော်တော်ကား တပ်ဆင် ထုတ်လုပ်တဲ့၊ တင်သွင်းတဲ့ ကုမ္ပဏီ တာဝန်ရှိသူတွေ တွေ့ဆုံဆွေးနွေးပါတယ်။ အဓိက အကြောင်းအရာကတော့ ဝန်ကြီးဌာနဘက်က ပြည်သူ့ဝန်ထမ်းတွေနဲ့ နိုင်ငံဝန်ထမ်းတွေကို ကားပါမစ် ချပေးမယ့် အစီအစဉ်အကြောင်း ရှင်းလင်း ပြောဆိုတာပါ။ အစိုးရရဲ့ ဒီ အစီအစဉ်နဲ့ ပတ်သက်ပြီး ဝေဖန်မှု ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပါတယ်။ နိုင်ငံရေး သမားတွေဘက်ကတော့ အစိုးရဟာ ရွေးကောက်ပွဲ နီးလာချိန်မှာ ဝန်ထမ်းတွေကို ကားပါမစ်ပေးပြီး မဲဆွယ်တယ်၊ ကားနဲ့ ပတ်သက်ပြီး စီးပွားရေး လုပ်တဲ့ လုပ်ငန်းရှင်တွေဘက်ကတော့ အခွန်ကင်းလွတ်ခွင့်ရတဲ့ ကားတင်သွင်းမှု အရည်အတွက် များလာပြီး ကားဈေးကွက်ကို ထိခိုက်နိုင်တယ်၊ သာမန်ပြည်သူတွေကျတော့ အစိုးရဟာ ဝန်ထမ်းတွေကို အခွင့်ထူးခံတွေဖြစ်အောင် လုပ်တယ် စသဖြင့် ဖြစ်ပါတယ်။ အစိုးရရဲ့ ကားပါမစ် ထုတ်ပေးမယ့် အစီအစဉ်ဟာ ဘယ်လိုမျိုးလဲ၊ ဒါဟာ အစိုးရ တစ်ရပ် အနေနဲ့ လုပ်သင့် လုပ်ထိုက်လို့ လုပ်ရတာမျိုးလား ဆိုတာ လေ့လာ တင်ပြသွားပါ့မယ်။

လက်ရှိ အစိုးရရဲ့ ဝန်ထမ်းတွေကို ကားတင်သွင်းခွင့် ပါမစ် ထုတ်ပေးမယ့် အစီအစဉ်မှာ အကျုံးဝင်သူတွေကတော့ ပထမ အဆင့်မှာ ညွှန်ကြားရေးမှူးချုပ်နဲ့ အထက် အဆင့် ဝန်ထမ်းတွေ ပါဝင်ပါတယ်။ ပြည်သူ့ဝန်ထမ်းနဲ့ နိုင်ငံ့ဝန်ထမ်း ခွဲခြားထားတဲ့ သဘောကတော့ ပြည်သူက ရွေးကောက် တင်မြှောက်လို့ တက်လာတဲ့ သမ္မတ နဲ့ အစိုးရအဖွဲ့က ခန့်အပ်ထားတဲ့ ဝန်ထမ်းတွေနဲ့ အစိုးရ လခစား အလုပ်ကို တောက်လျောက် လုပ်လာတဲ့ နိုင်ငံ့ဝန်ထမ်း ဆိုပြီး နှစ်မျိုးခွဲထားတာ ဖြစ်ပါတယ်။ လက်ရှိ ပထမ အဆင့်မှာ ညွှန်ချုပ်နဲ့ အထက်အဆင့်တွေ အကျုံးဝင်တာမို့ နိုင်ငံ့ဝန်ထမ်းဘက်က ဆိုရင် ညွှန်ချုပ်နဲ့ အမြဲတန်း အတွင်းဝန်လောက်ပဲ ပါဝင်ပါတယ်။

ပြည်သူ့ဝန်ထမ်းတွေ ဘက်ကတော့ နိုင်ငံတော် သမ္မတ၊ နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်၊ ဝန်ကြီး ဒုဝန်ကြီးတွေ၊ ပြည်နယ်နဲ့ တိုင်း ဝန်ကြီးချုပ်တွေ၊ ဝန်ကြီးတွေ၊ သူတို့တွေနဲ့ အဆင့်တူတဲ့ လွှတ်တော် ဥက္ကဌ၊ ဒုဥက္ကဌ တွေ၊ တရားသူကြီးချုပ်ရုံး၊ ရှေ့နေချုပ်ရုံး၊ စာရင်းစစ်ချုပ်ရုံး၊ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်၊ လူ့အခွင့်အရေး ကော်မရှင်၊ စတဲ့ စတဲ့ ဌာနနဲ့ ရုံးတွေက အရာရှိကြီးတွေ ပါဝင်ကြမှာပါ။ နောက်တစ်ဆင့်မှာတော့ ဒုညွှန်ချုပ်တွေ အပါအဝင် လုပ်သက် ၂၅ နှစ်ပြည့်ပြီး ဝန်ထမ်းကောင်း လက်မှတ် ရပြီးတဲ့ ရိုးရိုးဝန်ထမ်းတွေ ပါဝင်မယ်လို့ သိရပါတယ်။ အဲဒီမှာတော့ အရည်အတွက် ပိုများနိုင်ပါတယ်။ ပြည်ထောင်စု အဆင့်၊ ပြည်နယ်နဲ့ တိုင်းအဆင့် ရိုးရိုး လွှတ်တော် အမတ်တွေ ပါလား မပါဘူးလား ဆိုတာကိုတော့ ဝန်ကြီး ဒေါက်တာသန်းမြင့်က အဖြေမပေးနိုင်ပါဘူး။ ဒါကလည်း ပြည်ထောင်စု အဆင့်၊ ပြည်နယ်နဲ့ တိုင်းအဆင့် အမတ်တွေဟာ ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံဝန်ထမ်းတွေရဲ့ ဘယ်အဆင့်နဲ့ တူညီသလဲ ဆိုတာ ဖွင့်ဆိုချက် တိတိကျကျ မရှိသေးလို့ ဖြစ်နိုင်ပါတယ်။ ဒီလို ပါမစ် ချီးမြှင့်မယ့် အထဲ တပ်မတော်နဲ့ ပြည်ထဲရေး လက်အောက်က ရဲအရာရှိကြီးတွေ ပါဝင်မယ့် ကိစ္စကတော့ နောက်ပိုင်း ညှိနှိုင်း ဆွေးနွေးကြရလိမ့်မယ်လို့ ပြည်ထောင်စု ဝန်ကြီးက ပြောသွားပါတယ်။

ကားပါမစ် ပေးမယ့် ကိစ္စနဲ့ ပတ်သက်ပြီး စီးပွား-ကူးသန်း ဝန်ကြီးဌာနက အဆင့်လိုက် သတ်မှတ်ချက် ထုတ်ပြန်ပြီးသားပါ။ အဲဒီထဲမှာ နိုင်ငံတော် သမ္မတနဲ့ နိုင်ငံတော်ဇ။် အတိုင်ပင်ခံ ပုဂ္ဂိုလ်တို့ကို ရန်ကုန် ဆိပ်ကမ်းအရောက် တန်ဘိုး ကျပ် သိန်း ၁၅၀၀၊ တစ်နည်းအားဖြင့် ဒေါ်လာ တစ်သိန်းတန် ကားအထိ တင်သွင်းခွင့်ပြုမယ်လို့ ဆိုပါတယ်။ ဒုသမ္မတတွေ အပါအဝင် အခြားသူတွေ အနေနဲ့ ကျပ် သိန်း ၁၂၀၀ ကနေ ကျပ် သိန်း ၃၀၀ တန်ကားအထိ ရာထူး အဆင့်အလိုက် တင်သွင်းခွင့်ရကြမယ်လို့ ထုတ်ပြန်ထားပါတယ်။

တကယ်တော့ ကားတင်သွင်းခွင့် ဆိုတာ အထူးအဆန်းတော့ မဟုတ်ပါဘူး။ လက်ရှိ အစိုးရရဲ့ ပေါ်လစီအရ နိုင်ငံသားတိုင်း ကြိုက်နှစ်သက်ရာ ကားတစ်စီး စီ တင်သွင်းခွင့် ရှိနေပါတယ်။ ဒါပေမယ့် ထူးခြားချက်ကတော့ လောလောဆယ် အစိုးရကနေ ဝန်ထမ်းတွေကို ကားတင်သွင်းခွင့် ပါမစ် ပေးမယ့် ကိစ္စမှာ အခွန် လျော့ပေါ့ပေးမယ့် အခွင့်အရေး ပေးထားတာပါ။

လတ်တလော တစ်ဦးချင်းပါမစ် နဲ့ ကားတင်သွင်းတာတွေကိုကြည့်ရင် လူတစ်ယောက်ဟာ ဆိပ်ကမ်းအရောက် ကားတန်ဘိုးရဲ့ ၁၀၀ ရာခိုင်နှုန်း အထက်ကို အခွန်အခ အနေနဲ့ ဆောင်ပြီးမှ လိုင်စင်ရ၊ အသုံးပြုခွင့်ရနေတာပါ။ အဓိက ကတော့ တင်သွင်းလာတဲ့ ကားအတွက် အကောက်အခွန်နဲ့ ကညန မှာလိုင်စင်ဝင်ရတဲ့ အခွန်တွေပဲ ဖြစ်ပါတယ်။ အခု အစိုးရကနေ တင်သွင်းလာတဲ့ ကားတွေအတွက် အဲဒီ အခွန်နှစ်မျိုး ကင်းလွတ်ခွင့် ပြုမှာ ဖြစ်တဲ့အတွက် အဲဒီ ဆောင်ရမယ့် အခွန်အခဟာ အစိုးရရဲ့ ချီးမြှောက်မယ့် ငွေ ပမာဏ ဖြစ်လာမှာ ဖြစ်ပါတယ်။ အဲဒီငွေဟာ နောင် သွင်းလာမယ့် ကားတန်ဘိုးကို လိုက်ပြီး ရှိလာနိုင်တဲ့ ကားပါမစ် ပေါက်ဈေး ဖြစ်လာမှာပါ။

နောက်တစ်ချက် ပြည်သူတွေ ဝေဖန်ကြတာက ဝန်ထမ်းတွေ အနေနဲ့ ပါမစ်ကို လက်လွဲှရောင်းစားပြီး ရလာတဲ့ ငွေကိုပဲ ခံစားကြမယ့် သဘောပါ။ အဲဒါကလည်း သဘာ၀ ကျပါတယ်။ အခု ခွင့်ပြုလိုက်တာဟာ ကားတင်သွင်းခွင့် ပါမစ် ဖြစ်ပေမယ့် ဝန်ထမ်းဖြစ်စေ၊ ပြည်သူတွေ ဖြစ်စေ ဘယ်သူမှ ဂျပန်၊ ကိုရီးယား စတဲ့ နိုင်ငံတစ်ခုခုက ကားတစ်စီးကို နိုင်ငံခြား ဘဏ်အကောင့်န် နဲ့ ဝယ်ပြီး၊ မြန်မာနိုင်ငံထဲ သွင်းလာ၊ ဆိပ်ကမ်းရှင်းလင်း၊ အခွန်ဆောင်၊ လိုင်စင်လျောက် စတဲ့ လုပ်ငန်းတွေကို မလုပ်နိုင်ကြပါဘူး။ ဒီ လုပ်ငန်းတွေ အားလုံးကို ကျွမ်းကျင်တဲ့ အေးဂျင့် ကုမ္ပဏီတွေကပဲ သီးသန့် လုပ်ကြတာမျိုး ဖြစ်ပါတယ်။ ဒီလိုနည်းနဲ့ မြန်မာနိုင်ငံသားတွေရဲ့ တစ်ဦးချင်း ကားတင်သွင်းခွင့်နဲ့ပဲ ကားအရည်အတွက် သိန်းနဲ့ချီ မြန်မာနိုင်ငံထဲ ရောက်လာတာပါ။ ဒါကြောင့် ကားတင်သွင်းခွင့် ပါမစ်ရတဲ့ ဘယ်ဝန်ထမ်းကမှ ကိုယ့်ဖာသာကိုယ် ကားတင်သွင်းတာကို မလုပ်နိုင်တာကတော့ လုံး၀ သေခြာပါတယ်။ ဒီအတွက် အေးဂျင့်ကို အပ်တာ၊ ကိုယ့်လက်ထဲ ရောက်မှ ပြန်ရောင်းပြီး အမြတ်ရှာမှာ၊ ဒါမှမဟုတ် ပါမစ်ကိုပဲ လုံး၀ ရောင်းလိုက်တာမျိုး လုပ်မှာကတော့ အသေအခြာပါပဲ။

ဒီနေရာမှာ အစိုးရဟာ နိုင်ငံတကာနဲ့ ယှဉ်ရင် လစာ နည်းနေတဲ့ ပြည်သူ့ဝန်ထမ်းတွေ၊ နိုင်ငံ့ ဝန်ထမ်းတွေကို ချီးမြှောက်တယ်၊ ချီးမြှင့်တယ် ဆိုတာကတော့ မှန်ပါတယ်။ အဂတိလိုက်စားမှုဘက် လုံး၀ ရောက်မသွားအောင် ဆွဲဆောင်တယ် ဆိုတာမျိုးကလည်း ဖြစ်သင့်ပါတယ်။ နောက် အရင် စစ်အာဏာရှင်တွေတုန်းကလို ကိုယ်နဲ့ နီးစပ်သူတွေကို ကားပါမစ်၊ ဖုန်းပါမစ်၊ မြေ၊ တိုက်ခန်း၊ အိမ်ယာတွေကို ဈေးပေါပေါနဲ့ ဝယ်ယူခွင့်တွေကို လက်သိပ်ထိုး ချီးမြှင့်တာမျိုးနဲ့ နှိုင်းယှဉ်ရင် အားလုံးတပြေးညီ အခွင့်အရေးပေးပြီး ပွင့်လင်းမြင်သာစွာ လုပ်ကိုင်တာမို့ အားပေး အားမြှောက်ဖို့ သင့်ပါတယ်။ ဒါပေမယ့် အဲဒီ ချီးမြှောက်မှုဟာ ကားပါမစ် ပေးပြီး ရောင်းစားခိုင်းတဲ့ စနစ်တော့ မဖြစ်သင့်ပါဘူး။ အကြောင်းကတော့ မြန်မာနိုင်ငံမှာ လူတစ်ယောက် ကားပါမစ် တစ်စောင်ပေးပြီး ကားတင်သွင်းခွင့်ပြုတယ် ဆိုတဲ့ စနစ်ကြီးကိုက မှားယွင်းနေလို့ပါပဲ။ နိုင်ငံတကာ နည်းတူ ကုမ္ပဏီတွေကိုပဲ ပြည်တွင်းမှာ ကားထုတ်လုပ်တဲ့ စက်ရုံ ထောင်ခွင့်ပေးတာ၊ တပ်ဆင် ထုတ်လုပ်စေတာ၊ ကားသွင်းခွင့်ပေးပြီး အရောင်းစင်တာတွေ ဖွင့်ခွင့်ပေးတာ၊ အဲဒီ အပေါ်မှာ အစိုးရက ထိုက်သင့်တဲ့ အခွန်ကောက်၊ ပြည်သူတွေ လွတ်လွတ်လပ်လပ် ရွေးချယ် ဝယ်ယူတာမျိုးပဲ ဖြစ်သင့်ပါတယ်။ အခု တစ်ဦးချင်းပါမစ် စနစ်မှာက လူပေါင်း သိန်းနဲ့ချီ ပါဝင် ပတ်သက်နေရသလို၊ အဲဒီ လုပ်ငန်းဆောင်တာ အမှုတွဲပေါင်းများစွာ၊ အဆင့်ပေါင်းများစွာကို ဝန်ထမ်း အင်အားပေါင်းများစွာ အသုံးပြု လုပ်ကိုင်နေရပြီး လာဘ်ပေးလာဘ်ယူမှုပေါင်းများစွာ ထွန်းကားနေလို့ပါပဲ။ ဖြစ်သင့်တာက အစိုးရ အနေနဲ့ နိုင်ငံတကာ နည်းတူ အခွန်ကို ရသင့်သလောက် ရအောင်ကောက်၊ အဲဒီ ရလာတဲ့ ဘတ်ဂျက်တွေထဲကမှ ဝန်ထမ်းတွေကို ခွဲေ၀ ချီးမြှင့်၊ ချီးမြှောက်တာမျိုး ဖန်တီးပေးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။











XS
SM
MD
LG