သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မိုးထိမိုးမိ အရှုပ်တော်ပုံ ဇာတ်သိမ်းခန်း နီးနေပြီလား


မိုးထိမိုးမိ ရွှေတူးဖေါ်ရေးလုပ်ငန်းနေရာ NPGPG Gold Mine ( ဓါတ်ပုံ- NPGPG Gold Mine's Facebook)

အခုရက်ပိုင်း ပြည်သူတွေ စိတ်ဝင်စားမှု အများဆုံး သတင်းကတော့ မိုးထိမိုးမိ ရွှေတူးဖော်ရေး လုပ်ငန်း အရှုပ်တော်ပုံမှာ ပါဝင်ပတ်သက်နေတဲ့ ၀န်ကြီးဌာနက ဦးဆောင်ညွှန်ကြားရေးမှူးရော၊ ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာပါ နှစ်ဖက်စလုံး အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ နဲ့ တရားစွဲ ဖမ်းဆီးခံရခြင်းပါ။ တနင်္သာရီတိုင်း ၀န်ကြီးချုပ် ဒေါက်တာလဲ့လဲ့မော် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေနဲ့ ဖမ်ဆီးခံရပြီးနောက် ဒီ သတင်း လူ စိတ်အ၀င်စားဆုံး ဖြစ်ပါတယ်။ နောက်ထပ် ထူးတာ တခုက အဂတိ လိုက်စားလို့ မဟုတ်ပဲ၊ အဂတိ လိုက်စားပါတယ် ဆိုပြီး အချိန်ယူ စနစ်တကျ အကွက်ကျကျ ပြင်ဆင်ပြီးမှ လိမ်လည် တိုင်တန်းတဲ့အတွက် ကုမ္ပဏီ အရာရှိ တစ်ယောက်ကို ပထမ ဦးဆုံးအဖြစ် အရေးပြလိုက်လို့ ဖြစ်ပါတယ်။ အရှုပ်တော်ပုံကြီးလို ဖြစ်နေတဲ့ မိုးထိမိုးမိ ရွှေလုပ်ကွက် ပြသနာမှာ ၀န်ကြီးဌာန ဘက်ကလူရော၊ ကုမ္ပဏီဘက်က လူတွေပါ ဘာလို့ အရေးယူ ခံရတာလဲ၊ ဒီ ပြသနာ ဘယ်လို ပြသနာမျိုးလဲ၊ ဘယ်သူတွေ ပတ်သက်နေပြီး ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

သတ္တုတွင်းဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင် အဂတိလိုက်စားမှု ဥပဒေနဲ့ အရေးယူခံရတာကတော့ သိပ် မဆန်းကြယ်ပါဘူး။ အစိုးရ တာဝန်ရှိသူဖြစ်တယ်၊ အဂတိလိုက်စားတယ်၊ စတဲ့ အချက်တွေကြောင့် တခြားသော ဖမ်းဆီး တရားစွဲ ခံရသူတွေနည်းတူ အရေးယူ ခံရတာမျိုးပါ။ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ထုတ်ပြန်ချက်ထဲမှာတော့ အမှတ်(၂) သတ္တုတွင်း လုပ်ငန်း ဦးဆောင်ညွှန်ကြားရေးမှူး ဦးသံဒိုင်ဟာ သူပိုင် မြေကွက် မြေဖို့ဖို့၊ အိမ်ဆောက်တဲ့ အင်ဂျင်နီယာကို ငွေပေးဖို့၊ သင်္ကြန်ပိတ်ရက် သူ့မိသားစု ငပလီ ကမ်းခြေ အပန်းဖြေ ခရီးထွက်တဲ့ ဟော်တယ်အခန်းခ ပေးချေဖို့ ကုမ္ပဏီ တစ်ခုကို စေခိုင်းခဲ့တယ်လို့ ဆိုပါတယ်။ ကော်မရှင် ထုတ်ပြန်ချက်မှာ ဘယ်ကုမ္ပဏီကို ငွေပေးချေခိုင်းသလဲ ဆိုတာ ဖော်ပြမထားပေမယ့် မတ်လ ၂၁ ရက်နေ့ Speaker ဂျာနယ်နဲ့ အမျိုးသားကြီးပွား တိုးတက်ရေး ကုမ္ပဏီ မန်နေးဂျင်းဒါရိုက်တာ ဦးထွန်းအောင်စိုး ရဲ့ အင်တာဗျူးမှာတော့ တိုင်တန်းသူဟာ အဲဒီ မိုးထိမိုးမိ ရွှေလုပ်ကွက် (၁) လုပ်နေတဲ့ ကုမ္ပဏီပဲ ဆိုတာ တွေ့ကြရပါတယ်။ အင်တာဗျူးမှာ ဦးထွန်းအောင်စိုး က “သူတို့ရဲ့ အဆောက်အဦ ဆောက်လုပ်ရာမှာ အင်ဂျင်နီယာဖိုးနဲ့ မြေဖို့ခ၊ ဟိုတယ် အခန်းခတွေ ဆောင်ရွက်ပေးရတယ်” ဆိုပြီး ပြောဆိုထားပါတယ်။

အဲဒီ မိုးထိမိုးမိမှာ ရွှေတူးတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ မန်နေးဂျင်း ဒါရိုက်တာ ဦးထွန်းအောင်စိုး တရားစွဲခံရတာကတော့ နည်းနည်းထူးခြားပါတယ်။ ကော်မရှင်ထုတ်ပြန်ချက်မှာ သူဟာ မိုးထိမိုးမိ ရွှေလုပ်ကွက်တွေမှာ တရားမ၀င် ရွှေတူးသူတွေနဲ့ အဂတိ လိုက်စားပြီး ရွှေခိုးတူးရာမှာ ပူးပေါင်းပါဝင်တဲ့ တာဝန်ကျ ၀န်ထမ်းတွေကို စုံစမ်းအရေးယူပေးဖို့ ဆိုပြီး အဂတိ ကော်မရှင်ဆီ တိုင်ကြားခဲ့တယ်လို့ ဆိုပါတယ်။ စစ်ဆေးတွေ့ရှိချက်တွေအရ ရွှေခိုးတူးလို့ အမှုဖွင့် ဖမ်းထားတဲ့ ဦးအေးကိုပါ (၁၀) ယောက်ကို ဦးထွန်းအောင်စိုးရဲ့ ညွှန်ကြားချက်နဲ့ ကုမ္ပဏီ တာဝန်ရှိသူ နှစ်ယောက် ရမည်းသင်း ထောင်မှာ သွားတွေ့တယ်လို့ ဆိုပါတယ်။ အဲဒီ လူတွေက ဦးအေးကိုနဲ့ အဖွဲ့ကို သူတို့အနေနဲ့ သတ္တုတွင်း ၀န်ထမ်းတွေနဲ့ လုံခြုံရေးရဲဝန်ထမ်းတွေကို ငွေပေးပြီး ရွှေခိုးတူးတာ ဖြစ်တယ်လို့ လိမ်လည် ထွက်ဆိုခိုင်းတယ်လို့ ဆိုပါတယ်။ အဲလို ထွက်ဆိုရင် အမှုသက်သာအောင် ဆောင်ရွက်ပေးမယ်၊ ငွေပေးမယ် ပြောခဲ့တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင် ဦးထွန်းအောင်စိုးဟာ ဦးသိန်းမြင့်ပါ ၄ ယောက်ကို သတင်းစာရှင်းလင်းပွဲ လုပ်ပြီး မမှန်တဲ့အချက်အလက်တွေ သတင်းဌာနတွေကို ပြောဖို့၊ ကော်မရှင်ကို တိုင်ဖို့ စီစဉ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် သူတို့နဲ့ ရွှေတူးရာမှာ ပူးပေါင်းလုပ်ခဲ့တဲ့ ကုမ္ပဏီ (၈) ခု နာမည်သုံးပြီး နိုင်ငံ့ဝန်ထမ်းတွေဟာ ငွေကြေးယူပြီး တရားမ၀င် ရွှေခိုးတူးခွင့်ပြုတယ်၊ ရွှေခိုးတူးသူတွေကိုလည်း လာဘ်ငွေယူပြီး ပြန်လွှတ်ခဲ့တယ် ဆိုပြီး ကော်မရှင်ဆီ လိမ်လည် တိုင်တန်းခဲ့တယ်လို့ ဆိုပါတယ်။ ဒါကြောင့် မမှန်မကန် တိုင်ကြားမှု လုပ်ခဲ့လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၉ အရ အရေးယူခဲ့တာပါ။

ဒီဖြစ်စဉ်ကိုကြည့်ရင် ကုမ္ပဏီ ဒါရိုက်တာ ဦးထွန်းအောင်စိုးဟာ ၀န်ကြီးဌာန တာဝန်ရှိသူတွေ ဒုက္ခရောက်အောင် အကွက်ကျကျ အချိန်ယူ စီစဉ်ဆောင်ရွက်ခဲ့တာ တွေ့မြင်ရပါတယ်။ အခြား တဖက်မှာတော့ သတင်းစာရှင်းလင်းပွဲတွေလုပ်၊ ရွှေတူး အလုပ်သမား ဆန္ဒပြပွဲတွေလုပ်၊ သတင်းမီဒီယာတွေနဲ့ အင်တာဗျူး အကြိမ်ကြိမ်လုပ်ပြီး သူတို့ ကုမ္ပဏီဟာ သတ္တုတွင်း ၀န်ကြီးဌာနရဲ့ မတရားလုပ်တာ ခံနေရာတာပါ၊ သူတို့ ကုမ္ပဏီကို ရွှေတူးဖော်ခွင့်ပြန်ပေးသင့်တယ်၊ အဲလိုမှ မဟုတ်ရင် ၀န်ကြီးဌာနကိုတောင် တရားစွဲဖို့ ကြိုးစားမယ် ဆိုပြီး ပြောဆိုထားသူပါ။

ဒါဆိုရင် မိုးထိမိုးမိ ရွှေတူးဖော်ရေး လုပ်ကွက် အရှုပ်တော်ပုံ ဇာတ်လမ်း အကျဉ်းလောက် ပြန်ပြောဖို့ လိုလာပါတယ်။ ပြီးခဲ့တဲ့ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၁ စက်တင်ဘာမှာ မန္တလေးတိုင်း၊ ရမည်းသင်းမြို့နယ်၊ မိုးထိမိုးမိ ဒေသက ဧက ၆၁၀၀ ကျော်ရှိတဲ့ ဧရိယာမှာ ဦးစိုးထွန်းရှိန် ဥက္ကဌ အဖြစ် ဆောင်ရွက်တဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီက ရွှေတူးဖော်ဖို့ လုပ်ပိုင်ခွင့် တင်ဒါအောင်ပါတယ်။ ၅ နှစ်တာ ထုတ်လုပ်အပြီး ရွှေစင် ၅ တန်ခွဲ ပေးသွင်းမယ်၊ နောက်ပိုင်း စာချုပ်ကို ထုတ်သလောက်ကို ရာခိုင်နှုန်း တစ်ခု ညှိပြီးပေး ပုံစံနဲ့ သက်တမ်း ဆက်တိုးသွားမယ် ဆိုပြီး ပါပါတယ်။ ကုမ္ပဏီဟာ လုပ်နေရင်းနဲ့ တွက်ခြေ မကိုက်ပါဘူး လို့ တင်ပြပြီး ၂၀၁၃ နိုဝင်ဘာ မှာ စာချုပ်ပြန်ပြင်ချုပ်ပါတယ်။ ဒုတိယ စာချုပ်မှာတော့ ၂၀၁၉ သြဂုတ်လ အထိ ၈ နှစ် လုပ်ပိုင်ခွင့် တိုးရသွားပါတယ်။ ဒီလို လုပ်နေ၊ ရွှေတွေ ထုတ်နေပေမယ့်လည်း မကိုက်ပါဘူး ဆိုပြီး ပြောလို့ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရက ၂၀၁၄ စက်တင်ဘာမှာ စာချုပ်ကို ပြန်ပြင်ပြီး ချုပ်ပေးပြန်ပါတယ်။ တတိယ စာချုပ်မှာ ၈ နှစ်ကို ရွှေ ၅ တန်ခွဲ ပေးရမှာကို မပြောင်းပေမယ့် ရွှေပေးသွင်းရမယ့် ပုံစံကို ပြောင်းပေးလိုက်ပါတယ်။ အစပိုင်း တစ်လကို ၂ ပိသာကနေ ၁၅ ပိသာ၊ ၂၀၁၇ နှစ်ဆန်းက စ တစ်လ ပိသာ ၉၀ ကျော်စီ ပေးသွင်းသွားရမယ့် ပုံစံပါ။

ရွှေတွေကို ဆက်ထုတ်ရင်း NLD အစိုးရ လက်ထက် ရောက်တော့ အဲဒါလည်း မကိုက်ဘူးလို့ ဆိုပြန်ပါတယ်။ စာချုပ်ပြန်ပြင်ပေးဖို့ တောင်းဆိုပါတယ်။ NLD အစိုးရဘက်ကတော့ အရင်လို လိုက်လျော မပေးတော့ပဲ Third Party အဖွဲ့ကို စုံစမ်းစစ်ဆေးခိုင်းပါတယ်။ အဲဒီအဖွဲ့ရဲ့ အစီရင်ခံချက်အရ နောက်ဆုံး စာချုပ်အတိုင်း ဆက်ပြီး လုပ်ဖို့ ညွှန်ကြားပါတယ်။ ဒီလိုနဲ့ ကုမ္ပဏီဟာ ရွှေကိုသာ ဆက်လက် တူးနေပေမယ့် စာချုပ်အတိုင်း ပေးသွင်းရမယ့် ရွှေတွေ မပေးသွင်းပဲ နေရင်း အဲဒီ ပမာဏ တဖြေးဖြေး များလာပါတယ်။ ရွှေပေးသွင်းမှု မရှိတော့ နောက်ဆုံး သတ္တုတွင်းဝန်ကြီးဌာန ဘက်က ၂၀၁၈ ဖေဖေါ်ဝါရီမှာ တူးဖော်ခွင့်ပါမစ် ကိုရပ်ဆိုင်း၊ မေလ မှာ စာချုပ်ကို ရပ်စဲလိုက်ပါတယ်။ အဲဒီအချိန်ထိဆို စာချုပ်အရ ကုမ္ပဏီဘက်ကနေ အစိုးရဆီ သွင်းရမယ့် ရွှေဟာ ပိသာ ၁၂၀၀ ကျော်၊ ဒေါ်လာနဲ့ဆို သန်း ၈၀ ကျော်ဖိုးလောက် ရှိနေတာ တွေ့ကြရပါတယ်။ ဒီလို ရွှေကြွေးမပေး၊ ပါမစ် ရပ်ဆိုင်း၊ စာချုပ်ဖျက်သိမ်းချိန်အထိ ရွှေဆက်တူးနေလို့ ကုမ္ပဏီဥက္ကဌ ဦးစိုးထွန်းရှိန်ကို ၀န်ကြီးဌာန ဘက်က တရားစွဲခဲ့ပြီး၊ ဦးစိုးထွန်းရှိန်ကတော့ ဒီကနေ့ အချိန်ထိ ရှောင်ပြေးနေဆဲ ဖြစ်ပါတယ်။

ဝန်ကြီးဌာန နဲ့ ကုမ္ပဏီ အဲလိုပြသနာတွေ ဖြစ်ပြီးနောက်ပိုင်း ၀န်ကြီးဌာန ဘက်က မှားတယ်၊ ကုမ္ပဏီဘက်က မှန်တယ် လို့ ပြောဆိုလာတဲ့ လွှတ်တော်အမတ် ရှိလာသလို၊ ကုမ္ပဏီဘက်ကနေ တကယ့် နာမည်ကြီး လူ့အခွင့်အရေး ရှေ့နေကြီးတစ်ယောက် ကတောင် လိုက်ပါလာတာ တွေ့ရပါတယ်။ ဖြစ်စဉ်အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် စာချုပ်ပါ အစိုးရကို ပေးစရာရှိတဲ့ ကုမ္ပဏီတစ်ခု၊ လုပ်ငန်း ရပ်ဆိုင်းခံထားရချိန် သူ့လုပ်ငန်း ပြန်လုပ်ခွင့် ရအောင် ရှိရှိသမျှသော နည်းနာပေါင်းစုံနဲ့ ကြိုစားတဲ့ ပြသနာကြီးတစ်ခု အဖြစ် ရှုမြင်နိုင်ပါတယ်။ ဇာတ်လမ်းက ဒီလောက်နဲ့ ပြီးသွားဦးမှာတော့ မဟုတ်ပါဘူး။ ဒါပေမယ့် NLD အစိုးရမှန်သလား၊ ကုမ္ပဏီကပဲ မှန်သလား ဇာတ်သိမ်းခန်းကို ကြည့်ရဖို့ အချိန်တော့ နီးကပ်လာပြီ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG