သုံးရလွယ်ကူစေသည့် Link များ

ရခိုင်ပြည်နယ် ပြသနာနဲ့ မြန်မာ့စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု


ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁ ရက်နေ့က နယူးယောက် အခြေစိုက် ဥပဒေလုပ်ငန်း အဖွဲ့ Herzfeld Rubin Meyer & Rose ဟာ မြန်မာနိုင်ငံ ရန်ကုန်က သူတို့ ရုံးခန်းကို ပိတ်ပြီး ထွက်ခွာသွားပါပြီ။ လွန်ခဲ့တဲ့ ၅ နှစ် ၂၀၁၃ ခုနှစ်ကတည်းက မြန်မာနိုင်ငံမှာ လာအခြေစိုက်တဲ့ အဲဒီ ဥပဒေ အကြံပေးအဖွဲ့ဟာ မြန်မာနိုင်ငံထဲ နိုင်ငံခြား ရင်းနှီးမြှုပ်နံှမှုတွေ မြန်မြန်ဆန်ဆန်နဲ့ များများစားစား ဝင်ရောက်လာအောင် လုပ်မယ် ဆိုတဲ့ ရည်မှန်းချက်နဲ့ အလုပ်လုပ်ခဲ့တာ ဖြစ်ပါတယ်။ ခုတော့ ကံမကောင်းအကြောင်းမလှစွာနဲ့ ရုံးခန်းပိတ် ထွက်ခွာသွားပြီဖြစ်လို့ မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေး အတွက် စိတ်ပူပန်စရာ တစ်ခု တိုးလာစေခဲ့ပါတယ်။ သူတို့အဖွဲ့ ခုလို ရုံးခန်း ပိတ်သွားခဲ့ရတာနဲ့ ပတ်သက်ပြီး အမေရိကန်ရှေ့နေ Eric Rose က ပြသနာ သုံးရပ်ကို ထောက်ပြခဲ့ပါတယ်။ ပထမ တစ်ချက်က မြန်မာနိုင်ငံအပေါ် ချမှတ်ထားတဲ့ စီးပွားရေး ပိတ်ဆို့မှု ကျန်နေသေးတာ၊ ဒုတိယ တစ်ချက်က ရခိုင်ပြည်နယ်က ပြသနာ၊ တတိယ တစ်ချက်က မြန်မာအစိုးရရဲ့ စီးပွားရေးနဲ့ ပတ်သက်ပြီး လုပ်ပုံကိုင်ပုံပါ။ အဲဒီ သုံးချက်ထဲမှာမှ စီးပွားရေးနဲ့ မပတ်သက်ပါပဲ စီးပွားရေးကို လာထိခိုက်စေတဲ့ အချက်အဖြစ် ရခိုင်ပြည်နယ် ပြသနာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်က ပြသနာကြောင့် မြန်မာ့စီးပွား ဖွံ့ဖြိုးတိုးတက်ရေးကို ထိခိုက်စေတယ် ဆိုတဲ့ ထင်ရှားတဲ့ သက်သေသာဓက တစ်ခုလည်း ဖြစ်ပါတယ်။ ရခိုင်ပြည်နယ်က ပဋိပက္ခ ပြသနာ ဖြေရှင်းရေး ဘယ်လောက် အရေးကြီးနေပြီလဲ ဆိုတာ လေ့လာ သုံးသပ်ကြည့်ကြရအောင်ပါ။

Eric Rose က ရခိုင်ပြည်နယ်မှာ ရိုက်ခတ်မှု ဖြစ်စဉ်ကြီး နှစ်ကြိမ် ဖြစ်ခဲ့တယ်။ ၂၀၁၆ အောက်တိုဘာ နဲ့ ၂၀၁၇ သြဂုတ်လ၊ အဲဒီ ဖြစ်စဉ်တွေအတွင်း ARSA အကြမ်းဖက် သမားတွေကို နှိမ်နင်းတယ် ဆိုတဲ့ မြန်မာ့တပ်မတော်ရဲ့ နယ်မြေရှင်းလင်းမှုကြောင့် တစ်သန်းရဲ့ သုံးပုံနှစ်ပုံလောက် ရှိမယ့် လူတွေ ဒုက္ခသည် ဖြစ်သွားရတယ်၊ ဒီ ပြသနာတွေနဲ့ ပတ်သက်ပြီး အစိုးရဟာ နိုင်ငံတကာကို အကျိုးသင့် အကြောင်းသင့် ဖြေရှင်းတာမျိုး မလုပ်ခဲ့ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် ပြသနာဟာ အခြေခံလူတန်းစားတွေကို ဘဝရပ်တည်လို့ရအောင် အလုပ်အကိုင် အခွင့်လမ်းတွေ ဖန်တီးပေးမဲ့ အသေးစား စက်မှုလက်မှုလုပ်ငန်းတွေနဲ့ လူသိထင်ရှား ကုန်သွယ်ရေးလုပ်နေကြတဲ့ ကုမ္ပဏီတွေအတွက် ရပ်တည်လို့မရလောက်အောင်ကို နာမည်ဆိုးဖြစ်သွားပါလိမ့်မယ်။ လို့ ဆိုပါတယ်။ ဒီ ထောက်ပြချက်ကိုကြည့်ရင် ရခိုင်ပြည်နယ်က ပြသနာ ဆိုတာဟာ မြန်မာနိုင်ငံအတွက် နယ်စပ်က ပြသနာ၊ ဘာသာရေး လူမျိုးရေး ပြသနာ၊ လူ့အခွင့်အရေး ဆိုင်ရာ ပြသနာ၊ အချုပ်အခြာ အာဏာ ဆိုင်ရာ ပြသနာ တင်မက မြန်မာ့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ရေးနဲ့ တိုက်ရိုက် သက်ဆိုင်တဲ့ ပြသနာ တစ်ခုအဖြစ် နားလည်ယူလို့ ရနေပါပြီ။ ရခိုင်ပြသနာ ဖြေရှင်းရေးဟာ မြန်မာနိုင်ငံအတွက် ဘယ်လောက် အရေးကြီးလာပြီလဲ ဆိုတာကို ဒီ ဥပဒေအကြံပေးကုမ္ပဏီ ထောက်ပြချက်ကနေ သတိပြုမိနိုင်ပါတယ်။

ရခိုင်ပြည်နယ် ပြသနာ ဖြေရှင်းရေး ဆိုတာ ဘာကို ဆိုလိုတာပါလဲ။ ပထမ တစ်ချက်ကတော့ လက်ရှိ နိုင်ငံတကာက စွတ်စွဲနေတဲ့ အချက်တွေကို ဖြေရှင်းဖို့ပါ။ အဲဒါကတော့ ARSA အကြမ်းဖက် အဖွဲ့ကို နှိမ်နင်းတယ် ဆိုပြီး မြန်မာ့တပ်မတော်ဟာ အဲဒီ ဒေသက မူဆလင် သိန်းပေါင်းများစွာရဲ့ နေအိမ်တွေကို မီးရှို့ဖျက်ဆီးပြီး သူတို့ကို နယ်စပ် တစ်ဖက် ထွက်ပြေးသွားအောင် လုပ်ခဲ့တယ် ဆိုတာပါပဲ။ နောက် စစ်ဆင်ရေးကာလ အတွင်း မူဆလင်တွေကို သတ်ဖြတ်၊ နှိပ်စက်မှု ပြုခဲ့တယ် ဆိုတာပါ။

ဒီစွတ်စွဲချက်တွေနဲ့ ပတ်သက်ပြီး မြန်မာအစိုးရနဲ့ မြန်မာ့တပ်မတော်ဟာ ကိုယ့်ဖာသာကိုယ် စုံစမ်းစစ်ဆေးမှုတွေ လုပ်ပြီးခဲ့ပါပြီ။ တပ်မတော် အနေနဲ့ ဘာ အမှားအယွင်း တစ်စုံတစ်ရာမှ မလုပ်ခဲ့ဖူးဆိုပြီး အဖြေထုတ်ထားပါတယ်။ ဒီကြားထဲ အင်းဒင်ကျေးရွာမှာ ရွာသား ၁၀ ယောက်ကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ် ဆိုတဲ့ ကိစ္စကြီး ပေါ်ပေါက်လာပါတယ်။ တပ်မတော်ဘက်ကတော့ ဒီ ဖြစ်စဉ်နဲ့ ပတ်သက်ပြီး အထက် အဆင့်ဆင့် ပါဝင်ပတ်သက်တာမျိုး မရှိပဲ သက်ဆိုင်ရာ မြေပြင်က တာဝန်ရှိသူတွေကပဲ သူတို့ဖာသာ သူတို့ ဆုံးဖြတ် လုပ်ကိုင်တာလို့ ဆိုထားပါတယ်။ နောက်ပိုင်း ထုတ်ပြန်တဲ့ ရိုက်တာ ရဲ့ သတင်းထဲမှာတော့ တပ်မတော် တာဝန်ရှိသူတွေဟာ ရဲတပ်ဖွဲ့ဝင်တွေ၊ တိုင်းရင်းသား ရွာသားတွေကို စေခိုင်းပြီး မူဆလင်နေအိမ်တွေကို မီးရှို့၊ ပစ္စည်းတွေကိုယူ၊ လူတွေကိုလည်း အသေအခြာ သတ်ဖြတ်ခဲ့တယ် ဆိုပြီး ဖော်ပြထားပါတယ်။

နောက်ထပ် ပေါ်ပေါက်လာပြန်တာက ဘူးသီးတောင်မြို့နယ် ဂူတာပြင် ကျေးရွာ သတင်းပါ။ အဲဒီရွာ ပတ်ဝန်းကျင်မှာ လူတွေအစုလိုက် အပြုံလိုက် မြှုပ်နှံထားတဲ့ နေရာ ၅ နေရာ ရှိတဲ့အကြောင်း၊ ဒီလူတွေဟာ လုံခြုံရေးတပ်ဖွဲ့တွေရဲ့ သတ်ဖြတ်မှုကြောင့် သေဆုံးခဲ့တာ ဖြစ်ပြီး အလောင်းတွေကို မမှတ်မိအောင် မျက်နှာကို အက်စစ်လောင်းထားတာ၊ သေနတ်တွေနဲ့ ပစ်ခတ် ဖျက်ဆီးထားတာမျိုး ရှိတယ်လို့ မျက်မြင်သက်သေတွေနဲ့ ဂြိုလ်တု ဓာတ်ပုံတွေကို ကိုးကားပြီး AP က ဖော်ပြပြန်ပါတယ်။

AP က သတင်းဖော်ပြပြီးတာနဲ့ အစိုးရဟာ အဲဒီနေရာကို စုံစမ်းစစ်ဆေးရေး အဖွဲ့တွေ စေလွှတ်ပါတယ်။ အဖြေကတော့ ၂၀၁၇ သြဂုတ်လ ၂၇ ရက်နေ့တုန်းက လုံခြုံရေး တပ်ဖွဲ့ဝင်တွေ နယ်မြေ ရှင်းလင်းချိန် ဂူတာရက်ရွာမှာ အကြမ်းဖက်သမားတွေ အပါအဝင် ရွာသား ၅၀၀ လောက်နဲ့ ထိတွေ့ တိုက်ပွဲ ဖြစ်ခဲ့တဲ့အကြောင်း၊ အဲဒီ တိုက်ပွဲအတွင်း အကြမ်းဖက်သမား အလောင်း ၁၉ လောင်း ရတဲ့အကြောင်း၊ အဲဒီ အလောင်းတွေကိုတော့ စနစ်တကျ မြှုပ်နှံသဂြိုလ်ခဲ့တာ ရှိကြောင်း၊ ဒါပေမယ့် AP သတင်းဖော်ပြချက်ကတော့ မှားယွင်းကြောင်း ပြန်ရှင်းပါတယ်။ ဒီလို ဖြစ်စဉ်တွေ ပေါ်ထွက်လာလေလေ၊ မြန်မာ့တပ်မတော်ရဲ့ ပြန်ဖြေရှင်းချက် ဖြစ်တဲ့ ရခိုင်ပြည်နယ်မှာ သူတို့ ဘာ အမှားအယွင်းမှ မကျူးလွန်ခဲ့ပါဘူး ဆိုတဲ့ အချက်ကို နိုင်ငံတကာ အသိုင်းအဝိုင်းက သံသယ ဖြစ်လေလေ ပါပဲ။ ဒီအတွက် အစိုးရအနေနဲ့ ရခိုင်ပြည်နယ် အခြေအနေ အဖြစ်မှန်တွေ နိုင်ငံတကာကို သိစေချင်တယ်ဆိုရင် အဲဒီ ဒေသကို သတင်းသမားတွေ သွားခွင့်ပြုဖို့ပါပဲ။ ဘင်္ဂလားဒေ့ရှ် နယ်စပ် ဒုက္ခသည် စခန်းတွေက သိရတဲ့ Story တွေမှန်မမှန် သွားပြီး စိစစ်ခွင့်ပြုဖို့ပါပဲ။ အဲလို သတင်းထောက်တွေ သွားခွင့်ပေးဖို့ဆိုတာ အရေးကြီးတဲ့အကြောင်း ကိုဖီအာနန် ကော်မရှင် အစီရင်ခံစာမှာ အကြံပေးထားပြီး ဖြစ်သလို၊ နောက်ထပ် အကြံပေး အဖွဲ့ခေါင်းဆောင် ဆူရာကီယက် ဆာသီရာထိုင်းကလည်း ပြောဆိုထားပြီးပါပြီ။

နောက်ထပ် လက်တွေ့လည်းကျ အရေးကြီးတာ တစ်ချက်က ထွက်ပြေးသွားတဲ့ ဒုက္ခသည်တွေ ပြန်လည် နေရာချထားရေးပါ။ လက်ရှိ အချိန် မြန်မာဘက်က အဆင်သင့်ဖြစ်တယ် ဆိုပေမယ့် ဒုက္ခသည်တွေ တစ်ဦးတစ်ယောက်မှ ပြန်ဝင်လာတာ မရှိသေးပါဘူး။ ဒီကိစ္စကိုလည်း စ၊ လယ်၊ ဆုံး စနစ်တကျ အကောင်အထည် ဖော်ရပါလိမ့်မယ်။ မူဆလင်တွေ အနေနဲ့ သူတို့ အရင်နေသွားဖူးတဲ့ ကျေးရွာပတ်ဝန်းကျင်မှာ ပြန်နေခွင့်ရအောင်၊ အကြောက်တရား ကင်းကင်းနဲ့ လုပ်ကိုင်စားသောက်နိုင်အောင် ဖန်တီးပေးဖို့ လိုပါလိမ့်မယ်။

တကယ်တော့ ရခိုင်ပြည်နယ်က ပြသနာ၊ နိုင်ငံတကာက အမြင်ရှင်းလာအောင်၊ နိုင်ငံတကာက လက်ခံတဲ့ ဖြေရှင်းနည်းဖြစ်အောင် လုပ်ရာမှာ အဓိက အရေးပါတာကတော့ တပ်မတော်ခေါင်းဆောင်တွေနဲ့ ရခိုင်နိုင်ငံရေးသမားတွေပဲ ဖြစ်ပါတယ်။ သူတို့ကိုယ်တိုင် ပြသနာကို လက်တွေ့ကျကျ ဖြေရှင်းမယ် ဆိုတဲ့ သံန္ဓိဌာန်ချ၊ အစိုးရနဲ့ ပူးပေါင်း အကောင်အထည် ဖော်ပါမှ ရခိုင်ပြည်နယ်ပြသနာ ပြေလည်မယ့် လမ်းစ တွေ့မှာ ဖြစ်ပါတယ်။ ဒါမှသာ ပြည်သူ တစ်ရပ်လုံး လိုလားတောင့်တ နေတဲ့ တိုင်းပြည် စီးပွား ဖွံ့ဖြိုးတိုးတက်ရေး လမ်းကိုလည်း အနှောင့်အယှက်ကင်းကင်း လျောက်လှမ်းနိုင်မှာ ဖြစ်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG