သုံးရလွယ်ကူစေသည့် Link များ

logo-print
နောက်ဆုံးရသတင်း

မွတ်စလင်ဒုက္ခသည်တွေ ပြန်မလာနိုင်သေးတဲ့ နောက်ကွယ်မှာ ဘာအကြောင်းတွေရှိနေလဲ


Cox's Bazar ဒုက္ခသည်စခန်းကနေ မြန်မာနိုင်ငံဘက်ပြန်မသွားချင်တဲ့အတွက် ဆွေမျိုးနေအိမ်မှာ ပုန်းအောင်းနေတဲ့ ရိုဟင်ဂျာမိသားစု

ပြီးခဲ့တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့က ပြည်ထောင်စု ၀န်ကြီးတွေဖြစ်ကြတဲ့ ဦးသိန်းဆွေ၊ ဒေါက်တာဝင်းမြတ်အေး၊ ရခိုင်ပြည်နယ် ၀န်ကြီးချုပ် ဦးညီပုနဲ့ အဖွဲ့ဟာ ရခိုင်ပြည်နယ် မောင်တောမြောက်ပိုင်း တောင်ပြိုလက်ဝဲ ပြန်လည် လက်ခံရေးစခန်းကို သွားခဲ့ကြပါတယ်။ အကြောင်းကတော့ မြန်မာ-ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ အရာရှိတွေ သဘောတူညီထားချက်အရ မြန်မာနိုင်ငံထဲ ပြန်လာမယ့် မူဆလင် ဒုက္ခသည် ပထမ အသုတ် အဲဒီနေ့မှာ ပြန်ပြီး ၀င်လာလေမလား သွားရောက်ကြည့်ရှုတာ ဖြစ်ပါတယ်။ ဒါပေမယ့် နဂို မျှော်လင့်ထားခဲ့သလိုပါပဲ၊ ဒီတခေါက်လည်း မူဆလင် ဒုက္ခသည်တွေ တစ်ယောက်မှ ပြန်ဝင်လာတာ မရှိခဲ့ပါဘူး။ မူဆလင် ဒုက္ခသည်တွေ ပြန်ဝင်လာရေး ဘာတွေ အခက်အခဲ တွေ့နေသလဲ၊ ဒီ ပြသနာထဲ ဘယ်သူတွေ နစ်နာနေသလဲ၊ မြန်မာအစိုးရဘက်ကရော ဘာတွေ လုပ်သင့်သလဲ ဆိုတာ ခုတစ်ပတ် လေ့လာတင်ပြသွားပါ့မယ်။

အောက်တိုဘာ ၁၅ ရက်မတိုင်ခင်တုန်းက မူဆလင် ဒုက္ခသည် ပြန်လည် လက်ခံရေးနဲ့ ပတ်သက်ပြီး မြန်မာအစိုးရဘက်က သတင်းစာရှင်းလင်းပွဲ လုပ်ပါတယ်။ အဲဒီမှာ ထူးခြားတာတွေကတော့ ပြန်ရောက်လာတဲ့သူတွေကို လှဖိုးခေါင်ကြားစခန်းမှာ ယာယီထားမှာ ဖြစ်ပေမယ့် ပိတ်လှောင်ထားမယ့် သဘောမျိုး မဟုတ်တဲ့အကြောင်း၊ ၀င်လာလာချင်း NVC စိစစ်ရေးကဒ်တွေ လုပ်ထားပြီးရင် မောင်တော မြို့နယ်အတွင်းကို လွတ်လွတ်လပ်လပ် သွားလာခွင့်ပြုမယ့် အကြောင်းပဲ ဖြစ်ပါတယ်။ နောက်ထပ် ထူးခြားတာ တစ်ခုကတော့ ပြန်လာမယ့်သူတွေ ရေရှည် နေထိုင်ဖို့ နေရာ ၄၂ နေရာ သတ်မှတ်ထားပြီးဖြစ်တယ် ဆိုတာပါပဲ။ ၀င်လာတဲ့သူတွေ ကြားစခန်းမှာ ယာယီ နေရာမယ်၊ ပြီးရင် ကိုယ်နေထိုင်သွားရာ ကျေးရွာနဲ့ အနီးဆုံးက သတ်မှတ်နေရာမှာ အိမ်ဆောက်ဖို့ နေရာသတ်မှတ်ပေးမယ်၊ ကိုယ့်ဖာသာကိုယ် ဆောက်မယ် ဆိုရင် လုပ်ခ ပေးမှာဖြစ်ပြီး အဲဒီ လုပ်ခနဲ့ နေအိမ်ဖိုးကို ပေးချေစေမယ်၊ တကယ်လို့ ကိုယ့်ဖာသာကိုယ် နေအိမ် မဆောက်နိုင်ဘူး ဆိုရင် အစိုးရက ဆောက်ပေးလို့ ပြီးတဲ့အချိန်ထိ ကြားစခန်းထဲမှာ နေရမယ် ဆိုတာပါပဲ။ တစ်ချို့ ဆွေမျိုးတွေရှိလို့ သူတို့တွေအိမ် သွားနေချင်ရင်လည်း စိစစ်ပြီး ခွင့်ပြုပေးမယ်လို့ ဆိုထားပါတယ်။ ဒါပေမယ့် တကယ့်လက်တွေ့ မူဆလင် ဒုက္ခသည်တွေ ပြန်ဝင်လာတာ မရှိခဲ့ပါဘူး။

မူဆလင်တွေ ပြန်ဝင်မလာတာရဲ့ အကြောင်းရင်း တချို့ ရှိနိုင်ပါတယ်။ လတ်တလော အကြောင်းရင်းကတော့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးရဲ့ ပါဝင်လာမှုနဲ့လည်း သက်ဆိုင်ပါတယ်။ UNHCR ဘက်က ဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံ ပြန်တာဟာ ကိုယ့်သဘောနဲ့ကိုယ် ပြန်တာမျိုးပဲ ဖြစ်ရမယ်၊ အတင်းအကြပ် ပြန်ပို့တာမျိုး မဖြစ်စေရဘူးလို့ ဆိုထားပြီး တစ်ချို့ပြန်ဖို့ စာရင်းပေးထားတယ် ဆိုတဲ့ ဒုက္ခသည်တွေကို ခေါ်တွေ့ကြည့်တယ်လို့ ဆိုပါတယ်။ အဲဒီမှာ ဒုက္ခသည်တွေက မြန်မာနိုင်ငံ ပြန်ရေး သူတို့ သဘောထား မပါဘူးလို့ ဆိုကြောင်း UNHCR က ထုတ်ပြန်ပါတယ်။ ဒီအချက် ဖြစ်နိုင်ကြောင်း မြန်မာအစိုးရအဖွဲ့က နေပြည်တော်မှာ လုပ်တဲ့ သတင်းစာရှင်းပွဲမှာလည်း သိကြရပါတယ်။ နိုဝင်ဘာ ၁၅ နေပြည်တော် သတင်းစာရှင်းပွဲမှာ နိုင်ငံခြားရေးဝန်ကြီးဌာန အမြဲတန်း အတွင်းဝန် ဦးမြင့်သူက ဘင်္ဂလားဒေ့ရှ် ဘက်ကနေ မြန်မာဘက်ကို ပထမဆုံးအကြိမ် ပေးပို့တဲ့ ပြန်လိုသူ ၈ ထောင်ကျော်ရဲ့ ပုံစံဟာ သူတို့ကိုယ်တိုင် ဖြည့်ထားတာ မဟုတ်ဘူးလို့ ဆိုပါတယ်။ အဲဒါကြောင့် ခုလို အခက်အခဲ ကြုံရတာ ဖြစ်နိုင်တယ် လို့လည်း ကောက်ချက်ချပါတယ်။

နောက်တချက် ဖြစ်နိုင်ခြေက ဒုက္ခသည်တွေ နေရပ်ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ နိုင်ငံရေးသမားတွေရဲ့ နိုင်ငံရေးကစားမှုပါ။ သိပ်မကြာခင် ရွေးကောက်ပွဲ ကျင်းပတော့မယ့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအတွက် မြန်မာဘက်က ၀င်လာတဲ့ မူဆလင် ဒုက္ခသည်အရေးဟာ ရွေးကောက်ပွဲ မဲဆွယ်ရာမှာ အသုံးချစရာ ဖြစ်လာနေပါတယ်။ အဓိပ္ပါယ်ကတော့ ဘင်္ဂလားဒေ့ရှ် အရာရှိတွေဟာ မူဆလင်တွေ နေရပ်ပြန်ပို့ရေး တက်တက်ကြွကြွ အကောင်အထည် ဖော်ပေးမနေဘူး ဆိုတာပါ။

အဲဒါကို သိသာစေတဲ့ နောက်တစ်ချက်ကတော့ မူဆလင် ဒုက္ခသည်တွေထဲက ထိခိုက်ခံစားခဲ့ရသူတွေကို ကနေဒါနိုင်ငံက ခိုလှုံခွင့်ပေးဖို့ ခေါ်ယူတာကို ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ ပယ်ချခဲ့တဲ့ ကိစ္စပါ။ တကယ်တော့ ဒုက္ခသည်တွေအကျိုးကို တကယ်လိုလားတယ် ဆိုရင်၊ ဒုက္ခသည်တွေဟာ တကယ်ပဲ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေ ခံခဲ့ရသလား ဆိုတာ ကမ္ဘာကို ပွင့်ပွင့်လင်းလင်း သိစေချင်ရင် တတိယနိုင်ငံတွေက ခိုလှုံခွင့်ပေးတာကို ခွင့်ပြုရုံပဲ ဖြစ်ပါတယ်။ ဒါပေမယ့် အခုလို ကနေဒါ သွားခွင့်မပေးတာဟာလည်း ဘင်္ဂလားဒေ့ရှ် အစိုးရရဲ့ ဆုံးဖြတ်ချက်ကို သံသယ ၀င်စရာကောင်းပါတယ်။

နောက်ထပ်ပြသနာတွေကတော့ မူဆလင် ဒုက္ခသည်တွေကြားမှာပဲ ရှိနေပါတယ်။ မြန်မာအစိုးရ တာဝန်ရှိသူတွေ သုံးသပ်သလို ဒုက္ခသည် စခန်းထဲရောက်နေတဲ့ အကြမ်းဖက်သမား တစ်ချို့၊ မြန်မာနိုင်ငံတွင်း အကြမ်းဖက်မှုမှာ ပါဝင်ခဲ့သူတစ်ချို့ကတော့ ပြန်လာချင်မှာ မဟုတ်ပါဘူး။ ဒါပေမယ့် နိုင်ငံတကာက ပြောတဲ့ ၇ သိန်းကျော်၊ မြန်မာအစိုးရဘက်က တရားဝင်ပြောတဲ့ ၄ သိန်းခွဲလောက် ရှိမယ့် ဒီ ဒုက္ခသည်တွေထဲမှာ အဲဒီ အရည်အတွက်ဟာ နည်းနည်းလေးပဲ ရှိနိုင်ပါတယ်။ တစ်ချို့ကတော့ ကနေဒါ အပါအ၀င် တတိယနိုင်ငံတွေကို ထွက်ဖို့ ဆန္ဒရှိသူတွေလည်း ပြန်မလာချင်ပါဘူး။ အများစုကြီးကတော့ သူတို့ လုံခြုံရေး စိတ်ချရရင်၊ ၀မ်းစာရှာဖွေ စားသောက်ရေး အဆင်ပြေ လွယ်ကူမယ် ဆိုရင်၊ အရင်အခြေအနေထက် မဆိုးဘူး ဆိုရင် မြန်မာနိုင်ငံ ပြန်လာချင်ကြမှာပါပဲ။ ဒါပေမယ့် အဲလိုလူတွေ သူတို့ဖာသာ သူတို့ မြန်မာနိုင်ငံ ပြန်နိုင်တဲ့ သီးသန့် လမ်းကြောင်း ရှိမနေနိုင်ပါဘူး။ အဓိကအားဖြင့် လိုချင်တဲ့ အခွင့်အရေးရဖို့ တောင်းဆိုနေတဲ့ အုပ်စု ခေါင်းဆောင်တွေ၊ နိုင်ငံတကာ ရောက်နေတဲ့ ရိုဟင်ဂျာ အရေးလှုပ်ရှားသူတွေကတော့ အဲဒီလိုလူတွေ ပြန်မသွားအောင် စည်းရုံးတန် စည်းရုံး၊ အင်အားသုံးတန် အင်အားသုံးကြမှာ အသေအခြာပါပဲ။ ဒါတွေကြောင့်လည်း ဒုက္ခသည်တွေ မြန်မာနိုင်ငံထဲ ပြန်တဲ့ အစီအစဉ် ဖြစ်ပေါ်မလာသေးတာပါ။

ဘယ်လိုပဲဖြစ်ဖြစ် နစ်နာနေရတာကတော့ မြန်မာအစိုးရ၊ တပ်မတော်နဲ့ ပြည်သူ တစ်ရပ်လုံးပါ။ ရခိုင်အရေးဟာ ခရီးသွားလာရေး လုပ်ငန်းလို ကဏ္ဍသေးသေးလေးတွေလောက်ကို ထိခိုက်နေတာမျိုး မဟုတ်ပဲ အနောက်ကမ္ဘာရဲ့ ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ကိစ္စတွေ၊ နိုင်ငံတကာ ဆက်ဆံရေးနဲ့ ကုန်သွယ်ရေး ဆိုင်ရာ ကိစ္စတွေမှာပါ ထိခိုက်မှုတွေ ရှိနေပါပြီ။ ဒါတွေ ပြေလျော့ဖို့ ဆိုရင် မြန်မာအစိုးရဘက်က ဒုက္ခသည်တွေ ပြန်ဝင်လာရေး အစီအစဉ် အစပြုလာအောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားရပါလိမ့်မယ်။ ကျင်းပပြီးခဲ့တဲ့ စင်္ကာပူ အာစီယံ ထိပ်သီး အစည်းဝေးမှာ မြန်မာအစိုးရ တာဝန်ရှိသူတွေက ဒုက္ခသည်တွေ ပြန်လက်ခံရေး မြန်မာဘက်က ပြင်ဆင်ထားမှုတွေ အာစီယံနိုင်ငံတွေကို လေ့လာခွင့်ပေးမယ် လို့ ပြောဆိုခဲ့ပါတယ်။ အလားတူ ကုလသမဂ္ဂ အဖွဲ့ကိုလည်း ခွင့်ပြုပေးသင့်ပါတယ်။ မူဆလင် ဒုက္ခသည်တွေ ပြန်လာတဲ့အခါ ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အကူအညီတွေပေးတဲ့အခါ အဲဒါကို ကန့်ကွက်ဆန့်ကျင်လာမယ့် ကိစ္စတွေအရေးလည်း ကြိုတင် ဆွေးနွေးညှိနှိုင်း ဖြေရှင်းထားသင့်ပါတယ်။

အရေးအကြီးဆုံးကတော့ ဒုက္ခသည် ပြန်လက်ခံရေးတင်မက လက်ရှိ ထွက်မပြေးပဲ ကျန်နေတဲ့ မူဆလင်တွေ သဘာဝကျကျ၊ လူ့အခွင့်အရေး ရှိရှိ အသက်မွေးဝမ်းကျောင်းပြုနိုင်ရေး၊ နေထိုင်သွားလာရေး ဖန်တီးပေးဖို့ပါပဲ။ အဲလို စနစ်တကျ လုပ်ပေးနေကြောင်း ကုလသမဂ္ဂနဲ့ နိုင်ငံတကာက သိအောင် လေ့လာဖို့၊ သတင်းယူဖို့ လမ်းဖွင့်ပေးဖို့လိုပါတယ်။ ဒါ့အပြင် ဒုက္ခသည် ပြန်ပို့ရေး ဘင်္ဂလားဒေ့ရှ် အစိုးရနဲ့ အရှိန်မြှင့် ညှိနှိုင်းလုပ်ကိုင်ပြီး တကယ်လို့ အဲဒီဘက်က မရိုးသားမှုတွေ ရှိခဲ့ရင် နိုင်ငံတကာ သိအောင် ဖွင့်ချသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG