သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဦးအောင်ကြည် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကို ဘယ်လောက် စွမ်းဆောင်နိုင်ခဲ့သလဲ


စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အာင်ဆန်းစုကြည် (ဝဲ) နဲ့ တွေ့ဆုံဆွေးနွေးဖို့ ခန့်အပ်ထားတဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် (ယာ) ရန်ကုန် အစိုးရဧည့်ရိပ်သာ (အောက်တိုဘာ ၂၅၊ ၂၀၀၇)
စစ်အစိုးရလက်ထက် နေအိမ်အကျယ်ချုပ် ချခံထားရတဲ့ ဒေါ်အာင်ဆန်းစုကြည် (ဝဲ) နဲ့ တွေ့ဆုံဆွေးနွေးဖို့ ခန့်အပ်ထားတဲ့ ဆက်ဆံရေးဝန်ကြီး ဦးအောင်ကြည် (ယာ) ရန်ကုန် အစိုးရဧည့်ရိပ်သာ (အောက်တိုဘာ ၂၅၊ ၂၀၀၇)
တိုက်ရိုက် လင့်ခ်

NLD အစိုးရက ခန့်အပ်ထားခဲ့တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ အငြိမ်းစား ဗိုလ်ချုပ် ဦးအောင်ကြည် ရာထူးကနေ အနားယူသွားပါပြီ။ ပုံမှန်အားဖြင့် ဆိုရင် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ ရဲ့ ရာထူးသက်တမ်းဟာ နိုင်ငံတော် သမ္မတ သက်တမ်းနဲ့ အတူတူပဲ ဖြစ်တာမို့ အစိုးရအဖွဲ့သစ် မတက်မီ လာမယ့် ၂၀၂၁ မတ်လကုန်အထိ တာဝန်ထမ်းဆောင်နိုင်သေးပေမယ့် ဦးအောင်ကြည်ကတော့ ဘာသာရေးဘက် အစပြု လုပ်ဆောင်ဖို့ ခုလို အချိန်စောပြီး တာဝန်က အနားယူသွားတာပါ။ အသက်အရွယ် အရဆိုရင်လည်း ကော်မရှင် ဥက္ကဌ တာဝန်ထမ်းဆောင်နိုင်တဲ့ အသက် ၇၅ နှစ်ဆိုတာ လာမယ့် ၂၀၂၁ နိုဝင်ဘာမှ ပြည့်ပါလိမ့်မယ်။ အင်န်အယ်လ်ဒီ အစိုးရလက်ထက် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ တာဝန်ယူခဲ့တဲ့ ဦးအောင်ကြည်နဲ့ သူ့ရဲ့ ကော်မရှင် လုပ်ရပ်တွေဟာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူတာဝန်ယူခဲ့တဲ့ ၃ နှစ်တာ ကာလ အတွင်း သူနဲ့ သူ့ရဲ့ ကော်မရှင် ဘာတွေ စွမ်းဆောင်နိုင်ခဲ့သလဲ ဆိုတာ လေ့လာ ကြည့်ကြရအောင်ပါ။

ဦးအောင်ကြည်ကို အများပြည်သူနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေက စ ပြီး သတိထားမိစေခဲ့တာကတော့ ၂၀၀၇ ခုနှစ် အရင် စစ်အာဏာရှင် အစိုးရလက်ထက် နေအိမ် အကျယ်ချုပ် ကျခံနေရတဲ့ အတိုက်အခံ အင်န်အယ်လ်ဒီ ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံ ဆက်သွယ်ရတဲ့ ဆက်ဆံရေး ဝန်ကြီးတာဝန် စပြီး ရယူစဉ်ကတည်းကပါ။ အဲဒီအချိန်က သူဟာ အလုပ်သမား ဝန်ကြီးလည်း ဖြစ်ပါတယ်။ ၂၀၁၁ သမ္မတ ဦးသိန်းစိန် အစိုးရတက်လာတော့ အဲဒီအချိန် နေအိမ်အကျယ်ချုပ်ကနေ လွတ်မြောက်လာပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် အကြား ဆက်သွယ်ပေးရတဲ့ တာဝန် ဆက်ပြီး ယူရပါတယ်။ ဦးအောင်ကြည်ကနေ တဆင့် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးသိန်းစိန် ဆက်သွယ်ညှိနှိုင်းမှု အောင်မြင်ခဲ့တယ်လို့ ဆိုနိုင်ပါတယ်။ အစိုးရနဲ့ လွှတ်တော်ဘက်က နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဆိုင်ရာ ဥပဒေကို ပြင်ဆင်ပေးခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီဝင်တွေ ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲ ရောက်ရှိသွားခဲ့ကြပါတယ်။

နောက်ပိုင်း ၂၀၁၂ ခုနှစ်မှာ သူ့ကို ပြည်သူလူထု ကြိုက်နှစ်သက်ခြင်း မရှိတဲ့ ဦးကျော်ဆန်းရဲ့ နေရာမှာ ပြန်ကြားရေးဝန်ကြီး တာဝန်ပေးခဲ့ပေမယ့် ၂ နှစ်မပြည့်ခင် ၂၀၁၄ ခုနှစ်မှာ နှုတ်ထွက်ပေးလိုက်ရပါတယ်။ ပြန်ကြားရေး ဝန်ကြီးတာဝန်ယူခဲ့တဲ့ သူ့လက်ထက်မှာ သမ္မတ ဦးသိန်းစိန် လိုလားသလို၊ စာပေနဲ့ သတင်းမီဒီယာ လောကကို ဆင်ဆာ ဖျက်သိမ်းပေးလိုက်တဲ့ အနေအထားကနေ ပုံစံတစ်မျိုးနဲ့ ထိန်းချုပ်ဖို့ မကြိုးစားခဲ့တာ၊ မီဒီယာ သမားတွေ တောင်းဆိုနေတဲ့ နေ့စဉ်ထုတ် သတင်းစာ လိုင်စင်တွေ ပုဂ္ဂလိကကို ချပေးလိုက်ရတာ စတဲ့ အချက်တွေကြောင့် ဖြစ်နိုင်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် စာပေနဲ့ သတင်းမီဒီယာ လောက အတွက်ကတော့ ဦးအောင်ကြည် တာဝန်ယူခဲ့တဲ့ အချိန်ဟာ မီဒီယာ လွတ်လပ်ခွင့် အရဆုံး အချိန်၊ နောက်ထပ်လည်း မီဒီယာ ဖွံ့ဖြိုးတိုးတက်မှု ရှိလာစေဖို့ အစပျိုးမှု အကောင်းဆုံး အချိန်လို့ ပြောမယ်ဆို ပြောနိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တက်လာတဲ့အခါ ၂၀၁၇ နိုဝင်ဘာ မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင် ဥက္ကဌ တာဝန်ပေးအပ်ခြင်း ခံရပါတယ်။ အဂလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို အရင်သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ၂၀၁၃ ခုနှစ် သြဂုတ်လက စပြီး ပြဌာန်းခဲ့တာပါ။ အရင် ကော်မရှင် ဥက္ကဌက ဦးမြဝင်းဖြစ်ပါတယ်။ ဥပဒေနဲ့ ကော်မရှင် ရှိလာတဲ့တိုင် တည်ဆဲ အစိုးရက အားမပေးတာရော၊ ဥပဒေ အရ အားနည်းချက်တွေ ရှိနေတာကြောင့်ပါ ဦးမြဝင်း ကော်မရှင်ဟာ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး ဘာမှ မယ်မယ်ရရ အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။

ဒါကြောင့်လဲ သမ္မတဟောင်း ဦးသိန်းစိန် အစိုးရလက်ထက်မှာရော၊ အရင် စစ်အာဏာရှင် အစိုးရ အဆက်ဆက် လက်ထက်တွေမှာပါ ဓလေ့ထုံးစံကြီးတစ်ခုလို ရှင်သန် အမြစ်တွယ်ခဲ့တဲ့ အဂတိလိုက်စားမှုကို လုံး၀ တိုက်ဖျက်နိုင်ခြင်း မရှိခဲ့သလို နိုင်ငံတကာ အသိုင်းအဝိုင်း အလယ်မှာလည်း အဂတိလိုက်စားမှု နွံထဲက မထွက်နိုင်တဲ့ နိုင်ငံအဖြစ် သတ်မှတ်မြဲ သတ်မှတ်ခံခဲ့ရပါတယ်။

ဦးအောင်ကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်ကို ဦးဆောင်ရတဲ့အခါ နိုင်ငံတကာ အတွေ့အကြုံတွေကိုပါ လေ့လာပြီး အကောင်းဆုံးဖြစ်အောင် အကောင်အထည် ဖော်ပါတယ်။ ပထမဦးဆုံး ဥပဒေကို ပြင်ဖို့ ကြိုးစားပါတယ်။ ၂၀၁၈ ခုနှစ်ရောက်မှ အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေကို (၄) ကြိမ်မြောက် ပြင်ဆင်ပြဌာန်းတာ လုပ်နိုင်ပါတယ်။ သူ့စိတ်ကြိုက် ဖြစ်မလာတဲ့တိုင် လုပ်ငန်း အကောင်အထည် ဖော်လို့ ရလာသည်အထိ ပြင်နိုင်ခဲ့ပါတယ်။ ၂၀၁၉ ခုနှစ်မှာတော့ အဂတိလိုက်စားမှုတွေနဲ့ ပတ်သက်ပြီး ထင်သာမြင်သာရှိတဲ့ အရေးယူမှုတွေကို လုပ်ပြနိုင်ပါပြီ။ ၂၀၁၈ စက်တင်ဘာမှာ အဂတိလိုက်စားတယ်လို့ ကျော်စော သတင်း ဖြစ်ပေါ်ခဲ့တဲ့ ရန်ကုန်တိုင်း ဥပဒေချုပ် ဦးဟန်ထူး၊ တိုင်း နဲ့ ခရိုင် အဆင့် ဥပဒေအရာရှိတွေ၊ တရားသူကြီး နဲ့ ရဲတပ်ဖွဲ့က ရဲမှူး တစ်ယောက် စုစုပေါင်း (၆) ယောက်ကို အဂတိတိုက်ဖျက်ရေး ဥပဒေနဲ့ ရုံးတင် တရားစွဲနိုင်ခဲ့ပါတယ်။ အဲဒီ ပုဂ္ဂိုလ်တွေဟာ လူသေစေမှု တစ်ခုနဲ့ ပတ်သက်ပြီး စွပ်စွဲခံရသူတွေကို စွဲချက်မတင်ခင် ပြန်လွှတ်ပေးလိုက်တဲ့ အမှု တစ်ခုမှာ လာဘ်စားခဲ့တယ် ဆိုတဲ့ အထောက်အထားတွေ တွေ့ရလို့ ဖမ်းဆီး၊ ရုံးတင် စစ်ဆေးခြင်း ခံခဲ့ကြရတာပါ။

သိပ်မကြာပါဘူး။ ၂၀၁၉ မတ်လ အရောက်မှာတော့ တနင်္သာရီတိုင်း ဝန်ကြီးချုပ် ဒေါက်တာ လဲ့လဲ့မော်နဲ့ သူ့ကို လာဘ်ထိုးခဲ့တယ်လို့ အထောက်အထား တွေ့ရတဲ့ GGS ကုမ္ပဏီက တာဝန်ရှိသူ ၃ ယောက်ကို အဂတိ တိုက်ဖျက်ရေး ဥပဒေနဲ့ အရေးယူ ပြနိုင်ခဲ့ပါတယ်။ ဒေါက်တာ လဲ့လဲ့မော်ဟာ အဲဒီ ကုမ္ပဏီဆီကနေ သွယ်ဝိုက်သောနည်းအားဖြင့် လာဘ်ငွေ ရယူခဲ့ပြီး၊ ကုမ္ပဏီကို လုပ်ပိုင်ခွင့်တွေ ချပေးခဲ့လို့ ခုလို အရေးယူခံလိုက်ရပြီး နောက်ပိုင်း ထောင်ဒဏ်ချမှတ်ခံရပါတယ်။ နောက်ပိုင်း ဆက်တိုက်ဆိုသလို၊ သြဇာကြီးတဲ့ မိုးထိမိုးမိ မှာ ရွှေတူးတဲ့ အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီ ဥက္ကဌ ဦးစိုးထွန်းရှိန်၊ အမှုဆင် လိမ်လည် တိုင်တန်းတဲ့ ကုမ္ပဏီ တာဝန်ရှိသူတွေ၊ အဲဒီ ကုမ္ပဏီကနေ လာဘ်ငွေ ယူခဲ့တဲ့ ဝန်ကြီးဌာန ဦးဆောင်ညွှန်ကြားရေးမှူး စတာတွေကို အရေးယူနိုင်ခဲ့ပါတယ်။ ဒီလိုနဲ့ အဂတိလိုက်စားတဲ့ ရဲတပ်ဖွဲ့ဝင်တွေ၊ ဝိုင်းကြီးချုပ်စနစ်နဲ့ အဂတိလိုက်စားတဲ့ ရေအရင်းအမြစ်နဲ့ မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက ညွှန်ကြားရေးမှူးချုပ်၊ ဒုညွှန်ချုပ်နဲ့ ညွှန်မှူးတွေ၊ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ၊ မြေစာရင်းဌာနက တာဝန်ရှိသူတွေကို စုံစမ်း ဖော်ထုတ် အရေးယူနိုင်ခဲ့ပြီး ဆက်ပြီးလည်း စုံစမ်းဖော်ထုတ် အရေးယူမှုတွေ ဆက်လုပ်နေတာ တွေ့ရပါတယ်။

ဒါပေမယ့်လည်း ဦးအောင်ကြည်ဟာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်ပြီး သူမျှော်မှန်းထားတဲ့ Grand Corruption လို့ခေါ်တဲ့ နိုင်ငံတစ်နိုင်ငံရဲ့ အရင်းအမြစ်ကြီးတွေ ဆုံးရှုံးတဲ့ ကိစ္စ၊ သယံဇာတ တွေဆုံးရှုံးနေတဲ့ ကိစ္စ၊ အဲလို အဂတိလိုက်စားမှုတွေထဲမှာ အင်စတီကျူးရှင်းကြီးတွေ ပါဝင်နေတဲ့ ကိစ္စမျိုးတွေကိုတော့ ဖော်ထုတ်သွားနိုင်ခြင်း မရှိခဲ့ပါဘူး။ နောက် အဂတိလိုက်စားမှု ပေါ်ပေါက်ခြင်း မရှိရလေအောင်၊ စာသင်ကျောင်းတွေကနေ တဆင့် ပညာပေးတာ၊ မီဒီယာတွေကနေ တဆင့် လှုံ့ဆော်တာ၊ ဝန်ကြီးဌာနတွေမှာ အဖွဲ့တွေဖွဲ့ပြီး အသိပညာပေးမှုတွေ လုပ်နေတာမျိုးကတော့ ဆက်ပြီး အကောင်အထည် ဖော်နေဆဲ အခြေအနေမှာ ရှိနေပါသေးတယ်။ ဒါကြောင့်လည်း နာမည်ကျော် Transparency International အဖွဲ့ကြီးရဲ့ အခုနောက်ဆုံး ထုတ်ပြန်လိုက်တဲ့ Global Corruption Barometer Asia 2020 (GCB) အစီရင်ခံစာမှာ မြန်မာနိုင်ငံရဲ့ အဂတိလိုက်စားမှု တိုက်ရေးအပေါ် ပြည်သူ့အမြင် ချီးကျူးတာ ခံရပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဦးအောင်ကြည် ဦးဆောင် အကောင်အထည် ဖော်မှုကြောင့် အဂတိလိုက်စားမှု တိုက်ဖျက်ရေး ပြသနာနဲ့ ပတ်သက်ရင် အင်န်အယ်လ်ဒီ အစိုးရရဲ့ ပုံရိပ်ဟာ အရင် အစိုးရအဆက်ဆက်ရဲ့ ပုံရိပ်နဲ့ အချိန်တိုလေး အတွင်းမှာကို အများကြီးခြားနားတဲ့ အခြေအနေကို ဖြစ်ပေါ်စေခဲ့ပြီ ဖြစ်ကြောင်းပါ။

--------------------------










XS
SM
MD
LG