သံုးရလြယ္ကူေစသည့္ Link မ်ား

logo-print
ေနာက္ဆုံးရသတင္း

NLD တုိင္းရင္းသားေတြနဲ႔ မဟာမိတ္ ဖြဲ႕မလား


NLD လႊတ္ေတာ္ကိုယ္စားလွယ္မ်ား
NLD တုိင္းရင္းသားေတြနဲ႔ မဟာမိတ္ ဖြဲ႕မလား
please wait

No media source currently available

0:00 0:07:46 0:00
တိုက္႐ိုက္ လင့္ခ္


Zawgyi/ Unicode

လာမယ့္ ၂၀၂၀ ႏို၀င္ဘာ ၈ ရက္ေန႔မွာ အေထြေထြ ေရြးေကာက္ပြဲၾကီး က်င္းပ ပါေတာ့မယ္။ အခုတစ္ေခါက္ ထူးျခားခ်က္ကေတာ့ ျပည္နယ္ေတြမွာ ရွိတဲ့ တုိင္းရင္းသားပါတီ အေတာ္မ်ားမ်ားဟာ သူတုိ႔ပါတီငယ္ေတြကို ဖ်က္သိမ္းျပီး လူမ်ိဳးတူ တုိင္းရင္းသား ပါတီ အခ်င္းခ်င္း ေပါင္းစည္းခဲ့ၾကျခင္းပါ။ ၂၀၁၅ ခုႏွစ္ အေထြေထြ ေရြးေကာက္ပြဲကို သင္ခန္းစာယူျပီး တူညီတဲ့ လူမ်ိဳးစု တစ္ခုထဲမွာကို ပါတီ အမ်ိဳးမ်ိဳးကြဲေနရင္ မဲရရွိမွဳမွာလည္း မဲကြဲသြားႏုိင္တယ္၊ ဒါေၾကာင့္ လူမ်ိဳးစုခ်င္း တူတဲ့ ပါတီ အခ်င္းခ်င္း ေပါင္းစည္းျပီး တစ္ပါတီထဲ အျဖစ္ ေရြးေကာက္ပြဲ၀င္ရင္ အႏိုင္ရႏုိင္ေခ် မ်ားျပီး ကိုယ္စားလွယ္ေတြ ေရြးေကာက္ခံရႏုိင္ေျခ ရွိတယ္ ဆုိျပီး ျဖစ္ပါတယ္။ အဲဒီလွဳပ္ရွားမွဳေနာက္ပိုင္း ေပၚေပါက္လာတဲ့ ေ၀ဖန္ခ်က္ တစ္ခုကေတာ့ အင္န္အယ္လ္ဒီ အေနနဲ႔ အစိုးရ အာဏာရခဲ့တဲ့ ၄ ႏွစ္ေက်ာ္ ကာလ တိုင္းျပည္ တည္ေဆာက္ေရးမွာ ျပည္သူေတြ ေမွ်ာ္မွန္းထားသေလာက္ အေကာင္အထည္ ေဖာ္မေပးႏိုင္ခဲ့ဘူး၊ ခ်ိဳ႕ယြင္းအားနည္းခ်က္ေတြ အမ်ားၾကီးရွိေနတယ္၊ ဒါေၾကာင့္ အရင္ ၂၀၁၅ ေရြးေကာက္ပြဲတုန္းကလို မဟုတ္ပဲ လူထု ေထာက္ခံမွဳ က်ဆင္းႏိုင္တယ္၊ အျခား တစ္ဖက္မွာလည္း ျပည္နယ္ေတြမွာ တုိင္းရင္းသားပါတီေတြ အားေကာင္း လာႏုိင္တယ္၊ ဒါေၾကာင့္ တုိင္းရင္းသားေတြနဲ႔ မဟာမိတ္ဖြဲ႕ျပီး ေရြးေကာက္ပြဲ ၀င္သင့္တယ္၊ ေရြးေကာက္ပြဲ ျပီးရင္ တုိင္းရင္းသားေတြနဲ႔ ပူးေပါင္းထားတဲ့ ညြန္႔ေပါင္း အစိုးရ ဖြဲ႕သင့္တယ္ ဆုိျပီး ျဖစ္ပါတယ္။ အင္န္အယ္လ္ဒီ တိုင္းရင္းသားေတြနဲ႔ မဟာမိတ္ ဖြဲ႕လာႏုိင္ေခ် ရွိသလား ဆိုတာ ေလ့လာၾကည့္ၾကရေအာင္ပါ။


လာမယ့္ ေရြးေကာက္ပြဲ ရလာဒ္ ဘယ္လို ျဖစ္လာမလဲ ဆိုတာ ေျပာဖို႔ ေစာေနပါေသးတယ္။ ဒါေပမယ့္ ရွဳေဒါင့္ အမ်ိဳးမ်ိဳးကေန ခန္႔မွန္းၾကည့္လို႔ေတာ့ ရႏိုင္ပါတယ္။ ဥပမာအားျဖင့္ အင္န္အယ္လ္ဒီ မဲရႏုိင္ေခ် နည္းသြားမလား၊ ဘယ္ေလာက္ နည္းသြားမလဲ။ လႊတ္ေတာ္ထဲမွာ ကိုယ္စားလွယ္ ၂၅% အသင့္ရယူ ေစာင့္ဆုိင္းေနတဲ့ တပ္မေတာ္နဲ႔ မိတ္ဖက္ အဖြဲ႕အစည္းျဖစ္တဲ့ ျပည္ခုိင္ျဖိဳးပါတီ ကေရာ လာမယ့္ ေရြးေကာက္ပြဲမွာ ၂၀၁၅ တုန္းကထက္ လူထု ေထာက္ခံမွဳ ပိုမ်ားလာျပီး၊ မဲေတြ ပိုရလာႏုိင္မလား၊ အခုမွ အသစ္ဖြဲ႕ျပီး ေရြးေကာက္ပြဲ၀င္မယ့္ ပါတီမ်ိဳးေတြကေရာ အမတ္ေနရာ ဘယ္ႏွစ္ေနရာေလာက္ ခြဲေ၀ ရယူသြားႏိုင္သလဲ၊ အလားတူ တစ္ခ်ိဳ႕ေသာ အကဲခတ္ေတြ ထင္ျမင္ယူဆ သလို ျပည္နယ္ေတြမွာ တုိင္းရင္းသားပါတီေတြ အားေကာင္းလာျပီး အမတ္ေနရာ ပို ရသြားႏုိင္သလား စတာေတြပဲ ျဖစ္ပါတယ္။


အင္န္အယ္လ္ဒီ ပါတီရဲ႕ ျဖစ္လာႏုိင္တဲ့ အေျခအေနကို အရင္ ေလ့လာၾကည့္ၾကရေအာင္ပါ။ ျပီးခဲ့တဲ့ ေရြးေကာက္ပြဲတုန္းက သမၼတ ေရြးႏိုင္မယ့္၊ အစိုးရဖြဲ႕ႏိုင္မယ့္ ျပည္ေထာင္စု အဆင့္ ျပည္သူ႕လႊတ္ေတာ္နဲ႔ အမ်ိဳးသားလႊတ္ေတာ္ ႏွစ္ခုအတြက္ မဲဆႏၵနယ္ စုစုေပါင္း ၄၉၁ ေနရာမွာ ေရြးေကာက္ပြဲ လုပ္ပါတယ္။ ျပည္ေထာင္စု လႊတ္ေတာ္ထဲမွာ တပ္မေတာ္ ကာကြယ္ေရး ဦးစီးခ်ဳပ္က ခန္႔အပ္တဲ့ တပ္မေတာ္သား ကိုယ္စားလွယ္ ၁၅၆ ေယာက္ကလည္း အသင့္ ေနရာရျပီး ျဖစ္ပါတယ္။ ဒါေၾကာင့္ ျပည္ေထာင္စု လႊတ္ေတာ္ထဲ ေရာက္ျပီးရင္ သမၼတ ေရြးႏုိင္၊ အစိုးရဖြဲ႕ႏုိင္ဖို႔ အတြက္ အင္န္အယ္လ္ဒီ ပါတီအတြက္ ျပည္ေထာင္စု အဆင့္ အမတ္ အနည္းဆံုး ၃၂၄ ေယာက္ လိုအပ္ပါတယ္။ ေရြးေကာက္ပြဲမွာ အင္န္အယ္လ္ဒီ ဟာ မဲဆႏၵနယ္ေျမ စုစုေပါင္းရဲ႕ ၇၉% နဲ႔ ညီမွ်တဲ့ ေနရာ ၃၉၀ အႏုိင္ရပါတယ္။ ျပည္ေထာင္စု အဆင့္ လႊတ္ေတာ္ထဲ ေရာက္သြားတဲ့အခါ တပ္မေတာ္သား အမတ္ေတြပါ ေပါင္းထားတဲ့ လႊတ္ေတာ္တစ္ခုလံုးရဲ႕ ၆၀% နီးပါး ရွိေနတာ ေတြ႕ရပါတယ္။ လိုအပ္တဲ့ ၃၂၄ ေနရာထက္ ေက်ာ္လြန္တဲ့ အမတ္ေနရာ ၃၉၀ အထိ အႏုိင္ရခဲ့တာေၾကာင့္ လြတ္လြတ္ကၽြတ္ကၽြတ္ပဲ သမၼတ ေရြးႏုိင္၊ အစိုးရဖြဲ႕ႏိုင္ခဲ့တာပါ။


အင္န္အယ္လ္ဒီ အႏုိင္ရတဲ့ အေနအထားကို ျပန္ျပီး ခြဲျခမ္းစိတ္ျဖာၾကည့္လိုက္ရင္ ျပည္ေထာင္စု အဆင့္အတြက္ တိုင္းေဒသၾကီးေတြကေန အမတ္ ေနရာ ၂၈၀၊ ျပည္နယ္ေတြကေန အမတ္ေနရာ ၁၁၀ အႏုိင္ရခဲ့တာပါ။ ၂၀၂၀ မွာ က်င္းပႏိုင္မယ့္ ေရြးေကာက္ပြဲ မဲဆႏၵနယ္ အေရအတြက္ကို ၂၀၁၅ အေျခအေန အတုိင္းပဲ တြက္ရင္ အင္န္အယ္လ္ဒီ အေနနဲ႔ သမၼတ ေရြးဖို႔၊ အစိုးရဖြဲ႕ဖို႔ အၾကမ္းဖ်ဥ္း အမတ္ေနရာ ၃၂၄ ေနရာ လိုႏုိင္ပါတယ္။


တကယ္လို႔မ်ား သံုးသပ္သူေတြ ခန္႔မွန္းသလို တုိင္းေဒသၾကီး မဲဆႏၵနယ္ေတြမွာ အင္န္အယ္လ္ဒီ အတြက္ စိန္ေခၚမွဳ ၾကီးၾကီးမားမား မရွိခဲ့ဘူး ဆုိရင္ ၂၀၁၅ တုန္းကလိုပဲ အမတ္ေနရာ ၂၈၀ ရႏုိင္တယ္ လို႔ ခန္႔မွန္းႏုိင္ပါတယ္။ ဒီအခါ အင္န္အယ္လ္ဒီ အေနနဲ႔ သမၼတေရြးႏိုင္ဖို႔ အစိုးရဖြဲ႕ႏိုင္ဖို႔ ျပည္နယ္ေတြကေန အမတ္ေနရာ ၄၄ ေနရာ ေလာက္ အႏုိင္ရရင္ လံုေလာက္ပါျပီ။ ျပီးခဲ့တဲ့ ၂၀၁၅ တုန္းက အင္န္အယ္လ္ဒီ ဟာ ျပည္နယ္ေတြမွာ အမတ္ေနရာ ၁၁၀ အႏုိင္ရခဲ့တာမို႔ ၂၀၂၀ ျပည္နယ္ေတြမွာ ၀က္၀က္ကြဲေအာင္ ရွံုးျပီး ၂၀၁၅ ရဲ႕ တစ္၀က္ ၅၅ ေနရာေလာက္ အႏုိင္ရရင္ေတာင္ သမၼတေရြးႏုိင္၊ အစိုးရဖြဲ႕ႏုိင္တဲ့ အေနအထား ရွိေနဆဲ ျဖစ္တာ ေတြ႕ႏိုင္ပါတယ္။ ဒါက ၂၀၂၀ အတြက္ အၾကမ္းဖ်ဥ္း တြက္ဆ ခ်က္ပါ။ ျပည္နယ္ေတြမွာေရာ တုိင္းရင္းသားပါတီေတြ ေပါင္းစည္းၾကလို႔ အဲဒီပါတီေတြ အမတ္ေနရာ ပိုရလာမွာလား ဆုိတာ သံုးသပ္ၾကည့္ၾကရေအာင္။


ျပည္ေထာင္စု ေရြးေကာက္ပြဲ ေကာ္မရွင္ ထုတ္ျပန္ခ်က္အရ ျပည္နယ္(၆)ခုက ကယား၊ ကရင္၊ ကခ်င္၊ မြန္၊ ခ်င္း နဲ႔ ၀ လူမ်ိဳးစု ပါတီေတြ ေပါင္းစည္းခဲ့တာ ေတြ႕ရပါတယ္။ အဲလို ေပါင္းစည္းလိုက္လို႔ ျပည္နယ္ တစ္ခုစီမွာ အဓိက လူမ်ိဳးစုရဲ႕ ပါတီ တစ္ခုတည္း ရွိျပီး အဲဒီပါတီကပဲ ေရြးေကာက္ပြဲ ၀င္ျပိဳင္မွာမ်ိဳးေတာ့ မဟုတ္ပါဘူး။ လူမ်ိဳးစုတူ ပါတီကြဲေတြ ရွိေနပါေသးတယ္။ ဒါတင္မက လူမ်ိဳးစုငယ္ေတြရဲ႕ ပါတီေတြလည္း ရွိေနေသးတာပါ။ ဥပမာ ကခ်င္ျပည္နယ္မွာဆုိရင္ ကခ်င္လူမ်ိဳးစုေတြရဲ႕ ပါတီေတြတင္မက လီဆူ၊ ေလာ္ေ၀ၚ၊ တုိင္းလိုင္(ရွမ္းနီ) ပါတီေတြလည္း ရွိေနၾကပါတယ္။ တကယ္ေတာ့ ပါတီတစ္ခုက အမတ္ေလာင္း တစ္ေယာက္ေယာက္ ေရြးေကာက္ခံရ မခံရ ဆုိတာ အဲဒီ သတ္မွတ္ မဲဆႏၵနယ္ေျမက ျပည္သူ အမ်ားစု မဲေပးမွ ရႏိုင္မယ့္ အေျခအေနမ်ိဳးပါ။ ပါတီ တစ္ခုခုကို အျပည့္အ၀ ေထာက္ခံသူေတြဟာ မဲဆႏၵနယ္ေျမ တစ္ခုခုထဲမွာ စု မေနပဲ မဲဆႏၵနယ္ေျမေတြၾကား ျပန္႔ၾကဲေနရင္ ကိုယ္စားလွယ္ ျဖစ္ဖို႔ မလြယ္ကူလွပါဘူး။

ေနာက္တစ္ခ်က္က တုိင္းရင္းသားပါတီေတြဟာ သူတုိ႔ လူမ်ိဳးစု တူသူေတြကိုပဲ စည္းရံုးေလ့ ရွိတာမို႔ လူမ်ိဳးစု မတူတဲ့ ဗမာနဲ႔ အျခား တုိင္းရင္းသားေတြရဲ႕ မဲကို ရေအာင္ ဆြဲေဆာင္ႏုိင္ဖို႔ ခက္ခဲလွပါတယ္။ ၂၀၁၅ တုန္းက ျပည္ေထာင္စု အဆင့္အတြက္ ျပည္နယ္ေတြမွာ မဲဆႏၵနယ္ ၂၀၀ အတြက္ ေရြးေကာက္ပြဲ က်င္းပခဲ့ျပီး တုိင္းရင္းသားပါတီေတြက အမတ္ ၅၆ ေယာက္ ေရြးခ်ယ္ ခံခဲ့ရပါတယ္။ အခု အေျခအေန ေကာင္းလြန္းလို႔ ၂၀၁၅ ထက္ အေရအတြက္ ၂ ဆ ျဖစ္တဲ့ အမတ္ေနရာ ၁၁၀ ေက်ာ္ ႏုိင္ခဲ့ရင္ေတာင္ အင္န္အယ္လ္ဒီ ရဲ႕ သမၼတ ေရြးခ်ယ္ႏုိင္ဖို႔၊ အစိုးရဖြဲ႕ႏိုင္ဖို႔ လိုအပ္တဲ့ အမတ္အေရတြက္ကို ထိခိုက္သြားႏိုင္ေျခ မရွိေသးပါဘူး။


အျခားတစ္ဖက္မွာေတာ့ လႊတ္ေတာ္ဥကၠဌေဟာင္း၊ ဗိုလ္ခ်ဳပ္ၾကီးေဟာင္း သူရဦးေရႊမန္းရဲ႕ ပါတီ၊ ၈၈မ်ိဳးဆက္ ေခါင္းေဆာင္ေဟာင္း ဦးကိုကိုၾကီး ဦးေဆာင္တဲ့ ျပည္သူ႔ပါတီ၊ စီးပြားေရး လုပ္ငန္းရွင္ ေဒါက္တာ ေဒၚသက္သက္ခိုင္ ဦးေဆာင္တဲ့ ျပည္သူ႕ေရွ႕ေဆာင္ပါတီ လိုမ်ိဳးကလည္း မဲဆႏၵနယ္ တစ္နယ္ခ်င္းစီမွာ အင္န္အယ္လ္ဒီကို ျခိမ္းေျခာက္ႏိုင္တဲ့ အေနအထား ျဖစ္ေပၚဖြယ္ မရွိဘူးလို႔ သံုးသပ္သူ အမ်ားစုက ဆုိၾကပါတယ္။ အလားတူ ျပည္ခုိင္ျဖိဳးပါတီကလည္း ၂၀၁၅ တုန္းကထက္ လူထု ေထာက္ခံမွဳ ပိုရလာႏိုင္၊ မဲပိုရႏုိင္တယ္ ဆိုျပီး ခန္႔မွန္းတဲ့သူ မေတြ႕ၾကရပါဘူး။


ဒီအခ်က္အလက္ေတြကို ျခံဳငံုသံုးသပ္ၾကည့္ရင္ အင္န္အယ္လ္ဒီဟာ ညႊန္႔ေပါင္းအစိုးရ ဖြဲ႕ဖို႔၊ မဲဆႏၵနယ္ အေပးအယူလုပ္၊ မဟာမိတ္ဖြဲ႕ျပီးမွ ေရြးေကာက္ပြဲ၀င္ဖို႔ စဥ္းစားမယ့္ အေနအထားမ်ိဳး မေတြ႕ျမင္ရေသးပါဘူး။ ဒါေပမယ့္ ဗမာပါတီၾကီး တစ္ခုနဲ႔ တုိင္းရင္းသားပါတီေတြ မဟာမိတ္ဖြဲ႕တယ္ ဆိုတာ ေရြးေကာက္ပြဲ ၀င္တဲ့ကိစၥ၊ အစိုးရဖြဲ႕တဲ့ ကိစၥ ေလာက္မွာပဲ ရွိေနတာ မဟုတ္ပါဘူး။ ႏွစ္ေပါင္း ၇၀ ေက်ာ္ၾကာလာျပီ ျဖစ္တဲ့ ျပည္တြင္းစစ္ ရပ္စဲေရး၊ ျပည္တြင္း ျငိမ္းခ်မ္းေရး တည္ေဆာက္ေရး၊ အာဏာရွင္တစ္ပိုင္း တိုင္းျပည္ကေန ဒီမိုကေရစီ ဖက္ဒရယ္ ျပည္ေထာင္စု တည္ေဆာက္ေရး အတြက္ဆုိရင္ ကိုယ္နဲ႔ ႏုိင္ငံေရး ဦးတည္ခ်က္ျခင္း တူတဲ့၊ စစ္အာဏာရွင္ စနစ္ကို အတူတကြ တြန္းလွန္ခဲ့ၾကတဲ့ တုိင္းရင္းသား ႏုိင္ငံေရးပါတီေတြနဲ႔ ခုိင္မာတဲ့ နီးကပ္တဲ့ မဟာမိတ္ဖြဲ႕မွဳ ျပဳလုပ္ထားဖို႔ ေသျခာေပါက္ လိုအပ္မွာ ျဖစ္ပါေၾကာင္း သံုးသပ္တင္ျပလိုက္ရပါတယ္။

------------------

NLD တိုင်းရင်းသားတွေနဲ့ မဟာမိတ် ဖွဲ့မလား

လာမယ့် ၂၀၂၀ နိုဝင်ဘာ ၈ ရက်နေ့မှာ အထွေထွေ ရွေးကောက်ပွဲကြီး ကျင်းပ ပါတော့မယ်။ အခုတစ်ခေါက် ထူးခြားချက်ကတော့ ပြည်နယ်တွေမှာ ရှိတဲ့ တိုင်းရင်းသားပါတီ အတော်များများဟာ သူတို့ပါတီငယ်တွေကို ဖျက်သိမ်းပြီး လူမျိုးတူ တိုင်းရင်းသား ပါတီ အချင်းချင်း ပေါင်းစည်းခဲ့ကြခြင်းပါ။ ၂၀၁၅ ခုနှစ် အထွေထွေ ရွေးကောက်ပွဲကို သင်ခန်းစာယူပြီး တူညီတဲ့ လူမျိုးစု တစ်ခုထဲမှာကို ပါတီ အမျိုးမျိုးကွဲနေရင် မဲရရှိမှုမှာလည်း မဲကွဲသွားနိုင်တယ်၊ ဒါကြောင့် လူမျိုးစုချင်း တူတဲ့ ပါတီ အချင်းချင်း ပေါင်းစည်းပြီး တစ်ပါတီထဲ အဖြစ် ရွေးကောက်ပွဲဝင်ရင် အနိုင်ရနိုင်ချေ များပြီး ကိုယ်စားလှယ်တွေ ရွေးကောက်ခံရနိုင်ခြေ ရှိတယ် ဆိုပြီး ဖြစ်ပါတယ်။ အဲဒီလှုပ်ရှားမှုနောက်ပိုင်း ပေါ်ပေါက်လာတဲ့ ဝေဖန်ချက် တစ်ခုကတော့ အင်န်အယ်လ်ဒီ အနေနဲ့ အစိုးရ အာဏာရခဲ့တဲ့ ၄ နှစ်ကျော် ကာလ တိုင်းပြည် တည်ဆောက်ရေးမှာ ပြည်သူတွေ မျှော်မှန်းထားသလောက် အကောင်အထည် ဖော်မပေးနိုင်ခဲ့ဘူး၊ ချို့ယွင်းအားနည်းချက်တွေ အများကြီးရှိနေတယ်၊ ဒါကြောင့် အရင် ၂၀၁၅ ရွေးကောက်ပွဲတုန်းကလို မဟုတ်ပဲ လူထု ထောက်ခံမှု ကျဆင်းနိုင်တယ်၊ အခြား တစ်ဖက်မှာလည်း ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အားကောင်း လာနိုင်တယ်၊ ဒါကြောင့် တိုင်းရင်းသားတွေနဲ့ မဟာမိတ်ဖွဲ့ပြီး ရွေးကောက်ပွဲ ဝင်သင့်တယ်၊ ရွေးကောက်ပွဲ ပြီးရင် တိုင်းရင်းသားတွေနဲ့ ပူးပေါင်းထားတဲ့ ညွန့်ပေါင်း အစိုးရ ဖွဲ့သင့်တယ် ဆိုပြီး ဖြစ်ပါတယ်။ အင်န်အယ်လ်ဒီ တိုင်းရင်းသားတွေနဲ့ မဟာမိတ် ဖွဲ့လာနိုင်ချေ ရှိသလား ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

လာမယ့် ရွေးကောက်ပွဲ ရလာဒ် ဘယ်လို ဖြစ်လာမလဲ ဆိုတာ ပြောဖို့ စောနေပါသေးတယ်။ ဒါပေမယ့် ရှုဒေါင့် အမျိုးမျိုးကနေ ခန့်မှန်းကြည့်လို့တော့ ရနိုင်ပါတယ်။ ဥပမာအားဖြင့် အင်န်အယ်လ်ဒီ မဲရနိုင်ချေ နည်းသွားမလား၊ ဘယ်လောက် နည်းသွားမလဲ။ လွှတ်တော်ထဲမှာ ကိုယ်စားလှယ် ၂၅% အသင့်ရယူ စောင့်ဆိုင်းနေတဲ့ တပ်မတော်နဲ့ မိတ်ဖက် အဖွဲ့အစည်းဖြစ်တဲ့ ပြည်ခိုင်ဖြိုးပါတီ ကရော လာမယ့် ရွေးကောက်ပွဲမှာ ၂၀၁၅ တုန်းကထက် လူထု ထောက်ခံမှု ပိုများလာပြီး၊ မဲတွေ ပိုရလာနိုင်မလား၊ အခုမှ အသစ်ဖွဲ့ပြီး ရွေးကောက်ပွဲဝင်မယ့် ပါတီမျိုးတွေကရော အမတ်နေရာ ဘယ်နှစ်နေရာလောက် ခွဲေ၀ ရယူသွားနိုင်သလဲ၊ အလားတူ တစ်ချို့သော အကဲခတ်တွေ ထင်မြင်ယူဆ သလို ပြည်နယ်တွေမှာ တိုင်းရင်းသားပါတီတွေ အားကောင်းလာပြီး အမတ်နေရာ ပို ရသွားနိုင်သလား စတာတွေပဲ ဖြစ်ပါတယ်။

အင်န်အယ်လ်ဒီ ပါတီရဲ့ ဖြစ်လာနိုင်တဲ့ အခြေအနေကို အရင် လေ့လာကြည့်ကြရအောင်ပါ။ ပြီးခဲ့တဲ့ ရွေးကောက်ပွဲတုန်းက သမ္မတ ရွေးနိုင်မယ့်၊ အစိုးရဖွဲ့နိုင်မယ့် ပြည်ထောင်စု အဆင့် ပြည်သူ့လွှတ်တော်နဲ့ အမျိုးသားလွှတ်တော် နှစ်ခုအတွက် မဲဆန္ဒနယ် စုစုပေါင်း ၄၉၁ နေရာမှာ ရွေးကောက်ပွဲ လုပ်ပါတယ်။ ပြည်ထောင်စု လွှတ်တော်ထဲမှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၁၅၆ ယောက်ကလည်း အသင့် နေရာရပြီး ဖြစ်ပါတယ်။ ဒါကြောင့် ပြည်ထောင်စု လွှတ်တော်ထဲ ရောက်ပြီးရင် သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်ဖို့ အတွက် အင်န်အယ်လ်ဒီ ပါတီအတွက် ပြည်ထောင်စု အဆင့် အမတ် အနည်းဆုံး ၃၂၄ ယောက် လိုအပ်ပါတယ်။ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီ ဟာ မဲဆန္ဒနယ်မြေ စုစုပေါင်းရဲ့ ၇၉% နဲ့ ညီမျှတဲ့ နေရာ ၃၉၀ အနိုင်ရပါတယ်။ ပြည်ထောင်စု အဆင့် လွှတ်တော်ထဲ ရောက်သွားတဲ့အခါ တပ်မတော်သား အမတ်တွေပါ ပေါင်းထားတဲ့ လွှတ်တော်တစ်ခုလုံးရဲ့ ၆၀% နီးပါး ရှိနေတာ တွေ့ရပါတယ်။ လိုအပ်တဲ့ ၃၂၄ နေရာထက် ကျော်လွန်တဲ့ အမတ်နေရာ ၃၉၀ အထိ အနိုင်ရခဲ့တာကြောင့် လွတ်လွတ်ကျွတ်ကျွတ်ပဲ သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်ခဲ့တာပါ။

အင်န်အယ်လ်ဒီ အနိုင်ရတဲ့ အနေအထားကို ပြန်ပြီး ခွဲခြမ်းစိတ်ဖြာကြည့်လိုက်ရင် ပြည်ထောင်စု အဆင့်အတွက် တိုင်းဒေသကြီးတွေကနေ အမတ် နေရာ ၂၈၀၊ ပြည်နယ်တွေကနေ အမတ်နေရာ ၁၁၀ အနိုင်ရခဲ့တာပါ။ ၂၀၂၀ မှာ ကျင်းပနိုင်မယ့် ရွေးကောက်ပွဲ မဲဆန္ဒနယ် အရေအတွက်ကို ၂၀၁၅ အခြေအနေ အတိုင်းပဲ တွက်ရင် အင်န်အယ်လ်ဒီ အနေနဲ့ သမ္မတ ရွေးဖို့၊ အစိုးရဖွဲ့ဖို့ အကြမ်းဖျဉ်း အမတ်နေရာ ၃၂၄ နေရာ လိုနိုင်ပါတယ်။

တကယ်လို့များ သုံးသပ်သူတွေ ခန့်မှန်းသလို တိုင်းဒေသကြီး မဲဆန္ဒနယ်တွေမှာ အင်န်အယ်လ်ဒီ အတွက် စိန်ခေါ်မှု ကြီးကြီးမားမား မရှိခဲ့ဘူး ဆိုရင် ၂၀၁၅ တုန်းကလိုပဲ အမတ်နေရာ ၂၈၀ ရနိုင်တယ် လို့ ခန့်မှန်းနိုင်ပါတယ်။ ဒီအခါ အင်န်အယ်လ်ဒီ အနေနဲ့ သမ္မတရွေးနိုင်ဖို့ အစိုးရဖွဲ့နိုင်ဖို့ ပြည်နယ်တွေကနေ အမတ်နေရာ ၄၄ နေရာ လောက် အနိုင်ရရင် လုံလောက်ပါပြီ။ ပြီးခဲ့တဲ့ ၂၀၁၅ တုန်းက အင်န်အယ်လ်ဒီ ဟာ ပြည်နယ်တွေမှာ အမတ်နေရာ ၁၁၀ အနိုင်ရခဲ့တာမို့ ၂၀၂၀ ပြည်နယ်တွေမှာ ဝက်ဝက်ကွဲအောင် ရှုံးပြီး ၂၀၁၅ ရဲ့ တစ်ဝက် ၅၅ နေရာလောက် အနိုင်ရရင်တောင် သမ္မတရွေးနိုင်၊ အစိုးရဖွဲ့နိုင်တဲ့ အနေအထား ရှိနေဆဲ ဖြစ်တာ တွေ့နိုင်ပါတယ်။ ဒါက ၂၀၂၀ အတွက် အကြမ်းဖျဉ်း တွက်ဆ ချက်ပါ။ ပြည်နယ်တွေမှာရော တိုင်းရင်းသားပါတီတွေ ပေါင်းစည်းကြလို့ အဲဒီပါတီတွေ အမတ်နေရာ ပိုရလာမှာလား ဆိုတာ သုံးသပ်ကြည့်ကြရအောင်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင် ထုတ်ပြန်ချက်အရ ပြည်နယ်(၆)ခုက ကယား၊ ကရင်၊ ကချင်၊ မွန်၊ ချင်း နဲ့ ၀ လူမျိုးစု ပါတီတွေ ပေါင်းစည်းခဲ့တာ တွေ့ရပါတယ်။ အဲလို ပေါင်းစည်းလိုက်လို့ ပြည်နယ် တစ်ခုစီမှာ အဓိက လူမျိုးစုရဲ့ ပါတီ တစ်ခုတည်း ရှိပြီး အဲဒီပါတီကပဲ ရွေးကောက်ပွဲ ဝင်ပြိုင်မှာမျိုးတော့ မဟုတ်ပါဘူး။ လူမျိုးစုတူ ပါတီကွဲတွေ ရှိနေပါသေးတယ်။ ဒါတင်မက လူမျိုးစုငယ်တွေရဲ့ ပါတီတွေလည်း ရှိနေသေးတာပါ။ ဥပမာ ကချင်ပြည်နယ်မှာဆိုရင် ကချင်လူမျိုးစုတွေရဲ့ ပါတီတွေတင်မက လီဆူ၊ လော်ဝေါ်၊ တိုင်းလိုင်(ရှမ်းနီ) ပါတီတွေလည်း ရှိနေကြပါတယ်။ တကယ်တော့ ပါတီတစ်ခုက အမတ်လောင်း တစ်ယောက်ယောက် ရွေးကောက်ခံရ မခံရ ဆိုတာ အဲဒီ သတ်မှတ် မဲဆန္ဒနယ်မြေက ပြည်သူ အများစု မဲပေးမှ ရနိုင်မယ့် အခြေအနေမျိုးပါ။ ပါတီ တစ်ခုခုကို အပြည့်အ၀ ထောက်ခံသူတွေဟာ မဲဆန္ဒနယ်မြေ တစ်ခုခုထဲမှာ စု မနေပဲ မဲဆန္ဒနယ်မြေတွေကြား ပြန့်ကြဲနေရင် ကိုယ်စားလှယ် ဖြစ်ဖို့ မလွယ်ကူလှပါဘူး။ နောက်တစ်ချက်က တိုင်းရင်းသားပါတီတွေဟာ သူတို့ လူမျိုးစု တူသူတွေကိုပဲ စည်းရုံးလေ့ ရှိတာမို့ လူမျိုးစု မတူတဲ့ ဗမာနဲ့ အခြား တိုင်းရင်းသားတွေရဲ့ မဲကို ရအောင် ဆွဲဆောင်နိုင်ဖို့ ခက်ခဲလှပါတယ်။ ၂၀၁၅ တုန်းက ပြည်ထောင်စု အဆင့်အတွက် ပြည်နယ်တွေမှာ မဲဆန္ဒနယ် ၂၀၀ အတွက် ရွေးကောက်ပွဲ ကျင်းပခဲ့ပြီး တိုင်းရင်းသားပါတီတွေက အမတ် ၅၆ ယောက် ရွေးချယ် ခံခဲ့ရပါတယ်။ အခု အခြေအနေ ကောင်းလွန်းလို့ ၂၀၁၅ ထက် အရေအတွက် ၂ ဆ ဖြစ်တဲ့ အမတ်နေရာ ၁၁၀ ကျော် နိုင်ခဲ့ရင်တောင် အင်န်အယ်လ်ဒီ ရဲ့ သမ္မတ ရွေးချယ်နိုင်ဖို့၊ အစိုးရဖွဲ့နိုင်ဖို့ လိုအပ်တဲ့ အမတ်အရေတွက်ကို ထိခိုက်သွားနိုင်ခြေ မရှိသေးပါဘူး။

အခြားတစ်ဖက်မှာတော့ လွှတ်တော်ဥက္ကဌဟောင်း၊ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းရဲ့ ပါတီ၊ ၈၈မျိုးဆက် ခေါင်းဆောင်ဟောင်း ဦးကိုကိုကြီး ဦးဆောင်တဲ့ ပြည်သူ့ပါတီ၊ စီးပွားရေး လုပ်ငန်းရှင် ဒေါက်တာ ဒေါ်သက်သက်ခိုင် ဦးဆောင်တဲ့ ပြည်သူ့ရှေ့ဆောင်ပါတီ လိုမျိုးကလည်း မဲဆန္ဒနယ် တစ်နယ်ချင်းစီမှာ အင်န်အယ်လ်ဒီကို ခြိမ်းခြောက်နိုင်တဲ့ အနေအထား ဖြစ်ပေါ်ဖွယ် မရှိဘူးလို့ သုံးသပ်သူ အများစုက ဆိုကြပါတယ်။ အလားတူ ပြည်ခိုင်ဖြိုးပါတီကလည်း ၂၀၁၅ တုန်းကထက် လူထု ထောက်ခံမှု ပိုရလာနိုင်၊ မဲပိုရနိုင်တယ် ဆိုပြီး ခန့်မှန်းတဲ့သူ မတွေ့ကြရပါဘူး။

ဒီအချက်အလက်တွေကို ခြုံငုံသုံးသပ်ကြည့်ရင် အင်န်အယ်လ်ဒီဟာ ညွှန့်ပေါင်းအစိုးရ ဖွဲ့ဖို့၊ မဲဆန္ဒနယ် အပေးအယူလုပ်၊ မဟာမိတ်ဖွဲ့ပြီးမှ ရွေးကောက်ပွဲဝင်ဖို့ စဉ်းစားမယ့် အနေအထားမျိုး မတွေ့မြင်ရသေးပါဘူး။ ဒါပေမယ့် ဗမာပါတီကြီး တစ်ခုနဲ့ တိုင်းရင်းသားပါတီတွေ မဟာမိတ်ဖွဲ့တယ် ဆိုတာ ရွေးကောက်ပွဲ ဝင်တဲ့ကိစ္စ၊ အစိုးရဖွဲ့တဲ့ ကိစ္စ လောက်မှာပဲ ရှိနေတာ မဟုတ်ပါဘူး။ နှစ်ပေါင်း ၇၀ ကျော်ကြာလာပြီ ဖြစ်တဲ့ ပြည်တွင်းစစ် ရပ်စဲရေး၊ ပြည်တွင်း ငြိမ်းချမ်းရေး တည်ဆောက်ရေး၊ အာဏာရှင်တစ်ပိုင်း တိုင်းပြည်ကနေ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ရေး အတွက်ဆိုရင် ကိုယ်နဲ့ နိုင်ငံရေး ဦးတည်ချက်ခြင်း တူတဲ့၊ စစ်အာဏာရှင် စနစ်ကို အတူတကွ တွန်းလှန်ခဲ့ကြတဲ့ တိုင်းရင်းသား နိုင်ငံရေးပါတီတွေနဲ့ ခိုင်မာတဲ့ နီးကပ်တဲ့ မဟာမိတ်ဖွဲ့မှု ပြုလုပ်ထားဖို့ သေခြာပေါက် လိုအပ်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

စည်သူအောင်မြင့်။

XS
SM
MD
LG