သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သတင်းမီဒီယာသမားတွေ ဘာလုပ်သင့်သလဲ


ဖမ်းဆီးခံသတင်းထောက်(၃)ဦး-
ဒီမိုကရက်တစ် မြန်မာ့အသံ DVB အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ကိုပြည့်ဘုန်းနိုင် နဲ့ ဧရာဝတီ သတင်းဌာနသတင်းထောက် ကိုသိန်းဇော်ခေါ် ကိုလဝီဝမ်
ဖမ်းဆီးခံသတင်းထောက်(၃)ဦး- ဒီမိုကရက်တစ် မြန်မာ့အသံ DVB အကြီးတန်းသတင်းထောက် ဦးအေးနိုင်၊ကိုပြည့်ဘုန်းနိုင် နဲ့ ဧရာဝတီ သတင်းဌာနသတင်းထောက် ကိုသိန်းဇော်ခေါ် ကိုလဝီဝမ်

အခုရက်ပိုင်း လူတွေ စိတ်ဝင်စားနေတဲ့ ကိစ္စ တစ်ခုကတော့ ရှမ်းပြည်နယ်မှာ TNLA တအာန်းပလောင် တပ်ဖွဲ့ နယ်မြေထဲ သွားပြီး သတင်းယူခဲ့တဲ့ သတင်းထောက် သုံးယောက် ဖမ်းဆီးခံရတဲ့ သတင်းပါ။ တပ်မတော်က ဖမ်းဆီးပြီး သီပေါမြို့နယ် ရဲစခန်းကိုအပ်၊ တရားရုံးကနေ ရမန်ယူပြီး သီပေါအကျဉ်းထောင်ကို ပို့ထားလိုက်ပါပြီ။ ဒီဗွီဘီ နဲ့ ဧရာဝတီ က သတင်းထောက် သုံးယောက်ကို မတရားအသင်းနဲ့ ဆက်သွယ်တဲ့ ပုဒ်မ ၁၇/၁ နဲ့ အရေးယူထားတယ်လို့ သိရပါတယ်။ အခုလို တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့ထိန်းချုပ်နယ်မြေထဲ သတင်းသွားယူလို့ ဖမ်းဆီးခံရတဲ့ သတင်းထောက်တွေနဲ့ ပတ်သက်ပြီး သတင်းမီဒီယာသမားတွေက မကျေနပ်ကြပါဘူး။ ဒီအတွက် ပြင်းထန်တဲ့ ဝေဖန်မှုတွေ ပြောဆိုကြပါတယ်။ မြန်မာနိုင်ငံမှာ တကယ်ပဲ သတင်းမီဒီယာ အပေါ် ဖိနှိပ်မှုတွေ ရှိနေပြီလား၊ သတင်းမီဒီယာ လွတ်လပ်ခွင့် နောက်ပြန်ဆုတ်သွားပြီလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

သတင်းထောက်တွေ ဖမ်းဆီးခံရတာနဲ့ ပတ်သက်ပြီး Myanmar Now သတင်းဌာန အယ်ဒီတာချုပ် ကိုဆွေဝင်းက “ ကျနော်တို့ သတင်းသမားတွေဟာ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှုတွေ စတင်လာတဲ့ အချိန်တုန်းကနေ အခုထိ သတင်းမီဒီယာ လွတ်လပ်မှုတွေ ရှိခဲ့တယ်လို့ ခံစားလာရတာတွေ အားလုံး နောက်ပြန်ဆုတ်သွားတယ်လို့ ပြောချင်တယ်” လို့ ဆိုပါတယ်။ ရန်ကုန်သတင်းစာပညာကျောင်း တာဝန်ခံ ဦးရဲနိုင်မိုးကတော့ “ စစ်မြေပြင်အထိ သတင်းရယူခွင့်ရှိတဲ့ သတင်းစာဆရာတွေကို နိုင်ငံတော်က ဖွဲ့စည်းထားတဲ့ တပ်မတော်က ဖမ်းဆီးတယ် ဆိုတာ မကူညီရုံတင် မကပဲ သတင်းမီဒီယာ အပေါ် တိုက်ခိုက်မှုပါ မြောက်တယ်၊ ဒါက လူ့အဖွဲ့အစည်းမှာရှိတဲ့ ကျင့်ဝတ်နဲ့ မညီညွတ်သလို၊ သတ်မှတ်ထားတဲ့ သတင်းမီဒီယာ ပုဒ်မတွေကိုလည်း မလိုက်နာဘူးဆိုတာ တွေ့ရှိရတယ်” လို့ ပြောထားပါတယ်။

အခြားတစ်ဖက်မှာတော့ သမ္မတရုံး ပြောခွင့်ရ ဦးဇော်ဌေးက သတင်းဌာနတွေ အနေနဲ့ ကြိုတင် ခွင့်ပြုချက် ရယူခဲ့ရင် ခုလို မဖြစ်နိုင်ဘူးလို့ မှတ်ချက်ပေးခဲ့သလို၊ အင်န်အယ်လ်ဒီ ပါတီ ခေါင်းဆောင် ဦးဝင်းထိန်ကတော့ ဒါဟာ ပုဒ်မ ၁၇/၁ နဲ့ ငြိစွန်းနေတယ်၊ ဒါပေမယ့် ဒီဖြစ်ရပ်ကြောင့် သတင်းမီဒီယာ လွတ်လပ်ခွင့်ကို မထိခိုက်နိုင်ဘူး ဆိုပြီး ပြောဆိုထားပါတယ်။ သတင်းမီဒီယာသမားတွေနဲ့ အစိုးရ တာဝန်ရှိသူ၊ အာဏာရပါတီ ခေါင်းဆောင်တွေ အမြင်မတူကြပါဘူး။

ဖြစ်စဉ်ကို ပြန်ကြည့်ရင် ဧရာဝတီ နဲ့ ဒီဗွီဘီ သတင်းဌာနက သတင်းထောက်တွေဟာ အစိုးရနဲ့ အပစ်အခတ်ရပ်စဲထားခြင်း မရှိသေးတဲ့၊ မကြာခဏ တိုက်ပွဲလည်း ဖြစ်နေတဲ့ TNLA တအဲန်း ပလောင် လက်နက်ကိုင် တပ်ဖွဲ့ နယ်မြေထဲ သတင်းသွားယူကြတာ ဖြစ်ပါတယ်။ နောက်တစ်ခု ထူးခြားတာက ရှမ်းပြည်နယ် လွှတ်တော်ဟာ အဲဒီ တအဲန်းပလောင် တပ်ဖွဲ့အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ သုံးဖွဲ့ကို အကြမ်းဖက် အဖွဲ့အစည်းတွေအဖြစ် ဆုံးဖြတ်ထားတာပါ။ နဂိုကတည်းကမှ မတရားအသင်းကနေ ပယ်ဖျက်ထားခြင်း မရှိသေးတဲ့ အဖွဲ့အစည်းလည်းဖြစ်၊ ပြည်နယ်လွှတ်တော်ကလည်း အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ဆုံးဖြတ်ထားတဲ့အောက်မှာ သာမန်အားဖြင့် အဲဒီ အဖွဲ့အစည်းတွေနဲ့ ဆက်သွယ်ရင် တည်ဆဲ ပုဒ်မ ၁၇/၁ နဲ့ ငြိစွန်းနိုင်တယ်ဆိုတာကတော့ ငြင်းလို့ မရပါဘူး။

ဒီလိုပြောလို့ သတင်းမီဒီယာတွေ အနေနဲ့ အဲလို အဖွဲ့အစည်းတွေရဲ့ သတင်းတွေ မယူရတော့ဘူးလား၊ မဖော်ပြရတော့ဘူးလား၊ အဲဒီ နယ်မြေထဲကိုလည်း လုံး၀ မသွားရတော့ဘူးလား လို့ မေးစရာ ရှိလာပါတယ်။ ဒီကနေ့အချိန်ထိ သတင်းမီဒီယာ အများစုဟာ အစိုးရနဲ့ အပစ်အခတ် ရပ်မထားတဲ့ တပ်မတော်နဲ့ မကြာခဏ တိုက်ပွဲတွေလည်း ဖြစ်ပွားနေတဲ့ KIA ကချင်တပ်ဖွဲ့၊ ကိုးကန့်တပ်ဖွဲ့၊ တအဲန်းပလောင် တပ်ဖွဲ့၊ ရခိုင် AA တပ်ဖွဲ့က တာဝန်ရှိသူတွေနဲ့ ဆက်သွယ်ပြီး သူတို့ပြောတာတွေကို ရေးသား၊ ထုတ်လွှင့်နေကြပါတယ်။ ဒီလို ရေးသားဖော်ပြတာတွေကို အရေးယူတာမျိုး မတွေ့ကြရပါဘူး။

အလားတူ သတင်းမီဒီယာသမား အတော်များများ KIA ထိန်းချုပ်နယ်မြေ၊ တအဲန်းပလောင် ထိန်းချုပ်နယ်မြေ အစရှိသဖြင့် သူပုန်ဧရိယာထဲသွား၊ သတင်းရယူ တင်ဆက်နေတာလည်း ပုံမှန်လိုလို တွေ့မြင်နေကြရပါတယ်။ အဲဒီလိုလုပ်လို့ ဘယ်သူမှ တရားစွဲခံရတယ် ဆိုတာမျိုးလည်း မကြားမသိကြရပါဘူး။

ဘယ်လိုပဲဖြစ်ဖြစ် အခုဖြစ်စဉ်နဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ ပြည်နယ်က အကြမ်းဖက်သမားလို့ ကြေငြာထားတဲ့ အဖွဲ့အစည်း နယ်မြေထဲ သတင်းသွားယူတာကို သူ့ သက်ဆိုင်ရာ သတင်းဌာန အယ်ဒီတာတွေ၊ အယ်ဒီတာချုပ်တွေ၊ တာဝန်ရှိသူတွေက ဥပဒေနဲ့အညီ၊ စည်းကမ်းနဲ့အညီ သတင်းထောက်တွေ အန္တရယ် တစ်စုံတစ်ရာ မကျရောက်အောင် စီစဉ်ပေးလိုက်ပါရဲ့လား ဆိုတာကိုလည်း မေးခွန်းထုတ်ဖို့ ကောင်းပါတယ်။ တည်ဆဲ သတင်းမီဒီယာ ဥပဒေ ပုဒ်မ၇ ပုဒ်မခွဲ(က) မှာ “ သတင်းမီဒီယာသမား တစ်ဦးသည် စစ်မက် ဖြစ်ပွားရာဒေသ၊ အရေးအခင်း၊ အဓိကရုဏ်း၊ အများပြည်သူ ဆန္ဒပြရာနေရာ ဒေသတို့တွင် သက်ဆိုင်ရာ တာဝန်ရှိသူ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ သတင်းရယူစဉ်တွင် လုံခြုံရေးဆိုင်ရာ အဖွဲ့အစည်း တစ်ရပ်ရပ်ဇ။် ဖမ်းဆီးထိမ်းသိမ်းခြင်းမှ ကင်းလွတ်စေရမည်” လို့ ဖော်ပြထားပါတယ်။ ဒီနေရာမှာ အရေးကြီးတာက “သက်ဆိုင်ရာ တာဝန်ရှိသူ အဖွဲ့အစည်းက သတ်မှတ်ထားသော စည်းကမ်းများနှင့်အညီ သတင်းရယူ” ဖို့ ဆိုတာပါ။ အခု သတင်းသွားယူတဲ့ သတင်းထောက်တွေအတွက် သက်ဆိုင်ရာ သူ့သတင်းမီဒီယာ အဖွဲ့အစည်းက တရားဝင်ဖြစ်အောင် ခွင့်ပြုချက် တစ်စုံတစ်ရာ တောင်းခံတာမျိုး၊ အကြောင်းကြားတာမျိုး လုပ်ပေးခဲ့တာ မတွေ့ကြရပါဘူး။

ကောင်းပါပြီ။ သတင်းမီဒီယာတွေဘက်က တို့တွေက ခွင့်တောင်းရင်ရော၊ သက်ဆိုင်ရာ တာဝန်ရှိသူတွေက ခွင့်ပြုချက်ပေးပါ့မလား၊ ပေးမှာ မဟုတ်ပါဘူး လို့ စောဒက တက်ကောင်းတက်နိုင်ပါတယ်။ တကယ်တော့ ခွင့်ပြုချက် ပေးတာ၊ မပေးတာ သက်ဆိုင်ရာ တာဝန်ရှိသူတွေအပိုင်းဖြစ်ပြီး သတင်းမီဒီယာ တာဝန်ရှိသူတွေ အပိုင်းကတော့ ကိုယ့်သတင်းထောက်တွေ အန္တရာယ် မကျရောက်အောင် အကျိုးနဲ့ အကြောင်းနဲ့ တင်ပြခွင့်ပြုချက် တောင်းဖို့ပါပဲ။ ခွင့်ပြုချက် မပေးရင် အခြားနည်းလမ်း ရှာကြရပါမယ်။ သတင်းမီဒီယာသမားတွေ အနေနဲ့ကတော့ ပြည်သူလူထုကို သတင်းပေးရာမှာ ရှုဒေါင့်စုံ၊ ဘက်စုံက တင်ပြရမှာဖြစ်လို့ လက်နက်ကိုင် တပ်ဖွဲ့တွေဘက်က အသံကို ယူရမှာလည်း အမှန်ပါပဲ။ လိုအပ်ရင် လက်နက်ကိုင် တပ်ဖွဲ့တွေရဲ့ နယ်မြေထဲ သွားသင့်ရင်လည်း သွားကြရမှာပါပဲ။ တရားဝင် သွားဖို့ ခွင့်မပြုရင်၊ တရားဝင် လမ်းကြောင်း မရှိရင် အဲလိုနယ်မြေမျိုး စေလွှတ် သင့်မသင့်၊ စေလွှတ်မယ်ဆို ကြုံဆုံရနိုင်တဲ့ အခုလို ပြသနာမျိုးတွေကို သက်ဆိုင်ရာ အယ်ဒီတာတွေ၊ မီဒီယာ တာဝန်ရှိသူတွေ ကြိုတင်တွက်ဆပြီးမှ သတင်းထောက်တွေကိုယ်တိုင် နားလည် လက်ခံပါမှ စေလွှတ်သင့်ပါတယ်။

ဘယ်လိုပဲဖြစ်ဖြစ် သတင်းထောက်သုံးယောက်ကတော့ အဖမ်းခံလိုက်ရပါပြီ။ ဒါနဲ့ပတ်သက်ပြီး တည်ဆဲဥပဒေအတိုင်း ဆောင်ရွက်တဲ့ တပ်မတော်ဘက်ကို အပြစ်မတင်သင့်သလို၊ သတင်းသမားတွေဘက်က မလိုက်ရကောင်းလား ဆိုပြီး အစိုးရကို ညိုငြင်နေလို့လည်း မပြီးပါဘူး။ ပထမ တစ်ချက်က သတင်းထောက်တွေ လွတ်မြောက်အောင် နည်းလမ်းရှာ ကြိုးစားပေးရပါမယ်။ မရလို့ တရားရုံးမှာ ရင်ဆိုင်ရရင်လည်း အကောင်းဆုံး ရလာဒ် ထွက်ပေါ်လာအောင် နည်းပေါင်းစုံနဲ့ ပံ့ပိုးပေးကြရပါလိမ့်မယ်။ လက်ရှိအချိန်မှာ တကယ် လုပ်သင့်တာက နောင် သတင်းထောက်တွေ ခုလို ပြသနာ မပေါ်ပေါက်အောင်၊ လက်နက်ကိုင် အဖွဲ့အစည်းနယ်မြေထဲ တရားဝင် သွားပြီး သတင်းယူခွင့်ရတဲ့ အခြေအနေ ဖြစ်ပေါ်လာအောင် သတင်းမီဒီယာ တာဝန်ရှိသူတွေ၊ သတင်းမီဒီယာ အဖွဲ့အစည်း ပေါင်းစုံက တာဝန်ရှိသူတွေ ကြိုးစား ဆောင်ရွက်ပေးသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG