ပြီးခဲ့တဲ့ ဇွန်လ ၂၃ ရက်နဲ့ ၂၄ ရက်နေ့တွေက အာဏာရ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ပါတီရဲ့ ဒုတိယအကြိမ် နိုင်ငံလုံးဆိုင်ရာ ပါတီ ညီလာခံ ကျင်းပခဲ့ပါတယ်။ အချိန်တိုတိုအတွင်း ကျင်းပခဲ့တဲ့ ညီလာခံမှာ အစိုးရမူဝါဒ အောင်မြင်အောင် ၀န်းရံ အားပေးရေး၊ ဖွဲ့စည်းပုံ ပြင်ရေး အပါအ၀င် ရှေ့လုပ်ငန်းစဉ် (၅) ရပ်ချမှတ်ခဲ့ပါတယ်။ ဒီရှေ့လုပ်ငန်းစဉ် (၅) ရပ်ထဲမှာ ဖွဲ့စည်းပုံ ပြင်ရေး ဆိုတာဟာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲ မ၀င်ခင်ကတည်းက အင်န်အယ်လ်ဒီ ပါတီရဲ့ မူဝါဒ တရပ် အနေနဲ့ ရှိခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာရော၊ ၂၀၁၅ အထွေထွေရွေးကောက်ပွဲကြီး မှာပါ ပါတီရဲ့ လုပ်ငန်းစဉ်အဖြစ် ပြည်သူတွေကို ချပြ မဲဆွယ်ခဲ့တာပါ။ သိပ်မကြာခင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ ကျင်းပပြီးတာ ၃ နှစ် ပြည့်ပါတော့မယ်။ ဒီကာလအတွင်း NLD ပါတီ အနေနဲ့ ဖွဲ့စည်းပုံ ပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး ပြောတာ၊ ဆိုတာ လှုပ်ရှားတာ ပြည်သူတွေ မတွေ့မြင်ကြရပါဘူး။ ဒီအတွက် ညီလာခံ အပြီး သတင်းစာရှင်းလင်းပွဲမှာ သတင်းထောက်တွေကလည်း NLD ခေါင်းဆောင်တွေကို အဲဒီ မေးခွန်း မေးခဲ့ကြပါတယ်။ NLD ပါတီ ဖွဲ့စည်းပုံ ပြင်ဆင်ရေး အကောင်အထည် ဖော်နိုင်ပါ့မလား ဆိုတာ ခုတပတ် လေ့လာသုံးသပ် တင်ပြသွားပါ့မယ်။
အရင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ ခေါင်းဆောင်တဲ့ စစ်အာဏာရှင် အစိုးရလက်ထက်မှာ သူတို့ စိတ်ကြိုက်ရေးဆွဲထားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အတည်ပြုခဲ့ပါတယ်။ အဲဒီအချိန်ကတည်းက NLD ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို လက်ခံခဲ့တာ မဟုတ်ပါဘူး။ တကယ့်တကယ် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို လေ့လာကြည့်ရင် ဒီမိုကရေစီစနစ်နဲ့ နည်းနည်းမှ လိုက်လျောညီထွေ မဖြစ်တဲ့ အချက်တွေ အများကြီး တွေ့မြင်နိုင်ပါတယ်။ တပ်မတော်ဟာ တသီးတခြားစီ ရပ်တည်ခွင့်ရပြီး ရွေးကောက်ခံ အစိုးရရဲ့ စီမံခန့်ခွဲမှုအောက် ရှိမနေတာ၊ သမ္မတ ရွေးချယ်ရာမှာ တပ်မတော်က မဲ ၂၅ ရာခိုင်နှုန်းကို ရယူထားတာ၊ ဥပဒေပြု လွှတ်တော် အသီးသီးမှာ တပ်မတော်သား အမတ်တွေက ၂၅ ရာခိုင်နှုန်း နေရာယူထားတာ၊ အစိုးရအဖွဲ့မှာ အရေးပါတဲ့ ကာကွယ်ရေး၊ ပြည်ထဲရေး၊ နယ်စပ်ရေးရာ ၀န်ကြီးသုံးယောက်ကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က စိတ်ကြိုက်ခန့်နိုင်တာ၊ တိုင်းနဲ့ပြည်နယ် အသီးသီးမှာ ၀န်ကြီးချုပ်ပြီးရင် အရေးအပါဆုံးဖြစ်တဲ့ လုံနယ်ဝန်ကြီးကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား အရာရှိတွေ ထည့်သွင်းရတာ၊ ဒေါ်အောင်ဆန်းစုကြည်ကို သမ္မတအဖြစ် တင်မြှောက်လို့ မရနိုင်တဲ့ ပုဒ်မ ၅၉(စ) လိုမျိုးကို ထည့်သွင်းထားတာ စတဲ့ အချက်ပေါင်းများစွာ ပါရှိနေပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေနဲ့ ပတ်သက်ပြီး နဂိုတုန်းက NLD မှာ သဘောထား နှစ်မျိုး ကွဲပြားခဲ့ပါသေးတယ်။ ပထမ တစ်မျိုးကတော့ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်ရေး ဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ NLD ခေါင်းဆောင် အများစုကြီးရဲ့ သဘောထား ဖြစ်ပါတယ်။ ဒုတိယ တမျိုးကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်သိမ်း၊ ဖွဲ့စည်းပုံ အသစ်နဲ့ အစားထိုးရေး ဖြစ်ပြီး ကွယ်လွန်သွားပြီဖြစ်တဲ့ သတင်းစာဆရာကြီး ဟံသာဝတီ ဦးဝင်းတင်နဲ့ ရှေ့နေကြီး ဦးကိုနီတို့ရဲ့ သဘောထားဖြစ်ပါတယ်။ နောက်ပိုင်း ဖွဲ့စည်းပုံ ပြင်ဆင်ရေးဟာ NLD ပါတီရဲ့ မူဝါဒ သဘောထား ဖြစ်လာပါတယ်။
ဖွဲ့စည်းပုံပြင်ဆင်ရေးနဲ့ ပတ်သက်ပြီး NLD ပါတီအတွင်း လေ့လာသုံးသပ်မှုတွေ လုပ်ကြရာမှာ အချက်ပေါင်း ၁၆၈ ချက်အထိ ပြင်ဆင်ဖို့ လိုတယ် ဆိုပြီး သဘောထား ထွက်လာပါတယ်။ ဒါပေမယ့် အဲဒီအချက်အလက်တွေ ပြင်နိုင်အောင် ဘယ်လို သနင်္ဂဟဗျူဟာ နည်းဗျူဟာတွေနဲ့ လုပ်ကြမလဲ ဆိုတာမျိုးကိုတော့ ချမှတ်တာ မတွေ့ကြရပါဘူး။
၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲဝင်၊ ဒေါ်အောင်ဆန်းစုကြည် အပါအ၀င် NLD အမတ် ၄၀ကျော် လွှတ်တော် အသီးသီးထဲ ရောက်ပြီးနောက်ပိုင်း NLD ဟာ ဖွဲ့စည်းပုံပြင်ရေး တတိုင်းပြည်လုံး အတိုင်းအတာနဲ့ ကြိုးစားလာပြန်ပါတယ်။ ဒီအခါပြင်ဖို့ ကြိုးစားတာကတော့ ပုဒ်မ ၄၃၆ ပါ။ အင်န်အယ်လ်ဒီ ခေါင်းဆောင်တွေနဲ့ ဥပဒေ ပညာရှင်တွေက ဖွဲ့စည်းပုံပါ အချက်အတော်များများ ပြင်ဖို့ ကြိုးစားနေရင် တပ်မတော်ခေါင်းဆောင်တွေနဲ့ ညှိနေရမယ်၊ တပ်မတော်ဘက်က သဘောမတူရင် ပြင်ဆင်ဖို့ မလွယ်ဘူး၊ ဒါပေမယ့် ပုဒ်မ ၄၃၆ ကိုသာ ပြင်ဆင်လိုက်နိုင်ရင် နောက်ပိုင်း ဖွဲ့စည်းပုံပါ ဘယ်ပုဒ်မကို ပြင်ချင်သည်ဖြစ်စေ၊ တပ်မတော်ဘက်က သဘောမတူလဲ ပြင်လို့ ရသွားလိမ့်မယ်၊ ဖွဲ့စည်းပုံ ပြင်ဆင်ရေးမှာ ပုဒ်မ ၄၃၆ ဟာ အရေးကြီးပြီး တံခါးပေါက်လည်း ဖြစ်တယ်၊ ဒီတံခါးပေါက် ပွင့်သွားရင် ကျန်တာအားလုံး ပြင်နိုင်လိမ့်မယ်လို့ ယူဆပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လှုပ်ရှားမှု လုပ်ခဲ့တာပါ။
အဲဒီ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး NLD ခေါင်းဆောင်မှုနောက် ၈၈မျိုးဆက် ကျောင်းသားခေါင်းဆောင်တွေ အပါအ၀င် လူထုလူတန်းစား အဖွဲ့ပေါင်းစုံနဲ့ ပြည်သူအများစုကြီးက ထောက်ခံတာတွေ့ရပါတယ်။ ဒါပေမယ့် NLD ခေါင်းဆောင်တွေ မတွက်မိတဲ့အချက်က သူတို့ လိုလားသလို ပုဒ်မ ၄၃၆ ကိုသာ ပြင်ဆင်လိုက်နိုင်ရင် နောက်ပိုင်း တပ်မတော် သဘောထား မပါလဲ ဖွဲ့စည်းပုံ တခုလုံး လိုသလို ပြင်ခွင့်ရသွားမှာဖြစ်ပြီး၊ တပ်မတော် ခေါင်းဆောင်တွေနဲ့ တပ်မတော် တခုလုံးရဲ့ ကံကြမ္မာ ရွေးကောက်ခံတွေ လက်ထဲ ရောက်သွားလိမ့်မယ် ဆိုတာကို တပ်မတော်ဘက်ကလည်း သိနေတဲ့ အချက်ပဲ ဖြစ်ပါတယ်။ ဒီအတွက် ဖွဲ့စည်းပုံပြင်ရေးမှာ ပုဒ်မ ၄၃၆ ပြင်ရေး ဆိုတာဟာ အခက်ခဲဆုံး ဖြစ်လိမ့်မယ်ဆိုတာ သဘောမပေါက်လို့ အဲဒီ လှုပ်ရှားမှု လုပ်ခဲ့တာလို့ သုံးသပ်နိုင်ပါတယ်။ တကယ်လည်း အဲဒီ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး လုံးဝ မအောင်မြင်ခဲ့ပါဘူး။
သမ္မတ ဦးသိန်းစိန်အစိုးရလက်ထက် လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေး လုပ်ပြီးနောက်ပိုင်း ဖွဲ့စည်းပုံပြင်ရေး စကားပြောလာပါတယ်။ သမ္မတ ဦးသိန်းစိန်ပြောတာကတော့ အစိုးရ၊ လွှတ်တော်၊ တပ်မတော်၊ နိုင်ငံရေးပါတီ၊ အရပ်ဘက် အဖွဲ့အစည်းတွေ၊ လက်နက်ကိုင် တိုင်းရင်းသားတွေ အားလုံးပါဝင်တဲ့ ငြိမ်းချမ်းရေး ညီလာခံကြီးတွေ ကျင်းပကြမယ်၊ အဲဒီက ရလာတဲ့ သဘောတူညီချက်တွေကို လွှတ်တော်ထဲတင်ပြီး ဖွဲ့စည်းပုံပြင်ရေး လုပ်မယ်၊ မလောကြပါနဲ့ ဆိုတာပါပဲ။ အဲဒီအချိန်တုန်းက ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီဟာ သမ္မတဦးသိန်းစိန်ရဲ့ ဖွဲ့စည်းပုံပြင်ရေး နည်းနာကို လက်မခံခဲ့ကြပါဘူး။ ဖွဲ့စည်းပုံပြင်ရေးအတွက် သီးခြား အကောင်အထည် ဖော်ရမယ် ဆိုတဲ့ သဘောထားမျိုးပဲ ရှိခဲ့တာပါ။ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ NLD အစိုးရ အာဏာရလာတဲ့အခါ သမ္မတ ဦးသိန်းစိန် ထားရစ်ခဲ့တဲ့ NCA လမ်းကြောင်းအတိုင်း ၂၁ ရာစုပင်လုံ ငြိမ်းချမ်းရေးညီလာခံတွေ ဆက်လုပ်ပါတယ်။ ဖွဲ့စည်းပုံပြင်ရေး သီးခြား အကောင်အထည်ဖော်မယ် ဆိုတာ မပြောတော့သလို၊ လှုပ်ရှားမှုတွေလည်း ဆက်မလုပ်တော့ပါဘူး။ နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် ၂၁ ရာစုပင်လုံက ရလာတဲ့ သဘောတူညီချက်တွေအတိုင်း ဖွဲ့စည်းပုံပြင်ရေး လုပ်နိုင်တယ် ပြောလာတဲ့အခါ အရင် သမ္မတ ဦးသိန်းစိန် ပြောခဲ့တဲ့ လမ်းကြောင်းအတိုင်းပဲ လုပ်တော့မယ် ဆိုတဲ့ သဘော ဖြစ်လာတာ တွေ့ရပါတယ်။
ကျင်းပပြီးသွားတဲ့ NLD ဒုတိယအကြိမ် ညီလာခံအပြီး သတင်းစာရှင်းလင်းပွဲမှာ ပါတီဒုဥက္ကဌ ၂ ဒေါက်တာဇော်မြင့်မောင်က ပင်လုံညီလာခံကနေ ရလာတဲ့ သဘောတူညီချက်တွေကို လွှတ်တော်တင်၊ လွှတ်တော်က ပြည်ထောင်စု သဘောတူညီချက် Union Accord တရပ် ချမှတ်ပြီး ဖွဲ့စည်းပုံ ပြင်သွားနိုင်တယ်လို့ ပြောဆိုခဲ့ပါတယ်။ ဒီအချက်ကို ကြည့်လိုက်ရင် NLD ဟာ ဖွဲ့စည်းပုံပြင်ရေး သီးခြား လှုပ်ရှား၊ ကြိုးစားသွားတော့မှာမဟုတ်ပဲ ၂၁ ရာစု ပင်လုံညီလာခံ သဘောတူညီချက်တွေကနေ တဆင့်ပဲ ကြိုးစားသွားတော့မယ်လို့ မှတ်ယူရပြီး အချိန်အများကြီး ယူရဦးမယ် ဖြစ်ကြောင်းပါ။