သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

NLD ဘယ်အချိန် ဖွဲ့စည်းပုံ ပြင်မလဲ


Daw Aung San Suu Kyin in Chin State (Photo- Myanmar State Counsellor office)
Daw Aung San Suu Kyin in Chin State (Photo- Myanmar State Counsellor office)

ပြီးခဲ့တဲ့ ရက်ပိုင်းက နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် ချင်းပြည်နယ် ခရီးစဉ် သွားပါတယ်။ ခရီးစဉ်အတွင်း ဟားခါးမြို့မှာ အစိုးရ တာဝန်ရှိသူတွေ၊ မြို့မိမြို့ဖတွေ အပါအဝင် ပြည်သူလူထုတွေနဲ့ တွေ့ဆုံပါတယ်။ တွေ့ဆုံပွဲမှာ ဟားခါး ဒေသခံ တစ်ယောက်က ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ပြင်ဆင်ရေးနဲ့ ပတ်သက်လို့ မေးမြန်းတာကို ဒေါ်အောင်ဆန်းစုကြည်က ပြန်ပြီး ဖြေပါတယ်။ ဖွဲ့စည်းပုံ ပြင်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဆီက ရှားရှားပါးပါး ကြားရတဲ့ အဖြေပါ။ အခုဆိုရင် ၂၀၁၅ ရွေးကောက်ပွဲအကြိုကာလ သူတို့သာ ရွေးကောက်ပွဲနိုင်၊ အစိုးရ ဖွဲ့နိုင်ရင် အဓိက ဦးစားပေး အကောင်အထည် ဖော်မယ့် အထဲမှာ ၂၀၀၈ ဖွဲ့စည်းပုံ ပြင်ရေးလည်း ပါတယ် ဆိုပြီး ကတိပေးခဲ့တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ တက်လာတာ ၂ နှစ်ခွဲကျော်၊ အင်န်အယ်လ်ဒီတွေ လွှမ်းမိုးထားတဲ့ လွှတ်တော် သက်တန်း ၃ နှစ်ထဲ ဝင်နေတဲ့ အချိန်ရောက်နေပါပြီ။ ဒါပေမယ့် ဖွဲ့စည်းပုံပြင်ရေး ဘယ်နေရာမှာ ဘယ်လို ကြိုးစားနေသလဲ ဆိုတာကတော့ ပြည်သူတွေ မသိကြရပါဘူး။ ဖွဲ့စည်းပုံပြင်ရေး ဒေါ်အောင်ဆန်းစုကြည် ဘယ်လို ဖြေခဲ့သလဲ၊ အခု သက်တန်းမှာ အင်န်အယ်လ်ဒီ အစိုးရ အနေနဲ့ ဖွဲ့စည်းပုံကို ပြင်ရော ပြင်နိုင်ပါဦးမလား ဆိုတာ ခုတစ်ပတ် လေ့လာသုံးသပ်ကြည့်ပါမယ်။

ဟားခါးမှာ ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့တာက ခုလိုပါ။ “ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြုပြင်ပြောင်းလဲဖို့ ဆိုတာ ကျမတို့ အစိုးရကနေပြီးတော့ တကယ်လည်း လုပ်ချင်တဲ့ ကိစ္စရှိတယ်။ လုပ်ဖို့လည်း အစီအစဉ်တွေ ရှိပါတယ်။ နည်းနည်းလေးတော့ သည်းခံပြီး စောင့်ပေးပါ။ စောင့်ပြီးတော့ နားထောင်ပါ။ နောက်ပြီးတော့ ကျမတို့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေးနည်းလမ်း ညီညွတ်တဲ့အခါကျရင် ကျမတို့ ပြည်သူပြည်သားတွေက ဝိုင်းဝန်းပြီးတော့ ပံ့ပိုး ထောက်ခံပေးကြပါလို့ ကျမ ဒီနေရာက နေပြီးတော့ မေတ္တာရပ်ခံချင်ပါတယ်။” လို့ ပြောခဲ့ပါတယ်။ သူပြောတာ သိပ်မရှင်းပါဘူး။ သူပြောတာကို ပြန်ပြီးရှင်းရရင် ဖွဲ့စည်းပုံပြင်ရေး လက်ရှိ သူတို့ လုပ်နေတယ် ဆိုတာ မပါပါဘူး။ လုပ်ဖို့ အစီအစဉ် ရှိတယ် ဆိုပြီးပဲ ပါပါတယ်။ နောက်တချက်ကတော့ “ ဖွဲ့စည်းပုံ ပြင်ဆင်ရေး နည်းလမ်း ညီညွတ်တဲ့အခါ ကျရင်” ဆိုတာ ပြောပါတယ်။ ဖွဲ့စည်းပုံ ပြင်ရေးကို အင်န်အယ်လ်ဒီ ထဲမှာ အရင် ဆွေးနွေးပြီး အကောင်အထည် ဖော်တဲ့အခါ ပြည်သူတွေက ဝိုင်းဝန်း ထောက်ခံဖို့ ပြောတာလား၊ ဒါမှမဟုတ် တပ်မတော်နဲ့ ညှိနေတဲ့ကိစ္စ အဆင်ပြေရင် ပြည်သူတွေက မဲပေး ထောက်ခံပေးဖို့ ဆိုလိုတာလား သိပ်မရှင်းလင်းပါဘူး။

၂၀၀၈ ဖွဲ့စည်းပုံ အကြောင်း အကြမ်းလောက် ပြန်ပြောရရင် ဒီဖွဲစည်းပုံဟာ စစ်တပ်ကို တိုင်းပြည် အုပ်ချုပ်ရေးအဓိကနေရာတွေမှာပါဝင်နိုင်ရေးအတွက် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေလက်ထက်က အချိန် အများကြီးယူ စိတ်ကြိုက်ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံပါ။ အဲဒီ ဖွဲ့စည်းပုံကို အတိုက်အခံတွေရော ပြည်သူတွေကပါ မကြိုက်ဘူး ဆိုတာ အရင် စစ်အာဏာရှင်တွေကလည်း သိကြပါတယ်။ ၂၀၁၀ ရွေးကောက်ပွဲ အပြီး သမ္မတ ဦးသိန်းစိန် အစိုးရ တက်လာတဲ့အခါ အစိုးရနဲ့ တပ်မတော်ဘက်ကရော၊ သူရဦးရွှေမန်း ဦးဆောင်တဲ့ ပြည်ခိုင်ဖြိုး လွှတ်တော်ဘက်ကပါ ဖွဲ့စည်းပုံ ပြင်ရေး ဆိုတာ မူအားဖြင့် ဘယ်သူမှ မငြင်းကြတော့ပါဘူး။ ဒါပေမယ့် အဓိက ပြသနာက ဘယ်အချိန် ဘာကို ပြင်မလဲ ဆိုတာပါ။

သူရဦးရွှေမန်း ဦးဆောင်တဲ့ လွှတ်တော်တွင်း အုပ်စုကတော့ တပ်မတော်ကို ပြည်ခိုင်ဖြိုးပါတီ လက်အောက် ရောက်အောင် ဖွဲ့စည်းပုံပါ အချက်တစ်ချို့ကို ပြင်ဖို့ ကြိုးစားပါတယ်။ နောက်ဆုံး တပ်မတော်က မထောက်ခံလို့ လွှတ်တော်ထဲမှာ အရှုံးကြီးရှုံးသွားခဲ့ကြပါတယ်။ သမ္မတဟောင်း ဦးသိန်းစိန်နဲ့ တပ်မတော်ဘက်က ဖွဲ့စည်းပုံ ပြင်မယ့် နည်းလမ်းကတော့ တစ်မျိုးပါ။ သူတို့ရှင်းပြတာကတော့ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ ငြိမ်းချမ်းရေးရအောင် အရင် လုပ်ရမယ်၊ ငြိမ်းချမ်းရေး ညီလာခံတွေ လုပ်ရမယ်၊ အဲဒီ ညီလာခံတွေကနေ ရလာတဲ့ ရလာဒ်တွေအတိုင်း ဖွဲ့စည်းပုံ အခြေခံ ဥပဒေမှာ ပြင်ဆင်သွားမယ် ဆိုတဲ့ သဘောပဲ ဖြစ်ပါတယ်။ အချိန်ယူရမယ် ဆိုတဲ့ အဓိပ္ပါယ်ပါ။

အင်န်အယ်လ်ဒီရဲ့ နဂိုမူကတော့ ၂၀၀၈ ဖွဲ့စည်းပုံထဲက အချက်ပေါင်း ၁၆၀ ကျော် ပြင်လိုတယ်လို့ ဆိုပါတယ်။ နောက်တော့ ဖွဲ့စည်းပုံပြင်ရေး အရေးအကြီးဆုံးဟာ ပုဒ်မ ၄၃၆ ပဲ။ အဲဒါ ပြင်နိုင်ရင် အားလုံးရပြီလို့ တွက်ချက်ပြီး ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ကြိုးစားပါတယ်။ ပုဒ်မ ၄၃၆ ပြင်ဆင်ရေး ဆိုတာဟာ တပ်မတော်ခေါင်းဆောင်တွေနဲ့ တပ်မတော် တစ်ခုလုံးရဲ့ ကံကြမ္မာ၊ ရွေးကောက်ခံ အမတ်တွေလက်ထဲ၊ တစ်နည်းအားဖြင့် အာဏာရ အစိုးရလက်ထဲ အပ်ရမယ့် အနေအထား ဖြစ်နေတာကြောင့် တပ်မတော်ဘက်ကလည်း ခါးခါးသီးသီး လက်မခံပါဘူး။ ဒီလိုနဲ့ အဲဒီ ကြိုးစားမှုလည်း မအောင်မြင်ပါဘူး။

ဖွဲ့စည်းပုံပြင်ရေး မဲဆွယ်ပြီး တက်လာတဲ့တိုင်၊ အာဏာရလာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖွဲ့စည်းပုံ ပြင်ရေး နည်းလမ်း ပြောင်းသွားပုံရပါတယ်။ တခါတရံပြောတဲ့ သူ့ရဲ့ မိန့်ခွန်းတွေကို ဆက်စပ်ကြည့်လိုက်တဲ့အခါ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်ရပ်ပြီး ငြိမ်းချမ်းရေး ဆွေးနွေးနေတယ်၊ တစ်ပြိုင်နက်တည်း ၂၁ ရာစု ပင်လုံညီလာခံတွေ လုပ်နေတယ်၊ ပြည်ထောင်စု သဘောတူညီချက်တွေ ရအောင် ကြိုးစားမယ်၊ အဲဒီက ရလာတဲ့ ပြည်ထောင်စု သဘောတူညီချက်တွေအတိုင်း ဖွဲ့စည်းပုံကို ပြင်မယ် ဆိုတဲ့ သဘောမျိုးပါ။ တကယ်တော့ အဲဒီ သဘောထားမျိုးဟာ အရင် သမ္မတဟောင်း ဦးသိန်းစိန်ရဲ့ သဘောထားနဲ့ ဘာမှ မကွာခြားဘူးလို့ မှတ်ချက်ပေးနိုင်ပါတယ်။ ငြိမ်းချမ်းရေးရဖို့ ဝေးနေသေးရင် ဖွဲ့စည်းပုံပြင်ရေးလည်း မစနိုင်သေးဘူး ဆိုတဲ့ သဘောပါ။ ဖွဲ့စည်းပုံ ပြင်ဆင်ရေးကို သီးခြား နည်းလမ်းတွေနဲ့ လုပ်မနေဘူး ဆိုတဲ့ အဓိပ္ပါယ်လည်း သက်ရောက်ပါတယ်။

ဒါပေမယ့် ဒေါ်အောင်ဆန်းစုကြည် အစိုးရ အနေနဲ့ ဖွဲ့စည်းပုံ ပြင်ရေးကို သီးသန့် လုပ်နေတာမျိုးရော မရှိဘူးလားလို့ မေးစရာတော့ ရှိပါတယ်။ အမည်မဖော်လိုတဲ့ လွှတ်တော်အမတ် တစ်ယောက်ရဲ့ ပြောပြချက်အရ အင်န်အယ်လ်ဒီ အာဏာရကာစက ဖွဲ့စည်းပုံပြင်ရေး အစိုးရဘက်နဲ့ တပ်မတော်ဘက် နှစ်ဖက် လျှို့ဝှက် တွေ့ဆုံ စကားပြောကြတာမျိုး ရှိခဲ့တယ်လို့ ဆိုပါတယ်။ အကြိမ်ရေ ဘယ်လောက်ရှိမယ် မပြောတတ်ပေမယ့် နောက်ပိုင်း အဲလို တွေ့ဆုံမှုမျိုး ရှိသေးတယ်လို့ မကြားရတော့ဘူးလို့ ဆိုပါတယ်။ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူလည်း ဖွဲ့စည်းပုံ ပြင်ရေး မငြင်းဘူးလို့ ပြီးခဲ့တဲ့ ထိပ်သီး အစည်းအဝေးတုန်းကတောင် ပြောလိုက်ပါသေးတယ်။ ဥပမာ ပြည်နယ်လွှတ်တော်တွေမှာ ရွေးကောက်ပွဲအနိုင်ရတဲ့ ပါတီကို ဝန်ကြီးချုပ်နေရာ ပေးတာမျိုးလို့ ဆိုထားပါတယ်။ ဒါ့အပြင်တော့ တခြား ဘာမှ မပြောပါဘူး။

တကယ်တော့ ဒီနေ့အချိန် ဖွဲ့စည်းပုံ ပြင်ရေးလို့ ပြောလိုက်ရင် အင်န်အယ်လ်ဒီ နဲ့ တပ်မတော် နှစ်ဖက် သဘောတူရင် ဘယ်အချက်ကိုမဆို ပြင်လို့ ရပါတယ်။ အခြားတစ်ဖက်မှာတော့ အင်န်အယ်လ်ဒီ က ပြင်ချင်တာကို တပ်မတော်ဘက်ကသာ မပြင်ချင်ရင် အပြင်မှာညှိညှိ၊ လွှတ်တော်ထဲ ကြိုးစားကြိုးစား ဘာမှ အရာထင်မှာ မဟုတ်ပါဘူး။ ဒီလို အခြေအနေမျိုးကို ကျော်လွှားနိုင်တာ တစ်ခုက ပြည်သူလူထု အားကိုယူပြီး တပ်မတော်ဘက်ကို အဲဒီ အခြေအနေ ပြသ ဖို့ပါ။ တစ်နည်း ငြိမ်းချမ်းတဲ့နည်းလမ်းနဲ့ ဖိအားပေးတာမျိုးပါ။ ငြိမ်းချမ်းရေးရဖို့ ဝေးနေသေးရင်၊ တပ်မတော်ဘက်ကလည်း သဘောမတူနိုင်ရင် အင်န်အယ်လ်ဒီ အနေနဲ့ နောက်ဆုံး လုပ်နိုင်တာက ပြည်သူလူထု အားကို မလွဲမသွေ ရယူ၊ ငြိမ်းချမ်းတဲ့ နည်းလမ်းအသုံးပြုပြီး ဖွဲ့စည်းပုံ ပြင်ဖို့ ကြိုးစားကြည့်သင့်ပါကြောင်း၊ ရွေးကောက်ပွဲ မဲဆွယ်ကတိကို အကောင်အထည် ဖော်ပြသင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

NLD ဘယ်အချိန် ဖွဲ့စည်းပုံ ပြင်မလဲ
please wait

No media source currently available

0:00 0:06:06 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG