သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းစုစီ ပြင်ဆင်ချက် ဥပဒေကြမ်း ဒီမိုကရေစီကို အန္တရာယ် ပြုမှာလား


ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ကို လွှတ်ပေးဖို့ သတင်းထောက်တွေ ဆန္ဒပြနေကြစဉ် (ရန်ကုန်- ဒီဇင်ဘာလ ၂၇၊ ၂၀၁၇)
ရိုက်တာသတင်းထောက်နှစ်ဦးဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ ကို လွှတ်ပေးဖို့ သတင်းထောက်တွေ ဆန္ဒပြနေကြစဉ် (ရန်ကုန်- ဒီဇင်ဘာလ ၂၇၊ ၂၀၁၇)

၂၀၁၆ ခုနှစ်တုန်းက ပြည်ထောင်စု လွှတ်တော်က ဥပဒေအမှတ် (၃၈) နဲ့ ပြဌာန်းခဲ့ပြီးဖြစ်တဲ့ ငြိမ်းချမ်းစွာ စုဝေးခြင်းနဲ့ ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်းဆိုင်ရာ ဥပဒေ ကို ပြန်လည် ပြင်ဆင်ဖို့ ဖေဖော်ဝါရီ ၁၉ ရက်နေ့က ကျင်းပတဲ့ အမျိုးသားလွှတ်တော်မှာ ဥပဒေကြမ်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တင်သွင်းခဲ့ပါတယ်။ ဒီအတွက် ငြိမ်းစုစီ လို့ လူသိများတဲ့ အဲဒီ ဥပဒေ ပြင်ဆင်ချက်ကို လွှတ်တော်တွင်း ဆွေးနွေးမှုတွေ စတင်ပါတော့မယ်။ တစ်ပြိုင်နက်တည်းမှာပဲ အဲဒီ ပြင်ဆင်မယ့် ဥပဒေကြမ်းကို အများပြည်သူ သိရှိနိုင်အောင် သတင်းစာတွေကနေ တဆင့် ထုတ်ပြန်ပေးလိုက်တဲ့အတွက် ဝေဖန်သံတွေလည်း ထွက်ပေါ်လာပါတယ်။ ပထမအကြိမ် လွှတ်တော် သက်တမ်းတုန်းက ရန်ကုန်တိုင်း အမတ်ဖြစ်ခဲ့တဲ့ ဒေါက်တာညိုညိုသင်းကတော့ အဲဒီ ပြင်ဆင်ချက် ဥပဒေကြမ်းကို ဒီမိုကရေစီကို အန္တရာယ်ပြုတဲ့ ဥပဒေအဖြစ် ပြင်းပြင်းထန်ထန် ဝေဖန်လိုက်ပါတယ်။ အခု လွှတ်တော်က ပြင်ဆင်မယ့် ငြိမ်းစုစီ ဥပဒေကြမ်းဟာ နိုင်ငံရေးသမား တချို့နဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေ ဝေဖန်နေကြသလို၊ ဒီမိုကရေစီကို အန္တရယ်ပြုမယ့်၊ ဒါမှမဟုတ် ပြည်သူ့လွတ်လပ်ခွင့်ကို ချုပ်ခြယ်တဲ့ ဥပဒေဖြစ်နေသလား၊ ဒါမှမဟုတ် လွတ်လပ်ခွင့်ကို မထိပါးတဲ့ လိုအပ်လို့ ပြဌာန်းရတဲ့ ဥပဒေ ဖြစ်နေသလား ဆိုတာ ခုတပတ် လေ့လာသုံးသပ်ကြည့်ကြမှာ ဖြစ်ပါတယ်။

အခု လွှတ်တော်ထဲ ရောက်နေတဲ့ ငြိမ်းစုစီ ပြင်ဆင်တဲ့ ဥပဒေ ထဲမှာ အဓိက အငြင်းပွားနေကြတာကတော့ ပုဒ်မ ၁၈ ဖြစ်ပါတယ်။ အသစ်ထည့်သွင်းလိုက်တဲ့ ပုဒ်မ ၁၈ မှာ “မည်သူမဆိုနိုင်ငံတော်လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ပြည်သူတို့၏ကိုယ်ကျင့်တရားအကျိုးတို့ကို ပျက်ပြားစေရန်အကြံဖြင့် ဖြစ်စေ၊ ထိုသို့ပျက်ပြားစေတန်ရာသော အခြေအနေဖြစ်နိုင်ကြောင်း သိလျက်နဲ့ဖြစ်စေ၊ ငွေ (သို့မဟုတ်) ပစ္စည်းကိုလည်းကောင်း၊ အခြားနည်းလမ်းတစ်ခုခုကိုသော်လည်းကောင်း သုံးစွဲ၍ သူတစ်ဦးဦးအား ငြိမ်းချမ်းစွာစုဝေးခြင်းနှင့် ငြိမ်းချမ်းစွာ စီတန်းလှည်လည်ခြင်းပြုအောင် လှုံ့ဆော်ခြင်း၊ သွေးဆောင်ခြင်း၊ ဖြားယောင်းခြင်း သို့မဟုတ် တိုက်တွန်းခြင်းပြုကြောင်း ပြစ်မှုထင်ရှားစီရင်ခြင်းခံရလျင် ထိုသူကို သုံးနှစ်ထက်မပိုသော ထောင်ဒဏ်ချမှတ်ရမည့်အပြင် ငွေဒဏ်လည်းချမှတ်နိုင်သည်” လို့ ဖော်ပြထားပါတယ်။ အလားတူ ပုဒ်မ(၄) ပုဒ်မခွဲ (ဃ) ထဲမှာလည်း ငြိမ်းချမ်းစွာ စုဝေးခြင်း၊ သို့မဟုတ် ငြိမ်းချမ်းစွာ စီတန်းလှည့်လည်ခြင်း ပြုလုပ်မည့် အစီအစဉ်၊ ခန့်မှန်းလူဦးရေ ဆိုတဲ့ စကားရပ် အပြင် ခန့်မှန်းကုန်ကျစားရိတ်နဲ့ ကုန်ကျခံမည့် ပုဂ္ဂိုလ် သို့မဟုတ် အဖွဲ့အစည်း ဆိုပြီး ဖြည့်စွက်ထားပါတယ်။ အဓိပ္ပါယ်ကတော့ ငွေကြေး အသုံးပြုပြီး မကောင်းတဲ့ ရည်ရွယ်ချက်နဲ့ စုဝေးမယ်၊ စီတန်းလှည့်လည်မယ် ဆိုရင် အဲဒီ စီစဉ်တဲ့သူကို ဖမ်းဆီး အရေးယူနိုင်တယ် ဆိုတဲ့ ဥပဒေမျိုးပါပဲ။

နိုင်ငံရေးသမားနဲ့ လူ့အခွင့်အရေးသမားတွေကတော့ ဒီ ပြင်ဆင်ချက်မှာပါတဲ့ စကားရပ်တွေဟာ သိပ်ပြီး ယေဘူယျ ကျလွန်းတယ်၊ ဒါကြောင့် ပွဲစီစဉ်သူတွေကို လိုရင်လိုသလို၊ မလိုရင် မလိုသလို၊ အရေးယူနိုင်တယ်၊ အထူးသဖြင့် အင်န်အယ်လ်ဒီ အစိုးရဟာ သူ့ကို ဆန့်ကျင်မယ့်သူတွေကို နှိပ်ကွပ်နိုင်အောင် ဒီ ဥပဒေ ပြဌာန်းဖို့ ကြိုးစားတာလို့ စွတ်စွဲပါတယ်။

ဒီ ပြသနာကို နားလည်နိုင်ဖို့ ဆိုရင် မြန်မာနိုင်ငံမှာ ဖြစ်ပွားခဲ့တဲ့ ဆန္ဒပြပွဲတွေ၊ စုဝေးမှုတွေ၊ စီတန်းလှည့်လည်မှုတွေကို ပြန်လေ့လာကြည့်ဖို့ လိုပါတယ်။ ၂၀၁၆ ခုနှစ် ရှေ့ပိုင်းမှာ ဖြစ်ပေါ်ခဲ့တဲ့ စုဝေးမှု ဆန္ဒပြမှု၊ စီတန်းလှည့်လည်မှုတွေကို ကြည့်လိုက်ရင် အရင် စစ်အစိုးရနဲ့ ၂၀၀၈ ဖွဲ့စည်းပုံအရ ပေါ်ပေါက်လာတဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ အစိုးရကို ဆန့်ကျင်တဲ့ စုဝေးမှုတွေကို အများဆုံး တွေ့ရမယ် ဖြစ်ပါတယ်။ စုဝေး ဆန္ဒပြသူ အများစုကတော့ အင်န်အယ်လ်ဒီ ပါတီ၊ ၈၈ အဖွဲ့၊ ဒါမှမဟုတ် ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးလှုပ်ရှားတဲ့ အုပ်စုတွေ အဖြစ် မြင်တွေ့ကြရမှာပါ။

၂၀၁၆ ခုနှစ် အင်န်အယ်လ်ဒီ အစိုးရ အာဏာရလာပြီးတဲ့အခါ အဲဒီ ပုံသဏ္ဍာန် ပြောင်းသွားပါတယ်။ အထူးသဖြင့် အင်န်အယ်လ်ဒီ အစိုးရကို ဆန့်ကျင်တဲ့ စုဝေး ဆန္ဒပြမှုတွေ ဖြစ်လာပြီး ဦးဆောင်သူတွေကတော့ အမျိုးသားရေး ကြွေးကြော်နေသူတွေ၊ တပ်မတော်ကို ထောက်ခံတဲ့သူတွေ ဆိုပြီး ဖြစ်လာပါတယ်။ အဲဒီ ဦးဆောင်သူတွေဟာ အမျိုးသားရေးပဲ ကြွေးကြော်ကြွေးကြော်၊ တပ်မတော်ကို ထောက်ခံတာလို့ပဲ ပြောပြော အဓိက ပြစ်မှတ်ကတော့ အင်န်အယ်လ်ဒီ အစိုးရ ဆန့်ကျင်ရေး ဖြစ်နေတာပါပဲ။ ဒီလောက်အထိတော့ သိပ်ပြီး ထူးခြားတယ်ရယ်လို့ မဆိုနိုင်ပါဘူး။ ထူးခြားတာကတော့ အရင် အင်န်အယ်လ်ဒီ တွေ ၈၈ အဖွဲ့ဝင်တွေ၊ ဒီမိုကရေစီ လှုပ်ရှားသူတွေ စုဝေး ဆန္ဒပြခဲ့ကြစဉ်တုန်းက ပါဝင်သူတွေဟာ ကိုယ့်ဆန္ဒနဲ့ ကိုယ် ပါဝင်သူတွေ ဖြစ်ခဲ့ပြီး အခုနောက်ပိုင်း စုဝေး ဆန္ဒပြမှုတွေမှာတော့ အခကြေးငွေပေးပြီး လူခေါ်တာ၊ ကျွေးမွေး၊ သွားလာရေးအတွက် ကုန်ကျစားရိတ် ကျခံတာ စသဖြင့် ငွေကြေး အကြီးအကျယ် ကုန်ကျခံပြီး လုပ်လာကြလို့ပါပဲ။

ဒီနေရာမှာ ငြိမ်းစုစီ ဥပဒေ ဘာလို့ ပြဌာန်းခဲ့ရတာလည်း ဆိုတဲ့ ရည်ရွယ်ချက်ကို ပြန်ကြည့်ဖို့ လိုလာပါတယ်။ သမ္မတ ဦးသိန်းစိန် လက်ထက်မှာ သူတို့အစိုးရဟာ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရ၊ ဒီမိုကရေစီ စနစ်ကို ကျင့်သုံးတဲ့ အစိုးရဖြစ်ကြောင်းပြသဖို့ငြိမ်းစုစီ ဥပဒေကို ပြဌာန်းခဲ့တာပါ။ ဒါပေမယ့် တကယ့်တကယ် လက်တွေ့မှာတော့ လွတ်လပ်စွာ ဆန္ဒ ထုတ်ဖော်ခွင့် ရခဲ့ကြတာတော့ မဟုတ်ပါဘူး။ ဥပဒေအရ စုဝေးဖို့၊ စီတန်းလှည့်လည်ဖို့ သက်ဆိုင်ရာ အာဏာပိုင်ဆီ ခွင့်တောင်းရပြီး ခွင့်ပြုချက်မရရင် စုဝေးတာ၊ စီတန်းလှည့်လည်တာ မလုပ်နိုင်ကြလို့ပါပဲ။ ဒီထက် ပိုဆိုးတာ ရှိပါသေးတယ်။ အဲဒါကတော့ မြို့နယ် အသီးသီးက ရဲတပ်ဖွဲ့မှူးရုံးတွေဟာ ဘယ်နေရာတွေကိုတော့ စုဝေး စီတန်းခွင့်ပြုမယ်၊ ဘယ်နေရာတွေမှာတော့ စီတန်း၊ လှည့်လည်ခွင့် မပြုနိုင်ဘူး ဆိုပြီး သူတို့ဖာသာ သူတို့ စိတ်ကြိုက် သတ်မှတ်မှုတွေ လုပ်ထားကြတဲ့ ကိစ္စပါ။ ဒီအတွက် စုဝေးဖို့၊ စီတန်းလှည့်လည်ဖို့ တင်ပြလိုက်ပြီ ဆိုတာနဲ့ အဲဒီသတ်မှတ်ချက် အကြောင်းပြပြီး ငြင်းပယ်ခဲ့တာချည်း ဖြစ်ပါတယ်။ အဲဒီအချက်တွေကြောင့်ပဲ စုဝေးဆန္ဒပြသူ၊ စီတန်းလှည့်လည်သူ အတော်များများ ငြိမ်းစုစီ ဥပဒေနဲ့ပဲ ဖမ်းဆီး ထောင်ချတာ ခံခဲ့ကြရပါတယ်။

နောက်ပိုင်း အင်န်အယ်လ်ဒီပါတီဝင်တွေ လွှမ်းမိုးတဲ့ လွှတ်တော် ဖြစ်လာတဲ့အခါ အဲဒီ အချက် အတော်များများ ဖြေလျော့ပေးခဲ့ပါတယ်။ မြို့နယ်ရဲတပ်ဖွဲ့တွေရဲ့ အဓိပ္ပါယ်မဲ့တဲ့ သတ်မှတ်မှုတွေကို ပယ်ဖျက်နိုင်ခဲ့သလို၊ စုဝေးမယ့်သူ၊ စီတန်း လှည့်လည်မယ့်သူတွေဟာလည်း ခွင့်ပြုချက် တောင်းစရာမလိုတော့ပဲ၊ သက်ဆိုင်ရာ မြို့နယ် ရဲတပ်ဖွဲ့မှူးရုံးကို ၄၈ နာရီ ကြိုတင် အသိပေး တင်ပြဖို့ပဲ လိုတဲ့ အခြေအနေအထိ ဖြစ်လာခဲ့ပါတယ်။ ဒီလို ဖြေလျော့မှုတွေ လုပ်ပေးခဲ့ပေမယ့်လည်း အချို့သော အင်အားစုတွေဟာ ငြိမ်းချမ်းစွာ စုဝေး၊ စီတန်းလှည့်လည် ခွင့် ဆိုတာကို အခွင့်ကောင်းယူ၊ ပြည်သူတွေကို အခကြေးငွေပေးပြီး စုဝေး ဆန္ဒပြခိုင်းတဲ့ ကိစ္စမျိုးတွေ ပေါ်ပေါက်လာပါတယ်။ ဟောတဲ့ ပြောတဲ့ဆီမှာလည်း ဥပဒေနဲ့ မညီတဲ့ ပြောဆိုမှုတွေ၊ မတရား စွတ်စွဲမှုတွေ၊ ညစ်ညမ်းမှုတွေ ပါဝင်လာပြီး တစ်ချို့ပွဲတွေဆို တိုင်းပြည် တည်ငြိမ်ရေး ပျက်ပြားအောင် လှုံ့ဆော်တဲ့ ထိ လုပ်ကိုင်လာတာ တွေ့နိုင်ပါတယ်။

အဲလို အခြေအနေမျိုးကို အင်န်အယ်လ်ဒီ အစိုးရက ဥပဒေ ပြဌာန်းပြီး ကိုင်တွယ် ထိမ်းသိမ်းချင်ပုံ ပေါ်ပါတယ်။ ဥပဒေနဲ့ အညီ ကိုင်တွယ် ထိမ်းသိမ်းချင်လို့ ဥပဒေပြဌာန်းဖို့ ကြိုးစားရတယ် ဆိုပေမယ့် ဒီမိုကရေစနစ်ရဲ့ အရင်းခံဖြစ်တဲ့ ပြည်သူတွေရဲ့ တကယ့်ဆန္ဒကို ထုတ်ဖော်နိုင်တဲ့ လွတ်လပ်စွာ စုဝေးခွင့်၊ စီတန်းလှည့်လည်ခွင့်၊ ဟောပြောခွင့်တွေကို ပိတ်ပင်ရာ ရောက်စေမယ့်၊ လိုရာဆွဲယူပြီး ပြည်သူကို ဖိနှိပ်လို့ ရသွားစေမယ့် အချက်တွေ ဥပဒေထဲ ပါမသွားရေး အထူးသတိထား ပြဌာန်းဖို့တော့ လိုအပ်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG