သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရနဲ့ တပ်မတော် ဆက်ဆံရေး ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ


ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း
ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း

အခုရက်ပိုင်း လူတွေ စိတ်အဝင်စားဆုံး သတင်းကတော့ တပ်မတော်၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် အဆင့်နေရာ နဲ့ ပတ်သက်ပြီး ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းရဲ့ မှတ်ချက်စကား၊ အဲလိုပြောဆိုမှုအပေါ် တပ်မတော်ရဲ့ ပြင်းထန်တဲ့ တုန့်ပြန်မှု၊ ဒီ တုန့်ပြန်ချက်နဲ့ ပတ်သက်ပြီး အစိုးရအဖွဲ့ရဲ့ သဘောထားနဲ့ အရေးယူ ကိုင်တွယ်ဆောင်ရွက်ပုံ စတဲ့ ကိစ္စပဲ ဖြစ်ပါတယ်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ် တက်လာပြီးနောက် ရွေးကောက်ခံ အစိုးရနဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သီးခြား ရပ်တည်ခွင့်ရနေတဲ့ တပ်မတော်ကြား ပွတ်တိုက်မှုလို့ ပြောနိုင်တဲ့ ပြသနာတွေ ရှိခဲ့ပါတယ်။ ဒါပေမယ့် လူသိထင်ရှားဖြစ်တဲ့ အခု ပြသနာကတော့ အကြီးမားဆုံး လို့ ယူဆ နိုင်ပါတယ်။ ဘယ်လို ပြသနာမျိုးလဲ၊ ရှေ့လျောက် အစိုးရနဲ့ တပ်မတော် ဆက်ဆံရေး ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာသောတရှင်တွေနဲ့ အတူတူ ကျွန်တော်တို့ လေ့လာကြည့်ကြရအောင်ပါ။

အခု ပြသနာဟာ ဇူလိုင်လ ၉ ရက်နေ့က ရန်ကုန် ဆီဒိုးနားဟော်တယ်မှာ USAID နဲ့ နိုင်ငံရေးအကျဉ်းသားများ စောင့်ရှောက်ရေး အဖွဲ့တွေ ပူးပေါင်းပြုလုပ်ခဲ့တဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အလုပ်အကိုင် ဖန်တီးပေးရေး နဲ့ အလုပ်ရုံဆွေးနွေးပွဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောခဲ့တဲ့ မိန့်ခွန်းကနေ အစ ပြုပါတယ်။ သူက “ အရပ်သား အုပ်ချုပ်ရေးစနစ် တက်လာပေမယ့် အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုတာ ဒီမိုကရေစီ ခေတ်မှာ မရှိပါဘူး။ ကာကွယ်ရေး ဦးစီးချုပ်ဆိုတာ ကျနော်တို့ Protocol အရဆိုရင် ညွှန်ကြားရေးမှူးချုပ် Level ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျနော်တို့ ဆက်ဆံနေရတဲ့ဥစ္စာက နိုင်ငံ့အကြီးအကဲ Level တစ်ခုထဲကို ထပ် ဆက်ဆံနေရတာဟာ ဒီမိုကရေစီ မဟုတ်ပါဘူး။” လို့ ပြောခဲ့ပါတယ်။

ဦးဖြိုးမင်းသိန်းရဲ့ အဲဒီပြောဆိုချက် မီဒီယာတွေနဲ့ လူမှုကွန်ယက် စာမျက်နှာတွေမှာ ပျံ့နှံ့သွားပြီးတဲ့နောက် ဇူလိုင် ၁၁ ရက်နေ့မှာ အစိုးရအနေနဲ့ လိုအပ်သလို စိစစ် အရေးယူ ပေးပါ ဆိုပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးကနေ သတင်းထုတ်ပြန်ပါတယ်။ အဲဒီနောက် ဇူလိုင် ၁၂ ရက်နေ့မှာ ပိုပြီး ရှည်လျားတဲ့ သတင်းထုတ်ပြန်ချက် ထပ်ပြီး ထုတ်ပြန်ပါတယ်။ အဲဒီ ထုတ်ပြန်ချက်ထဲမှာ ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း ပြောဆိုခဲ့တာတွေကို ခြေပ ထားတဲ့အပြင် “တပ်မတော်နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်အပေါ် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေဖြင့် ယခုကဲ့သို့ လက်လွတ်စပယ်နှင့် ထိပ်တိုက်ရင်ဆိုင်မှုပုံစံဖြင့် ပြောကြားချက်သည် နိုင်ငံတော်အစိုးရ၏ အမျိုးသားရင်ကြားစေ့ရေး ဦးတည်ချက်ကို ထိခိုက်စေသည့်အပြင် နိုင်ငံတော်အစိုးရနှင့် တပ်မတော်အကြား၊ တိုင်းရင်းသား ပြည်သူလူထုနှင့် တပ်မတော်အကြား ဆက်ဆံရေးပိုမိုကောင်းမွန်စေရန် စဉ်ဆက်မပြတ် တည်ဆောက်သွားရမည်ဖြစ်သော ရေရှည်ဆက်ဆံရေး လုပ်ငန်းစဉ်များအတွက်လည်း အခက်အခဲဖြစ်လာစေနိုင်သူ ဖြစ်ကြောင်း သုံးသပ်ရပါသည်။ ထို့ကြောင့် တပ်မတော်အနေဖြင့် အပြုသဘောဖြင့် ရေရှည်ဆက်ဆံရန် မသင့်လျော်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ဖြစ်သူ ဦးဖြိုးမင်းသိန်းအား လိုအပ်သလို စိစစ်အရေးယူပေးနိုင်ရန် နိုင်ငံတော်အစိုးရထံ တင်ပြခဲ့ရခြင်းဖြစ်ကြောင်း” ဆိုပြီး ဖော်ပြထားပါတယ်။

အခုလို တပ်မတော်ဘက်က တင်းမာတဲ့ သဘောထား ထုတ်ပြန်ချက် ထွက်ပေါ်လာပြီးတဲ့နောက် နိုင်ငံတော် အတိုင်ပင်ခံရုံး ဝန်ကြီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးက အစိုးရရဲ့ ဆောင်ရွက်ထားချက်တွေကို ဇူလိုင် ၁၃ ရက်နေ့မှာ ရှင်းလင်း ပြောဆိုခဲ့ပါတယ်။ သူက အစိုးရအဖွဲ့ကနေ ကက(ကြည်း) ကို ပြန်ကြားစာ ပို့လိုက်ပြီ ဖြစ်တဲ့အကြောင်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်ရဲ့ ပြောကြားချက်ဟာ နိုင်ငံတော် အစိုးရရဲ့ ရပ်တည်ချက် သဘောထား မဟုတ်ကြောင်း၊ ဒီပြောကြားမှုကြောင့် နိုင်ငံတော် အစိုးရနဲ့ တပ်မတော်ကြား အထင်အမြင် လွဲမှားမှုတွေ ဖြစ်ပေါ်စေခဲ့တဲ့အကြောင်း၊ ရန်ကုန်တိုင်း ဝန်ကြီးချုပ်အနေနဲ့ ဆောင်ရွက်ရမယ့် အပိုင်းကို ညွှန်ကြားထားပြီး ဖြစ်တယ်လို့ ပြောပါတယ်။ အစိုးရက ဘာ ညွှန်ကြားခဲ့သလဲ ဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်း မပြုပါဘူး။

လက်ရှိ မြန်မာနိုင်ငံ နိုင်ငံရေးအခြေအနေကို လက်တွေ့ကျကျ ပြန်ကြည့်ရင် ရွေးကောက်ခံ အစိုးရနဲ့ တပ်မတော် ပူးတွဲ အုပ်ချုပ်နေတဲ့ပုံကို တွေ့မြင်နိုင်ပါတယ်။ တနည်းပြောရရင် ရွေးကောက်ခံ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်တို့ နှစ်ယောက် ပေါင်းပြီး တိုင်းပြည်ကို အုပ်ချုပ်နေတဲ့ သဘောပါ။ Protocol အရ နံပါတ်(၂) ခေါင်းဆောင်နဲ့ နံပါတ် (၈) ခေါင်းဆောင်တွေ ဖြစ်ကြပေမယ့် တကယ့်လက်တွေ့မှာတော့ သူတို့နှစ်ယောက်က တိုင်းပြည်မှာ ခေါင်းဆောင်မှု နေရာ ယူထားတာ ငြင်းလို့ မရပါဘူး။ ဒါကလည်း ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို အကြောင်းပြုပြီး ပေါ်ပေါက်လာတဲ့ အခြေအနေပါ။

အဲဒီလို လက်တွေ့အခြေအနေကြောင့် တိုင်းပြည်မှာ ငြိမ်းချမ်းရေး ရဖို့၊ စီးပွားရေး ဖွံ့ဖြိုးတိုးတက်ဖို့၊ နိုင်ငံတကာ အသိုင်းအဝိုင်းမှာ ပြန်ပြီး ဝင်ဆံ့လာနိုင်ဖို့၊ ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်နိုင်ဖို့ အစစ အရာရာ အားလုံးဟာ ရွေးကောက်ခံ NLD အစိုးရနဲ့ တပ်မတော် ဘယ်လောက် အဆင်ပြေ၊ ဘယ်လောက် နားလည်မှုရှိ၊ ဘယ်လောက် ပူးပေါင်းဆောင်ရွက်နိုင်မလဲ ဆိုတဲ့အပေါ် အဓိက မှီတည်နေပါတယ်။ အခုလက်ရှိ ဦးဖြိုးမင်းသိန်း ပြသနာမှာ အစိုးရဟာ အဲဒီမူကို ကိုင်စွဲဖြေရှင်းနေတယ်လို့ နားလည်ယူလို့ ရပါတယ်။

Chief Minister U Phyo Min Thein
Chief Minister U Phyo Min Thein

အခြားတဖက်မှာတော့ တပ်မတော်ခေါင်းဆောင်တွေရဲ့ အပိုင်းပါ။ ဦးဖြိုးမင်းသိန်း ပြောတဲ့ စကားလုံး အဓိပ္ပါယ်ဟာ ဒီမိုကရေစီ ဖွံ့ဖြိုးပြီး နိုင်ငံတွေမှာ တပ်မတော်ဆိုတာ အရပ်သား အစိုးရ လက်အောက်မှာ ရှိတယ်၊ အဲလို အခြေအနေမှာ ကာကွယ်ရေး ဦးစီးချုပ်ဆိုတာ ဒီလို အဆင့်ပဲ ရှိတယ်၊ လက်ရှိ မြန်မာနိုင်ငံမှာကတော့ ဒီမိုကရေစီ အပြည့်အ၀ မရသေးတော့ အခုလို ဖြစ်နေတယ် ဆိုတဲ့ သဘော ပြောဆိုခဲ့တာပါ။ ဒီ ပြောဆိုမှုတွေနဲ့ ပတ်သက်ပြီး မှားယွင်းနေတယ် ဆိုရင် မှားယွင်းနေတဲ့အကြောင်း တပ်မတော်ဘက်က ထုတ်ပြန် ပြောဆိုနိုင်ပါတယ်။ အဲဒီအတွက် တပ်မတော်လက်ထဲမှာ သတင်းစာ၊ မဂ္ဂဇင်း၊ ရေဒီယို၊ ရုပ်မြင်သံကြား မီဒီယာ မျိုးစုံကိုလည်း ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။ ဒါတင်မက ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်ကို လုံး၀ လက်မခံနိုင်ကြောင်းကိုလည်း ထုတ်ပြန်လို့ ရပါသေးတယ်။ ဒါပေမယ့် အခု တပ်မတော်ရဲ့ ထုတ်ပြန်ချက်ကတော့ ဦးဖြိုးမင်းသိန်းကို “ ရေရှည်ဆက်ဆံရန် မသင့်လျော်သူ” လို့ သတ်မှတ်ပြီး အစိုးရကနေ စိစစ်အရေးယူပေးဖို့ ဆိုတဲ့အထိ တောင်းဆိုတာကတော့ ပြင်းထန်လွန်းနေပါတယ်။ ပြောမှား ဆိုမှား စကားတခွန်းကြောင့် ရွေးကောက်ခံ အစိုးရရဲ့ ဝန်ကြီးချုပ်ကို ဖြုတ်ပေးပါ ဆိုတဲ့ အဓိပ္ပါယ် သက်ရောက်နေပါတယ်။

ပြဿနာအားလုံးကို ခြုံငုံသုံးသပ်ကြည့်ရင် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းနဲ့ ပတ်သက်ပြီး တပ်မတော်ဘက်က သူဟာ ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အမတ်တယောက်၊ ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရက ခန့်အပ်ထားတဲ့ ဝန်ကြီးချုပ် တယောက် ဆိုတာ မမေ့ဖို့ လိုပါတယ်။ တပ်မတော်ဘက်က ဝန်ကြီးချုပ် ဖြိုးမင်းသိန်းကို မကြိုက်ရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေပါ ပြဌာန်းချက်တွေအတိုင်း ဖြုတ်ချဖို့ ကြိုးစားနိုင်ပါတယ်။ အခုလို ပြည်သူလူထုက ရွေးကောက်ထားတဲ့ အစိုးရကို ဖိအားပေးတာမျိုး လုပ်သင့် မလုပ်သင့် ပြန်ဆန်းစစ်သင့်ပါတယ်။ အလားတူ NLD အစိုးရအဖွဲ့ဝင်တွေ၊ ပါတီ ခေါင်းဆောင်တွေ ဘက်ကလည်း တိုင်းပြည် ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးတိုးတက်ရေးအတွက် တပ်မတော်နဲ့ အတူ လက်တွဲ အကောင်အထည်ဖော်ရမယ်၊ တပ်မတော်ကို ဒီမိုကရေစီ လမ်းကြောင်းပေါ်ကို ရောက်လာအောင် စည်းရုံးရမယ် ဆိုတဲ့ မူဝါဒ ကို အလေးအနက်ထား၊ မမေ့မလျော့ ကိုင်စွဲ ကျင့်သုံး၊ လုပ်ကိုင်သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG