သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အခင်းအကျင်းသစ် NLD လက်ထဲ ဘာတွေ ရှိနေသေးလဲ


သမ္မတဟောင်း ဦးထင်ကျော် (ဝဲ)၊ ဒေါ်အောင်ဆန်းစုကြည် (အလယ်) နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဟောင်း ဦးဝင်းမြင့် (ယာ)
သမ္မတဟောင်း ဦးထင်ကျော် (ဝဲ)၊ ဒေါ်အောင်ဆန်းစုကြည် (အလယ်) နဲ့ ပြည်သူ့လွှတ်တော်ဥက္ကဟောင်း ဦးဝင်းမြင့် (ယာ)

ပြီးခဲ့တဲ့ မတ်လ ၂၁ ရက်နေ့က နိုင်ငံတော်သမ္မတ ဦးထင်ကျော် ရာထူးကနေ နှုတ်ထွက်သွားပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ သမ္မတဟာ ခုလိုပဲ နှုတ်ထွက်ခွင့်ရှိပြီး လွှတ်တော်ဘက်ကနေ နောက်ထပ် သမ္မတ အသစ်တစ်ယောက် ရွေးချယ်ရေး လုပ်ငန်းစဉ်တွေ လုပ်ကိုင်ပေးရပါတယ်။ တစ်ပြိုင်နက်တည်း အဲဒီ တစ်နေ့တည်းမှာပဲ ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးဝင်းမြင့်ကလည်း တာဝန်ကနေ နှုတ်ထွက်သွားပါတယ်။ မတ်လ ၂၂ ရက်နေ့မှာတော့ ပြည်သူ့လွှတ်တော်ဟာ ဥက္ကဌ အဖြစ် ဦးတီခွန်မြတ်၊ ဒုဥက္ကဌ အဖြစ် ဦးထွန်းထွန်းဟိန် ကို ရွေးချယ် တင်မြှောက်လိုက်ကြပြီး မတ်လ ၂၃ ရက်နေ့မှာလုပ်တဲ့ ရွေးကောက်ခံ ပြည်သူ့လွှတ်တော် အမတ်တွေရဲ့ အစည်းအဝေးမှာတော့ အဲဒီ အစုအဖွဲ့ရဲ့ ဒုသမ္မတ အဖြစ် ဦးဝင်းမြင့်ကို မဲပေး ရွေးချယ်လိုက်ကြပါတယ်။ ပြောရရင် ဒီ ဖြစ်စဉ်တွေဟာ သိပ် အပြောင်းအလဲကြီး မဟုတ်ပေမယ့် အခင်းအကျင်း အသစ် တစ်ခုလို့တော့ ရှုမြင်နိုင်ပါတယ်။ ပေါ်ပေါက်လာတဲ့ အခင်းအကျင်းသစ် အပြောင်းအလဲ အောက်မှာ တိုင်းပြည်ကို စီမံခန့်ခွဲနိုင်တဲ့၊ လုပ်ပိုင်ခွင့်နဲ့ အာဏာ အင်န်အယ်လ်ဒီ လက်ထဲ ဘယ်လောက် ရှိနေမလဲ ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

နောင် တက်လာမယ့် သမ္မတဟာ အင်န်အယ်လ်ဒီ ထိပ်ပိုင်းခေါင်းဆောင် ဦးဝင်းမြင့် ဖြစ်မယ်ဆိုယင်တော့ သိပ်ပြီး အပြောင်းအလဲကြီး မဟုတ်ဘူးလို့ ပြောရမှာပါ။ အရင်လိုပဲ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှုအောက်မှာပဲ သမ္မတအနေနဲ့ အလုပ်လုပ်သွားမှာမို့လို့ပါ။ လာမယ့် မတ်လ ၂၈ ရက်နေ့ ဗုဒ္ဓဟူးနေ့လောက် ကျင်းပဖို့ ရှိတဲ့ ပြည်ထောင်စု လွှတ်တော်ရဲ့ နိုင်ငံတော် သမ္မတ ရွေးချယ်ပွဲမှာ ဦးဝင်းမြင့်ကပဲ သမ္မတ ဖြစ်ဖို့ သေခြာသလောက်ရှိနေပါတယ်။

အမတ်အားလုံးနဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေ ပေါင်းထားတဲ့ သမ္မတ ရွေးချယ်ရေး အဖွဲ့ထဲမှာ အင်အား အများဆုံးဟာ အင်န်အယ်လ်ဒီ ပါတီဝင်တွေ ဖြစ်ပြီး စုစုပေါင်း ၆၅၇ ယောက်၊ ရာခိုင်နှုန်းအားဖြင့် ၅၉ ရာခိုင်နှုန်းကျော် ရှိနေပါတယ်။ တပ်မတော်က ၁၆၆ ယောက်နဲ့ ၂၅ ရာခိုင်နှုန်း၊ ပြည်ခိုင်ဖြိုးက ၄၁ ယောက်နဲ့ ၆ ရာခိုင်နှုန်း၊ အဲဒီ နှစ်စု ပေါင်းလိုက်ရင်တောင် ၃၁ ရာခိုင်နှုန်းကျော်လေးပဲ ရှိမှာပါ။ အခြား ပါတီနဲ့ တစ်သီးပုဂ္ဂလတွေက အယောက် ၆၀၊ ၉ ရာခိုင်နှုန်းပဲ ရှိပါတယ်။ ဖွဲ့စည်းပုံ အရ သမ္မတ ရွေးချယ်ရေး ပုံစံဟာ ဒုသမ္မတ တွေထဲက သမ္မတ အဖြစ် ကိုယ်ကြိုက်နှစ်သက်ရာ တစ်ယောက်ကို မဲပေးရွေးချယ်ရတာပါ။ မဲအများဆုံးရသူ သမ္မတ ဖြစ်လာမှာမို့ အင်န်အယ်လ်ဒီ အမတ်တွေ မဲပေးတဲ့ ဒုသမ္မတ ဟာ သမ္မတ ဖြစ်လာမှာ သေခြာနေပါတယ်။ ဒါကြောင့် ဦးဝင်းမြင့် သမ္မတ ဖြစ်လာမှာပါ။

ဦးဝင်းမြင့် နိုင်ငံတော် သမ္မတ ဖြစ်လာရင် အရင် သမ္မတ ဦးထင်ကျော်ထက် ပိုပြီး လုပ်နိုင်၊ ကိုင်နိုင် အခြေအနေ ဖြစ်လာမှာ သေခြာပါတယ်။ အရင် သမ္မတ ဦးထင်ကျော်ဟာ ဒေါ်အောင်ဆန်းစုကြည် နဲ့ ရင်းနှီးသူ၊ သစ္စာရှိသူ၊ အင်န်အယ်လ်ဒီကို အစဉ်တစိုက် ထောက်ခံသူ ဆိုပေမယ့် ပါတီလုပ်ငန်းတွေ၊ နိုင်ငံရေး လုပ်ငန်းတွေမှာ ဦးဝင်းမြင့်လောက် ထဲထဲဝင်ဝင် လုပ်ကိုင်ခဲ့သူ မဟုတ်ပါဘူး။ ဆောင်းပါးတွေ စာတွေ ရေးပြီး အေးအေးချမ်းချမ်း နေထိုင်တတ်သူ တစ်ယောက်ပဲ ဖြစ်ပါတယ်။ အဲလို အခြေအနေမျိုးကို သူ သမ္မတ တာဝန်ယူခဲ့တဲ့ ၂ နှစ်တာကာလ ကို ပြန်ကြည့်ရင် သိနိုင်ပါတယ်။ ဦးဝင်းမြင့်ကတော့ အဲဒါနဲ့ ခြားနားတာကြောင့် သမ္မတ အဖြစ် အလုပ်တွေ ပို တက်တက်ကြွကြွ လုပ်နိုင်၊ နိုင်ငံရေးမှာ ပို တက်တက်ကြွကြွ ပါဝင်နိုင်မှာ ဖြစ်ပြီး၊ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရည်မှန်းချက်တွေကို ပို အကောင်အထည် ဖော်ပေးနိုင်မယ့်သူ ဖြစ်လာမှာပါ။ ဒါဟာ အင်န်အယ်လ်ဒီ ပါတီအတွက် ပိုပြီး ကောင်းတဲ့ အခြေအနေမျိုးပါ။

ဒါပေမယ့် လွှတ်တော်ဘက်ကို ကြည့်လိုက်ရင်တော့ အခြေအနေ တစ်မျိုး ပြောင်းလဲသွားတာ မြင်ကြရပါလိမ့်မယ်။ ဦးဝင်းမြင့်နေရာမှာ ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် အင်န်အယ်လ်ဒီ ဘက်က ရွေးချယ်ပေးလိုက်သူကတော့ သူရဦးရွှေမန်းနဲ့ နီးစပ်သူ တစ်ဦးလည်းဖြစ်၊ ၂၀၁၇ စက်တင်ဘာကမှ ပြည်ခိုင်ဖြိုးပါတီက နှုတ်ထွက်ထားတဲ့ ကချင်လူမျိုး ဦးတီခွန်မြတ်ပါ။

လက်ရှိ သူရဦးရွှေမန်းဟာ လွှတ်တော်ကိုတင်မယ့် ဥပဒေကြမ်းတွေကို စိစစ်ရတဲ့၊ ဘယ်လို ဥပဒေကြမ်းမျိုး တင်မယ်ဆိုတာ ရွေးချယ်ရတဲ့ အထူးကော်မရှင် အကြီးအကဲ ဖြစ်လေတော့ ဥပဒေပြုရေးမှာ သူရဦးရွှေမန်းရဲ့ သြဇာ အခုထက် အများကြီး ပိုလွှမ်းမိုးလာလိမ့်မယ်လို့ ခန့်မှန်းနိုင်ပါတယ်။ ဒီနေရာမှာ သူရဦးရွှေမန်းဟာ ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် သူတာဝန်ယူခဲ့ချိန် ၅ နှစ်တာကာလ ဘယ်လို ဥပဒေမျိုး ပြဌာန်းခဲ့တယ်၊ ဘယ်ဥပဒေတွေနဲ့ ပတ်သက်ပြီး သူ့အမြင် ဘယ်လိုရှိတယ် ဆိုတာ ပြန်ကြည့်ရင် သိနိုင်ပါတယ်။ နမူနာအားဖြင့် ဖွဲ့စည်းပုံ ပြင်ရေး ကိစ္စမှာ ဒီမိုကရေစီ အရေး၊ ဖက်ဒရယ် အရေးထက် သူ သမ္မတ ဖြစ်နိုင်ရေး လမ်းပွင့်အောင် ကြိုးစားခဲ့တာ တွေ့နိုင်သလို၊ ပြည်တွင်းမှာ နိုင်ငံခြား ဘဏ်တွေ ရုံးခန်း ဖွင့်ခွင့်ပြုတဲ့ ကိစ္စ၊ နိုင်ငံတကာ ကုမ္ပဏီတွေကို ဆက်သွယ်ရေး လုပ်ငန်း လိုင်စင်ချထားပေးတဲ့ ကိစ္စ စတာတွေမှာ ဆန့်ကျင်ခဲ့သူ တစ်ယောက်လည်း ဖြစ်ပါတယ်။

ပြောရရင် ဥပဒေပြုရေးမှာ တိုင်းပြည် အကျိုးစီးပွားထက် ခရိုနီတွေ၊ အခွင့်ထူးခံတွေ အကျိုးရှိအောင် ပိုပြီး လုပ်ခဲ့သူလား မေးခွန်းထုတ် ခံရသူ ဖြစ်ပါတယ်။ ဒါကြောင့် နိုင်ငံအတွက် အတော့်ကို အရေးပါတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ အဖြစ် ဦးတီခွန်မြတ်ကို ရွေးချယ်လိုက်တာဟာ၊ အင်န်အယ်လ်ဒီ ပါတီ အတွက် ဥပဒေပြုရေး လုပ်ငန်းမှာ ပြည်သူလူထုအကျိုး၊ ဒီမိုကရေစီ အကျိုးကို စိတ်တိုင်းကျ ဆောင်ရွက်နိုင်ပါ့မလား ဆိုတာကတော့ သံသယ ရှိစရာပါ။

အခြားတစ်ဖက်မှာတော့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ဦးဆောင်မှုမှာ အင်န်အယ်လ်ဒီ ရဲ့ အခန်းကဏ္ဍ လျော့ကျ လာတာလည်း တွေ့နေကြရပါတယ်။ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကြီးတစ်ခုလုံးရဲ့ ဦးစီးခေါင်းဆောင်ဟာ ဒေါ်အောင်ဆန်းစုကြည် ဖြစ်ပြီး လက်တွေ့ အကောင်အထည် ဖော်ရာမှာတော့ ဒေါက်တာ တင်မျိုးဝင်း ဦးဆောင်နေပါတယ်။ အဖွဲ့ဝင်အဖြစ် အင်န်အယ်လ်ဒီ ဘက်က ဦးအောင်စိုးနဲ့ ဦးနိုင်ငံလင်းတို့ ပါဝင်ပါတယ်။ လက်တွေ့အခြေအနေမှာ တကယ်ခေါင်းဆောင်မှု နေရာယူထားတဲ့ ဒေါက်တာတင်မျိုးဝင်း အနေနဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ဆိုင်ရာ ကိစ္စတွေ၊ လက်နက်ကိုင် တပ်ဖွဲ့အကြောင်းတွေကို ထဲထဲဝင်ဝင် မသိတာ၊ ဦးအောင်စိုး၊ ဦးနိုင်ငံလင်းတို့ကလည်း ထိထိရောက်ရောက် ထဲထဲဝင်ဝင် မပါဝင်နိုင်တာကြောင့် အစိုးရဘက်လို့ ပြောလိုက်ရင် ဗိုလ်ချုပ်ကြီးဟောင်း ဦးခင်ဇော်ဦး၊ သမ္မတရုံး ညွှန်ကြားရေးမှူးချုပ် ဦးဇော်ဌေးနဲ့ တပ်မတော် ဗိုလ်ချုပ်ကြီးတွေရဲ့ လက်ထဲပဲ ရောက်နေတာ တွေ့မြင်နိုင်ပါတယ်။ တစ်နည်းပြောရရင် အင်န်အယ်လ်ဒီ ဟာ ဥပဒေပြုရေး လွှတ်တော်ကို လွှမ်းမိုးထားပြီး အစိုးရအဖွဲ့ကို ဦးဆောင်နေပေမယ့် ငြိမ်းချမ်းရေး တည်ဆောက်ရာမှာတော့ တကယ့် ဦးဆောင်မှု နေရာ၊ စီမံခန့်ခွဲမှု နေရာမှာ ရှိမနေဘူး လို့ ပြောနိုင်ပါတယ်။

ဒါတွေအားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် လက်ရှိ ဖြစ်ပေါ်လာမယ့် အခင်းအကျင်း အခြေအနေအရ ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည် အတွက် နံပတ်တစ် အရေးအကြီးဆုံးလို့ သဘောထားတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ဟာ အင်န်အယ်လ်ဒီ ပါတီရဲ့ ဦးဆောင်မှုနဲ့ စီမံခန့်ခွဲမှုအောက်၊ တနည်း အင်န်အယ်လ်ဒီ ရဲ့ လက်ထဲမှာ ရှိမနေပါဘူး။ အရေးကြီးပါတယ် ဆိုတဲ့ ဥပဒေပြုရေးမှာလည်း အဓိက ခေါင်းဆောင် ပြည်သူ့လွှတ်တော် ဥက္ကဌဟာ ပြည်ခိုင်ဖြိုးပါတီဝင်ဟောင်း၊ သူရဦးရွှေမန်းနဲ့ နီးစပ်သူဖြစ်လေတော့ အင်န်အယ်လ်ဒီ ပါတီ လက်ထဲ အပြည့်အ၀ ရှိမနေဘူးလို့ ပြောရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည် စီးပွားဖွံ့ဖြိုးတိုးတက်ရေးနဲ့ ပတ်သက်လို့ကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရလက်ထဲ၊ တစ်နည်းပြောရရင် အင်န်အယ်လ်ဒီ ပါတီ လက်ထဲ အပြည့်အ၀ ရှိနေသေးတယ်လို့ ဆိုရမှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG