သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ်မှာ သတင်းရယူရေး ဘယ်လောက် ခက်ခဲလာနေပြီလဲ


စစ်တွေမြို့
စစ်တွေမြို့

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့ ညပိုင်းက စစ်တွေမြို့မှာ သတင်းယူနေတဲ့ ဂျာမဏီနိုင်ငံ အခြေစိုက် ARD-TV သတင်းအဖွဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ ဝိုင်းဝန်း ရန်မူတာကို ခံရပါတယ်။ စွတ်စွဲချက်ကတော့ ဂျာမန်သတင်းအဖွဲ့က ကင်မရာမင်းန် နှစ်ယောက်ကို တူရကီတွေ၊ မူဆလင်တွေ၊ သတင်းလိမ်တွေ လာရိုက်နေတယ်၊ ဗလီပုံတွေ ရိုက်နေတယ် လို့ စွတ်စွဲပြီး လှုံ့ဆော်၊ လူအုပ်စုနဲ့ ဝိုင်းဝန်းပြီး ရန်မူဖို့ ကြိုးစားတာ ဖြစ်ပါတယ်။ နောက်ပိုင်း ပြည်နယ်အဆင့် အဆင့်မြင့်ရဲတပ်ဖွဲ့မှူး ကိုယ်တိုင်ပါဝင်တဲ့ ရဲတပ်ဖွဲ့ ရောက်ရှိလာပြီး ထိန်းသိမ်းရတဲ့ အနေအထား ဖြစ်ခဲ့ပါတယ်။ ဂျာမန် ရုပ်သံ သတင်းထောက်တွေကို ဟိုတယ်ပြန်ပို့၊ ဟိုတယ်ကို ဝိုင်းဝန်းလာတဲ့ လူအုပ်စုကြီးက ရန်မူတာ မခံရအောင် ရဲတပ်ဖွဲ့က တစ်ညလုံး လုံခြုံရေးပေး၊ နောက်နေ့လည်း သတင်းထောက် အဖွဲ့ကို ဘယ်မှ သွားခွင့်မပေးပဲ နေ့ခင်းမှာ လုံခြုံရေး အစောင့်အရှောက်နဲ့ လေဆိပ်ကို လိုက်ပို့ပြီး ရန်ကုန်ကို ပြန်စေခဲ့ပါတယ်။ အခုပြသနာ မဖြစ်ခင် ဗြိတိန်နိုင်ငံ အခြေစိုက် ရုပ်သံသတင်းထောက်တွေလည်း အခုလို ကံကြမ္မာမျိုး ကြုံခဲ့ရပါသေးတယ်။ ဒီ ပြသနာ ဘယ်လို ဖြစ်ရတာပါလဲ၊ ရခိုင်ပြည်နယ်က ပဋိပက္ခ ပြသနာမှာ သတင်းအမှန် ရယူရေး ခက်ခဲနေပြီလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

လူအုပ်ကြီးရဲ့ ရန်မူတာ ခံရတဲ့ ဂျာမန် ARD-TV သတင်းအဖွဲ့ဟာ အရင်တုန်းကလည်း မြန်မာနိုင်ငံကို ရောက်ဖူးပါတယ်။ ရခိုင်ပြည်နယ် စစ်တွေဘက်ကိုလည်း သွားပြီး သတင်းရယူဖူးပါတယ်။ ခုတစ်ကြိမ်ကတော့ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားတဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေ၊ အကြမ်းဖက်သမားတွေကို တပ်မတော်က နယ်မြေ ရှင်းလင်းရေး လုပ်ပြီးနောက်ပိုင်း ဖြစ်ပေါ်လာတဲ့ အခြေအနေတွေ၊ တိုင်းရင်းသား ဒုက္ခသည်တွေ၊ မူဆလင် ဒုက္ခသည်တွေ စတဲ့ အကြောင်းတွေကို သတင်းရယူ ပေးပို့ဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ဒီလိုနဲ့ ဂျာမန် ရုပ်သံ သတင်းအဖွဲ့ဟာ တရားဝင် ဂျာနယ်လစ် ဗီဇာလျောက်ပြီး သူတို့ရုံးခွဲ အခြစိုက်ရာ စင်္ကာပူကနေ ရန်ကုန်ကို စက်တင်ဘာ ၁၂ ရက်နေ့မှာ ရောက်လာပါတယ်။ရောက်လာခင်ကတည်းက အဲဒီအဖွဲ့ဟာ ပြန်ကြားရေး ဝန်ကြီးဌာနကို ဆက်သွယ်ပြီး ရခိုင်ပြည်နယ် စစ်တွေဘက်ကို သွားမယ့် အကြောင်း၊ ခွင့်ပြုချက်ရရင် ဘူးသီးတောင် အထိသွားပြီး သတင်းရယူမယ့် အကြောင်း တရားဝင် တင်ပြပြီးနောက်မှ ရန်ကုန်ကနေ စစ်တွေကို စက်တင်ဘာ ၁၃ ရက် မနက်ပိုင်းမှာ လေကြောင်းခရီးနဲ့ သွားခဲ့ကြတာ ဖြစ်ပါတယ်။

ဂျာမန် ရုပ်သံ သတင်းအဖွဲ့ဟာ စစ်တွေကို ရောက်ရောက်ခြင်း မောင်တော ဒေသဘက်ကနေ ထွက်ပြေးလာတဲ့ ရခိုင် အပါအဝင် တိုင်းရင်းသားတွေ ယာယီခိုလှုံရာ ဘုန်းတော်ကြီးကျောင်းတွေကို သွားပြီး သတင်းရယူကြပါတယ်။ ပြည်နယ် အစိုးရအဖွဲ့ရုံးကို သွားပြီး ဘူးသီးတောင်ဘက်ကို သွားရောက် သတင်းရယူခွင့်ပြုဖို့ တင်ပြပါတယ်။ ဒါပေမယ့် သက်ဆိုင်ရာ အာဏာပိုင်တွေက အရင်က ဘူးသီးတောင် အထိ သတင်းအဖွဲ့တွေ သွားခွင့်ပြုပေမယ့် အခုရက်ပိုင်းက စ သွားခွင့်မပြုတော့ဘူး ဆိုတဲ့အတွက် မသွားနိုင်ခဲ့ပါဘူး။

ဂျာမန် ရုပ်သံ သတင်းအဖွဲ့ဟာ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပဋိပက္ခ ပြသနာတွေနဲ့ ပတ်သက်ပြီး ဖြေကြားပေးနိုင်မယ့် ပြည်နယ် ဝန်ကြီးချုပ်၊ နယ်လုံဝန်ကြီး၊ အစိုးရအဖွဲ့ အတွင်းရေးမှူး စတာတွေနဲ့ တွေ့ခွင့်တောင်းပေမယ့် အဆင်မပြေတော့ တွေ့ခွင့်မရခဲ့ကြပါဘူး။ ဒါ့အပြင် စစ်တွေမှာ ရှိတဲ့ ဒုက္ခသည် စခန်းတွေကို သွားဖို့ ကြိုးစားပါသေးတယ်။ အရင်အခေါက်တွေတုန်းက ဝင်ခွင့်ရ၊ တွေ့ခွင့်ရတော့ ဒီတစ်ခေါက်လည်း တွေ့ခွင့်ရမယ် အထင်နဲ့ ကြိုးစားတာပါ။ ဒါပေမယ့် အာဏာပိုင်တွေက ဒုက္ခသည် စခန်းတွေဆီလည်း သွားခွင့်မပေးခဲ့ပါဘူး။ ပြောရရင် ဂျာမန် ရုပ်သံ အဖွဲ့ဟာ စက်တင်ဘာ ၁၃ တစ်ရက်လုံး စစ်တွေမှာ ရှိတဲ့ ဘုန်းတော်ကြီးကျောင်းတွေက ရခိုင်တိုင်းရင်းသားတွေ ခိုလှုံရာ ဒုက္ခသည် စခန်းတွေမှာ လိုက်ပြီး ရိုက်ကူးရေး လုပ်တာကလွဲရင် တခြား ဘာရိုက်ကူးရေးမှ မလုပ်နိုင်ခဲ့ပါဘူး။

ဒီလိုနဲ့ ည ၉ နာရီခွဲလောက်မှာ စစ်တွေကနေ ဂျာမဏီက သူတို့ရုပ်သံဌာနကို တိုက်ရိုက် သတင်းပေးပို့ဖို့ လုပ်ပါတယ်။ ဂျာမဏီမှာ ရုပ်သံလွှင့်တဲ့ အချိန်နဲ့ ချိန်ညှိပြီး ရိုက်ကူးထုတ်လုပ်ဖို့ လုပ်တာပါ။ ဒီလိုနဲ့ စစ်တွေကနေ တိုက်ရိုက် သတင်းပေးပို့ဖို့ ဦးဥတ္တမ ပန်းခြံရှေ့သွားပြီး ရိုက်ကူးရေး လုပ်ဖို့ ပြင်ဆင်ကြပါတယ်။ ရုပ်သံထုံးစံ ကင်မရာထောင်တာတွေ၊ မီးဆလိုက် ထောင်တာတွေ၊ လွှင့်ထုတ်ပေးမယ့် စက်တွေ ပြင်ဆင်တာတွေ စတာတွေ အချိန်ယူ လုပ်ကြပါတယ်။ ဒါပေမယ့်လည်း ဘာရိုက်ကူးရေးမှ မလုပ်ရသေးခင်၊ စတောင် မစရသေးခင် လူအုပ်ကြီးက ဝိုင်းလာပြီး တူရကီတွေ၊ မူဆလင်တွေ၊ ဗလီကို မှတ်တမ်းရိုက်နေကြတယ်၊ သူတို့ကို ဆုံးမမှ ရမယ် စသဖြင့် အမျိုးမျိုး ပြောပြီး ရန်မူမယ့် အနေအထား လုပ်ကြပါတော့တယ်။

ဒီလို အနေအထား မျှော်လင့်မထားတဲ့အတွက် ထိတ်လန့်ကြောက်ရွံ့နေတဲ့ ဂျာမန် ရုပ်သံ အဖွဲ့ဝင်တွေဟာ ဂျာမဏီက သူတို့ ရုံးကို အန္တရာယ်နဲ့ ကြုံရပြီဆိုပြီး ဖုန်းဆက်တာ၊ သူတို့ သိတဲ့ ကုလသမဂ္ဂ တာဝန်ရှိသူတွေဆီ ဖုန်းဆက်တာ လုပ်သလို၊ စကားပြန် မိန်းကလေးကလည်း ပြန်ကြားရေးဝန်ကြီးဌာန တာဝန်ရှိသူတွေဆီ ဖုန်းဆက် အကူအညီတောင်းပြီး လုံခြုံရေး ဆောင်ရွက်ပေးဖို့ ပြောဆိုရတဲ့ အခြေအနေထိ ရောက်သွားခဲ့ပါတယ်။

နောက်ပိုင်း ရဲတပ်ဖွဲ့ဝင်တွေ ရောက်လာတဲ့အခါ လူအုပ်ကြီးကို အဖြစ်မှန် ပြောပြီး ထိန်းသိမ်းရမယ့်အစား ဂျာမန်သတင်းအဖွဲ့ကို ဟိုတယ် ပြန်စေပြီး အသေးစိတ် စစ်ဆေးပါတော့တယ်။ နိုင်ငံကူးလက်မှတ်တွေ၊ ဗီဇာတွေ၊ ထောက်ခံစာတွေ စစ်ဆေးရုံမက ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေကိုပါ စစ်ဆေးပါတယ်။ ပြောရရင် တရားဝင် သတင်းထောက်ဗီဇာနဲ့ ဝင်လာ၊ တရားဝင် ခွင့်ပြုချက်တောင်းပြီး တရားဝင် သတင်းရိုက်ကူးရေး လုပ်တာမို့ ဘာမှ အပြစ်ပြောစရာ မရှိခဲ့ပါဘူး။ ဒါပေမယ့် ရဲတပ်ဖွဲ့ဟာ လူအုပ်ကြီးနဲ့ ပြည်သူလူထုကို ဒီအဖွဲ့ကြီးဟာ မှန်မှန်ကန်ကန် သတင်းလာယူတာပါလို့ အသေအခြာ ရှင်းပြတာမျိုး၊ လူအုပ်ကြီးထဲက မမှန်မကန်ပြောဆိုပြီး လူစုလူဝေး ဖြစ်ပေါ်အောင်၊ ရန်မူကာနီး ဖြစ်အောင် လှုံ့ဆော်သူတွေ၊ အကြမ်းဖက်မှု ဖြစ်အောင် သွေးထိုးသူတွေကို အရေးယူတာမျိုး ဘာတစ်ခုမှ မလုပ်ခဲ့ပါဘူး။ သတင်းသမားတွေကို သူတို့ အလုပ်လုပ်နိုင်အောင် ကာကွယ်စောင့်ရှောက်ပေးရမယ့်အစား ဘာ အပြစ်တစ်စုံတရာမှ မရှိပါပဲ နောက်နေ့ စက်တင်ဘာ ၁၄ တစ်ရက်လုံးလုံး ဟိုတယ်က ထွက်ခွင့်မပေးတော့သလို လေဆိပ်ကို တန်းပို့ပြီး ရန်ကုန်ပြန်စေခဲ့ပါတယ်။ အဆိုးဆုံးကတော့ အထက်ကို အစီရင်ခံစာတင်တဲ့အချိန်မှာ သတင်းအဖွဲ့ကပဲ အမှားလုပ်သယောင်ယောင်၊ လူအုပ်ကြီးကပဲ မှန်သယောင်ယောင် တင်ပြခဲ့တာပဲ ဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ အထက်ကို တင်ပြတဲ့ အစီရင်ခံစာထဲမှာ “၂၀၁၇ စက်တင်ဘာ ၁၃ ရက်နေ့ ၉နာရီ ၁၅ မိနစ်အချိန် စစ်တွေမြို့၊ ဦးဥတ္တမ ပန်းခြံနောက်ရှိ ဗလီဟောင်းအား မန်မိုရီ ဟိုတယ်တွင် တည်းခိုနေထိုင်သည့် ဂျာမဏီနိုင်ငံသား ကျား(၂) ဦးမှ ဗလီအား ဓာတ်ပုံရိုက်ရာ လူစုလူဝေး (၅၀) ဦးခန့်မှ စုရုံးရောက်ရှိလာ၍ ဟိုတယ်ရှေ့တွင် ရုတ်ရုတ်သဲသဲ ဖြစ်ပွား” ဆိုပြီး ဖော်ပြထားသလို “၎င်းတို့အား မျက်ခြေမပြတ် စောင့်ကြပ် ကြည့်ရှုလျက် ရှိပါသည်။” ဆိုပြီးလည်း တင်ပြထားပါတယ်။ မြို့ခံတွေက တူရကီတွေ မူဆလင် တွေ ဆိုပြီး မမှန်စွတ်စွဲပြီး ရန်မူတာ၊ ရဲတပ်ဖွဲ့က ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်တွေကို စစ်ဆေးတာ စတဲ့ အချက်တွေကိုတော့ ထိန်ချန်ထားသလို၊ ဗလီကို ဓာတ်ပုံရိုက်တယ် ဆိုပြီး မမှန်မကန် တင်ပြထားတာ တွေ့ကြရပါတယ်။

ဒါကိုကြည့်ရင် ရခိုင်ပြည်နယ်မှာ တစ်ချို့သော တိုင်းရင်းသားတွေဟာ သတင်းမီဒီယာသမားတွေကို ရန်သူလို့ သဘောထားပြီး မမှန်မကန် ဖန်တီးစွတ်စွဲ၊ ရန်မူဖို့ ကြိုးစားတာကို ရဲတပ်ဖွဲ့ဘက်က သတင်းထောက်တွေ အန္တရာယ် မဖြစ်အောင် အကာအကွယ်တော့ ပေးပါရဲ့၊ ဒါပေမယ့်လည်း တစ်ပြိုင်နက်တည်းမှာ သတင်းရယူရေးနဲ့ ပတ်သက်ပြီး အကူအညီ မပေးတာ၊ သတင်းရယူရေး ပိတ်ပင်တာ နောက်ဆုံး သတင်းမီဒီယာ သမားတွေအပေါ် သဘောထား မမှန်တာ ကိုလည်း တွေ့မြင်ကြရပါတယ်။ စစ်တွေက အခု နောက်ဆုံး ဖြစ်ရပ်မှာ ဆိုရင် သတင်းမီဒီယာ အဖွဲ့ကို နောက် ဒီကို မလာခဲ့နဲ့တော့လို့ သတိပေးသလို ဖြစ်ခဲ့ပြီး အခြား ပြည်ပ သတင်းအဖွဲ့တွေကိုလည်း ရခိုင်ပြည်နယ်မှာ မူဆလင်တွေ၊ ဒုက္ခသည်စခန်းက လူတွေနဲ့ပတ်သက်ပြီး သတင်းယူရင် အခုလို အန္တရယ်ကြုံရနိုင်တယ် ဆိုပြီး သတိပေးလိုက်သလို ဖြစ်သွားစေခဲ့ပါတယ်။ ဒီအတွက် ရခိုင်ပြည်နယ် ပဋိပက္ခနဲ့ ပတ်သက်ပြီး သတင်းရယူရေး ခက်ခဲလာသလို တကယ်ဖြစ်ပျက်နေတဲ့ သတင်းအမှန်တွေကို မြန်မာပြည်သူတွေရော၊ နိုင်ငံတကာကပါ သိရှိဖို့ လွယ်ကူမှာ မဟုတ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

မှတ်စု

စစ်တွေမှာ အဲဒီ ဂျာမန် သတင်းအဖွဲ့ ကြုံခဲ့ရတဲ့ ပြသနာနဲ့ ပတ်သက်ပြီး နောက်တစ်နေ့မှာ ရခိုင်ပြည်နယ် ရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက အထက်တာဝန်ရှိသူတွေကို အခုလို သတင်းပေးပို့ထားတာ တွေ့ရပါတယ်။ “ အခြား ထူးခြားသတင်း၊ ၅။ ၂၀၁၇ စက်တင်ဘာ ၁၃ ရက်နေ့ ၉နာရီ ၁၅ မိနစ်အချိန် စစ်တွေမြို့၊ ဦးဥတ္တမ ပန်းခြံနောက်ရှိ ဗလီဟောင်းအား မန်မိုရီ ဟိုတယ်တွင် တည်းခိုနေထိုင်သည့် ဂျာမဏီနိုင်ငံသား ကျား(၂) ဦးမှ ဗလီအား ဓာတ်ပုံရိုက်ရာ လူစုလူဝေး (၅၀) ဦးခန့်မှ စုရုံးရောက်ရှိလာ၍ ဟိုတယ်ရှေ့တွင် ရုတ်ရုတ်သဲသဲ ဖြစ်ပွားသဖြင့် ပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး အောင်မြတ်မိုး၊ ဒုပြည်နယ်ရဲတပ်ဖွဲ့မှူး၊ စစ်တွေခရိုင် ရဲတပ်ဖွဲ့မှူး၊ စစ်တွေမြို့နယ် ရဲတပ်ဖွဲ့မှူး ဦးစီး လုံခြုံရေးအဖွဲ့မှ ဖြေရှင်းခဲ့ရာ လူစုကွဲသွားပြီး နယ်မြေ အခြေအနေမှာ အေးချမ်းတည်ငြိမ်လျက်ရှိကာ ဗီဒီယို၊ ဓာတ်ပုံမှတ်တမ်းများ ရိုက်ခဲ့သူများ တည်းခိုနေထိုင်လျက်ရှိသော မန်မိုရီ ဟိုတယ်သို့ အသေးစိတ် သိရှိနိုင်ရန်အတွက် ရဲတပ်ဖွဲ့တာဝန်ရှိ အရာရှိကြီးများနှင့်အတူ စစ်တွေမြို့နယ် အုပ်ချုပ်ရေးမှူး၊ မြို့နယ် လဝက မှူး ဦးကျော်သန်းတို့နှင့် အတူ သွားရောက်စိစစ်ခဲ့ရာ ၎င်းတို့သည် ဂျာမဏီနိုင်ငံ အခြေစိုက် ARD-TV သတင်းဌာနမှ J အမျိုးအစား ဗီဇာကိုင်ဆောင်ထားသော ဂျာမဏီနိုင်ငံသား သတင်းထောက် ၅ ဦးနှင့် စကားပြန်တစ်ဦး ပေါင်း ၆ ဦးဖြစ်ကြောင်း စိစစ်တွေ့ရှိရပြီး အဆိုပါ နိုင်ငံခြားသားများအား စစ်တွေမြို့ မန်မိုရီ ဟိုတယ်တွင် စက်တင်ဘာ ၁၃ မှ ၁၅ ရက်နေ့အထိ တည်းခိုနေထိုင်မည်ဟု သိရှိရပြီး ၎င်းတို့အား မျက်ခြေမပြတ် စောင့်ကြပ် ကြည့်ရှုလျက် ရှိပါသည်။” ဆိုပြီး ဖြစ်ပါတယ်။

ဒီနေရာမှာ ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံချက်နဲ့ တကယ့်ဖြစ်စဉ် အတော်လေး ကွဲလွဲနေတာ၊ ရဲတပ်ဖွဲ့က ဖြစ်ရပ်မှန်တွေကို ထိန်ချန်ထားတာ စတာတွေ တွေ့မြင်ရပါတယ်။ ဖြစ်ရပ်မှန်က ခုလိုပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG