သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ပြသနာ ကော်မတီဖွဲ့ပြီး ဖြေရှင်းလို့ ရနိုင်မလား


AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)
AA Army (ရက္ခိုင့်တပ်မတော် - သတင်းနှင့် ပြန်ကြားရေးဌာန)

NLD အစိုးရလက်ထက် ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်တွေ၊ ကော်မတီတွေထဲမှာ ရခိုင်ပြည်နယ်နဲ့ ပတ်သက်ပြီး ဖွဲ့စည်းခဲ့တဲ့ ကော်မရှင်၊ ကော်မတီတွေဟာ အများဆုံး ဖြစ်ဖွယ် ရှိပါတယ်။ အခုနောက်ဆုံး နိုင်ငံတော် သမ္မတ က လက်မှတ်ရေးထိုးပြီး ဖွဲ့စည်းလိုက်တဲ့ ကော်မတီကတော့ “ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး အထောက်အကူပြု ကော်မတီ” ပဲ ဖြစ်ပါတယ်။ ထူးခြားတာ တစ်ခုကတော့ အဖွဲ့ဝင် စုစုပေါင်း ၁၄ ယောက်ပါတဲ့ အဲဒီ ကော်မတီမှာ ရခိုင်တိုင်းရင်းသားတွေက အများစု ဖြစ်နေတာပါ။ ထိပ်ပိုင်းခေါင်းဆောင်ဖြစ်တဲ့ ဥက္ကဌ ဦးအေးသာအောင်၊ ဒုဥက္ကဌ ဒေါက်တာဖေမြင့်၊ ဒုဥက္ကဌ ဦးညီပု အားလုံးရခိုင်ပြည်နယ်သားတွေပါ။ ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်ဖြစ်စေရန် ဖန်တီးလှုံ့ဆော်မှုများ ထပ်မံ မဖြစ်ပွားစေရေး နှင့် ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဆောင်ရွက်နိုင်ရန် အတွက် ဆိုပြီး ဖွဲ့စည်းပေးလိုက်တဲ့ အဲဒီ ကော်မတီ တာဝန်ကျေပွန်အောင် ဆောင်ရွက်နိုင်ပါ့မလား ဆိုတာ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် ရခိုင်ပြည်နယ်က ပဋိပက္ခ ပြသနာတွေအကြောင်း ဆွေးနွေးတင်ပြသွားပါ့မယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားနေတဲ့ ပဋိပက္ခ ပြသနာတွေကို စာရင်းပြုစုကြည့်ရင် တပ်မတော်နဲ့ ရခိုင်လက်နက်ကိုင် တပ်ဖွဲ့ AA ရဲ့ စစ်ရေး ပဋိပက္ခ၊ တပ်မတော်နဲ့ ဒေသခံ ရခိုင်တိုင်းရင်းသားတွေရဲ့ ပဋိပက္ခ၊ စစ်ပွဲကြောင့် တဖြေးဖြေး ယိုယွင်းလာနေတဲ့ တရားဥပဒေ စိုးမိုးရေးနဲ့ လုံခြုံရေး၊ နိုင်ငံတကာက ပြစ်တင် ဝေဖန်နေကြဆဲ ဖြစ်တဲ့ သန်းတစ်ဝက်ကျော်လောက် ရှိမယ့် မူဆလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးသွားရတဲ့ ပြသနာနဲ့ ပြန်လက်ခံရမယ့် ကိစ္စ၊ ၆ နှစ် ၇ နှစ် ကြာလာသည့်တိုင် စစ်တွေ နဲ့ နေရာတစ်ချို့မှာရှိတဲ့ ဒုက္ခသည်စခန်းတွေကနေ နေရပ်မပြန်နိုင်သေးတဲ့ သိန်းဂဏန်းနီးပါးရှိတဲ့ မူဆလင်တွေရဲ့ ပြသနာ၊ မီးခဲပြာဖုံး ဖြစ်နေသေးတဲ့ ဘာသာရေး လူမျိုးရေး ကို အခြေခံတဲ့ ပြသနာ၊ ဖွံ့ဖြိုးတိုးတက်မှု နိမ့်ကျနေဆဲ ပြသနာ စသဖြင့် ပြသနာပေါင်း များစွာ တွေ့မြင်ရမှာ ဖြစ်ပါတယ်။ ပဋိပက္ခတွေမှာ ပါဝင်ပတ်သက်နေတဲ့ ဘက်အသီးသီး အုပ်စု အသီးသီးကလည်း တစ်ဖက်နဲ့ တစ်ဖက် ပြေလည်မှု မရှိ၊ သုံးပွင့်ဆိုင်မက လေးပွင့်ဆိုင်လောက်တောင် ဖြစ်နေတဲ့ ပဋိပက္ခတွေကြောင့် ရှုတ်ထွေးတယ်လို့တောင် ပြောနိုင်ပါတယ်။ ဒါပေမယ့် အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင်တော့ လက်နက်ကိုင် ပဋိပက္ခ ပြသနာ၊ အစိုးရက ဘင်္ဂလီလို့ ခေါ်ပြီး သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခံယူထားတဲ့ မူဆလင်တွေနဲ့ ပတ်သက်တဲ့ ပြသနာ၊ တိုင်းရင်းသား တန်းတူ အခွင့်အရေး မရမှုနဲ့ ဖွံ့ဖြိုးမှု နိမ့်ကျခြင်း ပြသနာတွေကို တွေ့ရမယ် ဖြစ်ပါတယ်။

အဲဒီပြသနာတွေထဲမှာ တခါတရံ ပြသနာတစ်ချို့က ထိပ်ကို ရောက်လာတတ်ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်နေတဲ့ ပဋိပက္ခ ပြသနာတွေထဲမှာ တပ်မတော်နဲ့ ရခိုင်AA တပ်ဖွဲ့ လက်နက်ကိုင်ပဋ္ဋိပက္ခက ထိပ်ရောက်နေတာ တွေ့မြင်နိုင်ပါတယ်။ သောင်းကျန်းမှု နှိမ်နင်းရေး လို့ နာမည်ပေးပြီး စစ်ပွဲဆင်နွဲှနေတဲ့ တပ်မတော်နဲ့ ရခိုင်တိုင်းရင်းသား အရပ်သားတွေရဲ့ မယုံကြည်မှု၊ မုန်းတီးမှု ပဋိပက္ခ ပြသနာဟာလည်း တဖြေးဖြေး ရှေ့တန်းရောက်လာတာ တွေ့နေရပါတယ်။ ဒါကို ကြိုတင်ကာကွယ်တဲ့ အနေနဲ့ ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက် ဖြစ်စေရန် ဖန်တီးလှုံ့ဆော်မှုများ ထပ်မံ မဖြစ်ပွားစေရေး ဆိုတဲ့ ရည်မှန်းချက်နဲ့ ရခိုင်တိုင်းရင်းသား နိုင်ငံရေးခေါင်းဆောင်တွေ အများစုပါဝင်တဲ့ ကော်မတီတစ်ခုကို ဖွဲ့စည်းပေးလိုက်ပုံ ရပါတယ်။

၂၀၁၁ သမ္မတ ဦးသိန်းစိန် တက်လာပြီးနောက်ပိုင်းကစ ရခိုင်ပြည်နယ်မှာ အတော့်ကိုကြီးမားတဲ့ ပဋိပက္ခ ပြသနာကြီး ၂ ကြိမ် ဖြစ်ပွားခဲ့ပြီးပါပြီ။ အဲဒါတွေကတော့ ၂၀၁၂ ခုနှစ်က ဖြစ်ပွားခဲ့တဲ့ ဘာသာရေး လူမျိုးရေးဆန်တဲ့ အကြမ်းဖက်မှုတွေနဲ့ ၂၀၁၆-၂၀၁၇ မှာ ဖြစ်ပွားခဲ့တဲ့ ARSA အဖွဲ့ရဲ့ အကြမ်းဖက် တိုက်ခိုက်မှုအပြီး နောက်ဆက်တွဲ ပေါ်ပေါက်လာတဲ့ တပ်မတော်ရဲ့ နှိမ်နင်းမှု၊ နေအိမ်အမြောက်အများ မီးရှို့ခံရမှုတွေ နဲ့ သန်းတစ်ဝက်ကျော် ရှိမယ့် မူဆလင်တွေ ဘင်္ဂလားဒေ့ရှ်နိုင်ငံထဲ ထွက်ပြေးမှု ပြသနာကြီးပဲ ဖြစ်ပါတယ်။

အခုတစ်ကြိမ် စိုးရိမ်တာကတော့ မူဆလင်တွေရဲ့ ပြသနာ ဟုတ်ပုံမရပါဘူး။ ဒေသခံ ရခိုင်တိုင်းရင်းသားတွေနဲ့ လုံခြုံရေးနဲ့ အုပ်ချုပ်ရေးပိုင်းက ရခိုင်မဟုတ်သူတွေရဲ့ ပြသနာ ဖြစ်နိုင်ပါတယ်။ အဲဒီကနေ တဆင့် ရခိုင်တိုင်းရင်းသားတွေ နဲ့ ရခိုင်တိုင်းရင်းသား မဟုတ်သူတွေကြား အမုန်းတရားတွေကနေ တဆင့် ပဋိပက္ခကြီး ဖြစ်ပွားမလာစေရေး ပဲ ဖြစ်ပါတယ်။

ဒီကော်မတီအတွက် ပေးထားတဲ့ လုပ်ငန်းတာဝန်တွေကတော့ ရခိုင်ပြည်နယ် အေးချမ်းသာယာရေး အတွက် ကွင်းဆင်းလေ့လာတာ၊ တွေ့သင့်တဲ့သူတွေနဲ့ တွေ့တာ၊ အစိုးရရဲ့ မူဝါဒတွေကို ရှင်းလင်းတာနဲ့ အကြံဉာဏ် ရယူတာတွေ လုပ်ပြီး အစိုးရကို ပြန် အကြံပေးရမယ်လို့ ဆိုပါတယ်။ နောက်တစ်ခုကတော့ ရခိုင်ပြည်နယ် အစိုးရအဖွဲ့၊ လွှတ်တော်နဲ့ ပြည်သူတွေကြား လိုအပ်တဲ့ စေ့စပ်ညှိနှိုင်းမှုတွေ ဆောင်ရွက်ပေးဖို့ ဖြစ်ပါတယ်။ ဒီ တာဝန်ပေးချက်တွေကိုကြည့်ရင် ရခိုင်ပြည်နယ်မှာ အစိုးရနဲ့ လွှတ်တော်၊ အစိုးရနဲ့ ပြည်သူ၊ သဘောထားတွေ နက်နက်ရှိုင်းရှိုင်း ကွဲပြားနေတာကို သိနိုင်ပါတယ်။

ဒါပေမယ့် တကယ့်တကယ် ပြန်ဆန်းစစ်ကြည့်ရင် လက်ရှိ ပဋိပက္ခ ပြသနာတွေဟာ တပ်မတော်နဲ့ ရခိုင် AA တပ်ဖွဲ့ တိုက်ပွဲတွေ ပြင်းထန်လာပြီးမှ၊ တိုက်ပွဲနဲ့ ဆက်နွှယ်တဲ့ ပြသနာတွေ ပြည်သူတွေကြား ပျံ့နှံ့လာပြီးမှ ပိုရှေ့တန်းရောက်လာတာမို့ ပြသနာရဲ့ အရင်းခံကို မဖြေရှင်းပဲနဲ့တော့ တည်ငြိမ်အေးချမ်းမှုကို ရနိုင်မှာ မဟုတ်ပါဘူး။ လက်ရှိ ရှေ့တန်းရောက်လာတဲ့ ပြသနာကို ဒီထက် ရှင်းအောင်ပြောရရင် AA တပ်ဖွဲ့ကို သောင်းကျန်းသူ ဆိုပြီး အပြုတ်တိုက်ဖို့ ကြိုးစားနေတဲ့ တပ်မတော်နဲ့ AA ကိုထောက်ခံတဲ့ ရခိုင်တိုင်းရင်းသားတွေရဲ့ ပြသနာပဲ ဖြစ်နေပါတယ်။ ရခိုင်တိုင်းရင်းသားတွေ ဆိုရာမှာ ရခိုင်နိုင်ငံရေးသမား ထိပ်တန်းခေါင်းဆောင်တွေလည်း ပါဝင်ကြပါတယ်။ လက်ရှိ သမ္မတ က ဖွဲ့စည်းပေးလိုက်တဲ့ ကော်မတီ က ကော်မတီဝင် တစ်ချို့ အပါအဝင် ရခိုင်နိုင်ငံရေးသမားနဲ့ ခေါင်းဆောင် အတော်များများဟာ AA တပ်ဖွဲ့ကို ဆန့်ကျင်သူတွေ မဟုတ်ကြပါဘူး။ ၂၀၁၅ ဝန်းကျင် ရခိုင်ပြည်နယ်မှာ တပ်မတော်နဲ့ AA တိုက်ပွဲတွေ စ ဖြစ်ကတည်းက AA ဟာ သူ့မိခင်ဌာနေကို သူ ပြန်လာတာပဲ ဆိုပြီး ထောက်ခံခဲ့ကြသူတွေ များပါတယ်။ ဒါကြောင့် ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး ဆိုရင် ပထမဦးဆုံး လုပ်ဖို့ လိုတာက စစ်ပွဲကို ရောက်တဲ့နေရာကနေ ရပ်ဖို့ လိုပါတယ်။ တိုက်ပွဲတွေ ရပ်ပြီးနောက် နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးကြဖို့ လိုပါတယ်။ နောက်ထပ် လိုတာက အရင် စစ်အာဏာရှင်ခေတ်ကတည်းက ဖိနှိပ်ရေးယန္တယား အဖြစ် ဖွဲ့ထားတဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနကို ရခိုင်တိုင်းရင်းသားတွေနဲ့ ချစ်ကြည်ရင်းနှီးမှုရှိတဲ့၊ ပြည်သူလူထုကို အလုပ်အကျွေးပြုမယ့် အဖွဲ့အစည်းအဖြစ် အသွင်ပြောင်းလဲဖို့ပါ။ လက်ရှိ အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာနဟာ ရွေးကောက်ခံ အစိုးရအောက်၊ ပြည်ထောင်စု အစိုးရအဖွဲ့ရုံး ဝန်ကြီးဌာန လက်အောက် ရောက်လာပြီမို့ အပြောင်းအလဲ လုပ်လို့ ရနိုင်ပါတယ်။ ဒီအခြေခံတွေ အောက်မှာမှ အစိုးရနဲ့ လွှတ်တော်၊ အစိုးရနဲ့ ရခိုင်တိုင်းရင်းသားတွေကြား စေ့စပ်ညှိနှိုင်းမှု လုပ်ပေးဖို့ အဆင်ပြေပါလိမ့်မယ်။

ဒါပေမယ့် ရခိုင်ပြည်နယ်မှာ အစိုးရ၊ တပ်မတော်နဲ့ ရခိုင်တိုင်းရင်းသားတွေချည်းပဲ ပြေလည်နေလို့လည်း မပြီးသေးပါဘူး။ ရခိုင်ပြည်နယ်မှာ နေထိုင်နေတဲ့ တစ်သန်းကျော်မယ့် မူဆလင်တွေအရေး ကောင်းကောင်းမွန်မွန် ကိုင်တွယ်ဖြေရှင်းပေးဖို့လည်း လိုပါဦးမယ်။ အခု ဖွဲ့စည်းပေးလိုက်တဲ့ ကော်မတီကိုတော့ အဲဒီတာဝန် ပေးလိုက်ပုံ မရပါဘူး။ ဒါပေမယ့်လည်း အစိုးရကို အကြံပေးလို့ ရနိုင်ပါသေးတယ်။ တကယ်တော့ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေး၊ အဲဒီမှာ နေထိုင်ကြတဲ့ ရခိုင်၊ ရခိုင်မဟုတ်သူတွေ နဲ့ မူဆလင်တွေ သဟဇာတ ရှိရှိနေနိုင်ရေးဟာ ကော်မတီတွေ ဖွဲ့ပေးရုံနဲ့ ပြေလည်သွားမှာ မဟုတ်ပဲ တကယ့် ပြသနာဇစ်မြစ်ကို ရှာဖွေ ဖြေရှင်းမှ ရနိုင်မှာ ဖြစ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG