သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သူရဦးရွှေမန်း ပါတီထောင်တာ ဘာ ထူးခြားမလဲ


Thura U Shwe Mann (Photo- Thura U Shwe Mann's facebook)
Thura U Shwe Mann (Photo- Thura U Shwe Mann's facebook)

၃ နှစ်ကျော်ကြာ နိုင်ငံရေး စင်မြင့်မှာ ထင်ထင်ရှားရှား မနေပဲ လွှတ်တော် ကော်မရှင် တစ်ခုရဲ့ ဥက္ကဌ အဖြစ်လောက်ပဲ တာဝန်ယူထားတဲ့ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်းဟာ ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၅ ရက်နေ့မှာတော့ သူဦးဆောင် တည်ထောင်မယ့် ပြည်ထောင်စု ကောင်းကျိုးဆောင် ပါတီကို ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဆီမှာ မှတ်ပုံတင် လျောက်ထားလိုက်ပါပြီ။ တစ်ချိန်က သမ္မတ ဖြစ်ချင်တယ်၊ သမ္မတ ဖြစ်အောင် ကြိုးစားမယ်လို့ ထုတ်လည်း ထုတ်ပြော၊ တကယ်လည်း သမ္မတ ဖြစ်အောင် တွန်းတွန်းတိုက်တိုက် အစွမ်းကုန် ကြိုးစားခဲ့တဲ့ သူရဦးရွှေမန်း တစ်ယောက် အခုတစ်ကြိမ် ပါတီထောင်ရာမှာ နိုင်ငံရေး ရည်မှန်းချက် ဘယ်လောက် အထိ ထားမလဲ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ သူတည်ထောင်မယ့် ပါတီဟာ ဘယ်လို ပါတီမျိုး ဖြစ်နိုင်မလဲ၊ ဘယ်သူတွေက အဓိက ဦးဆောင်ပြီး ဘယ်သူတွေကို စည်းရုံးမလဲ၊ သူ့ပါတီ တည်ထောင်လိုက်ခြင်းအားဖြင့် နိုင်ငံရေးလောကထဲ ဘယ်လောက် သက်ရောက်မှု ရှိစေမလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

သိပ်မဝေးသေးတဲ့အချိန်ကို ပြန်ကြည့်လိုက်ရင် ၂၀၁၁ မတိုင်ခင် စစ်အာဏာရှင် အစိုးရ လက်ထက်တုန်းက သူရဦးရွှေမန်းဟာ တပ်မတော်မှာ ဗိုလ်ချုပ်ကြီးအဆင့်နဲ့ နိုင်ငံရဲ့ နံပတ်(၃) စစ်ခေါင်းဆောင်ပါ။ စစ်အစိုးရကနေ ဟန်ပြ အရပ်သားအစိုးရ အပြောင်းအလဲ လုပ်တဲ့အချိန် အဲဒီအချိန်က အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ဘယ်သူ့ကို ဘယ်ရာထူးတွေမှာ ထားမယ် ဆိုတာ အသေအခြာ စီစဉ်ပြီး သူနဲ့ နံပတ်(၂) ခေါင်းဆောင်ဖြစ်တဲ့ ဒုဗိုလ်ချုပ်မှူးကြီးမောင်အေး တို့နှစ်ယောက် အနားယူသွားကြပါတယ်။ ထူးခြားတာ တစ်ခုကတော့ သူတို့နှစ်ယောက်ပြီးရင် ရာထူးအကြီးဆုံးဖြစ်တဲ့ သူရဦးရွှေမန်းကို သမ္မတ ရာထူး မပေးပဲ သူ့ထက် အဆင့်နိမ့်တဲ့ ဗိုလ်ချုပ်ကြီးသိန်းစိန်ကို သမ္မတ ရာထူးပေးခဲ့ပြီး သူ့ကိုတော့ အသစ်ပေါ်ပေါက်လာတဲ့ ပြည်သူ့လွှတ်တော် ဥက္ကဌ တာဝန်ပဲ ပေးအပ်ခဲ့ပါတယ်။ အဲဒါဟာ စစ်အာဏာရှင်တွေ စိတ်ကြိုက်ရေးဆွဲခဲ့တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေ အရဆိုရင်တော့ တိုင်းပြည်မှာ နံပတ်(၄) အဆင့်ရှိ ခေါင်းဆောင်ပါ။ ဒါပေမယ့် နိုင်ငံရေးရည်မှန်းချက်ကြီးတဲ့ သူရဦးရွှေမန်းကတော့ အဲဒီအချိန်မှာ သမ္မတ ဖြစ်ခွင့်မရပေမယ့် နောင် ၅ နှစ်သက်တန်းလောက်ကျရင် သမ္မတ ဖြစ်နိုင်အောင် ကြိုးလည်း ကြိုးစား၊ နောက်ပိုင်း တရားဝင် ထုတ်ပြောတာမျိုးလည်း လုပ်ခဲ့ပါတယ်။

အရင် စစ်အာဏာရှင်တွေရဲ့ ရည်မှန်းချက်နဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ကြည့်ရင် သူရဦးရွှေမန်း သမ္မတ ဖြစ်ဖို့ဆိုတာ လွယ်ကူတဲ့ ကိစ္စ မဟုတ်ပါဘူး။ အကြောင်းကတော့ အရင် စစ်အာဏာရှင်တွေဟာ သူတို့ အနားမယူမီ၊ အပြောင်းအလဲတွေ မလုပ်မီ အခြေခံ အဆောက်အဦနဲ့ နိုင်ငံ့ဘဏ္ဍာ အမြောက်အများ ရရှိထားတဲ့ ပြည်ခိုင်ဖြိုးအသင်းကို ပြည်ခိုင်ဖြိုးပါတီ အဖြစ် အသွင်ပြောင်းထားပြီး တပ်မတော် စစ်ခေါင်းဆောင် အဆက်ဆက် အဲဒီ ပါတီကို အသုံးပြုပြီး နိုင်ငံ့အုပ်ချုပ်ရေးမှာ နှစ်ပေါင်းများစွာ ဆက်ပြီး ချုပ်ကိုင်သွားဖို့ စနစ်တကျ အစီအစဉ် လုပ်ထားလို့ပါပဲ။ တပ်မတော်ခေါင်းဆောင်ကနေ ပြည်ခိုင်ဖြိုးပါတီ၊ အဲဒီကနေ သမ္မတ၊ ဒုသမ္မတ ဝန်ကြီးလုပ်၊ အဲဒီကနေ လွှတ်တော်ထဲသွားပြီး အစိုးရကို ထိန်းကျောင်း၊ ပြီးရင် လုံး၀ အနားယူ ဆိုတဲ့ ပုံသဏ္ဍာန်မျိုးပါ။ အဲလိုဖြစ်စေဖို့ ပြည်ခိုင်ဖြိုးပါတီဟာ ရွေးကောက်ပွဲတွေမှာ ၃၄ ရာခိုင်နှုန်းလောက် နိုင်ရင်ကို အဆင်ပြေပါတယ်။ အဲဒါဟာ တပ်မတော်ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီး သမ္မတ မြှောက်နိုင်၊ အစိုးရဖွဲ့နိုင်တဲ့ အရည်အတွက်မို့ပါ။ အဲလောက် မဲရဖို့ကလည်း မခက်ပါဘူး။ အကြောင်းကတော့ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ ရွေးကောက်ပွဲ ကော်မရှင်လိုမျိုးကိုလည်း စစ်ဗိုလ်ချုပ်ဟောင်းတွေက အပြည့်အ၀ ထိန်းချုပ်ထားပြီး ဘယ်လို မသမာမှုမျိုးမဆို လုပ်နိုင်လို့ပါပဲ။ တကယ်လည်း ၂၀၁၀ ရွေးကောက်ပွဲမှာ စစ်အစိုးရဟာ အဲဒီအတိုင်း လုပ်ခဲ့ပါတယ်။

ဒီလို အခြေအနေမျိုးမှာ သူရဦးရွှေမန်း သမ္မတ ဖြစ်ရေး အိပ်မက် အကောင်အထည် ဖော်ရတာ အတော်ခက်ခဲကြမ်းတမ်းပါတယ်။ ပထမ တစ်ချက်ကတော့ သူဟာ ပြည်ခိုင်ဖြိုးပါတီရဲ့ နံပတ်တစ် ခေါင်းဆောင်ဖြစ်ဖို့ လိုပါတယ်။ ကံအားလျော်စွာ ပါတီဥက္ကဌ ဦးသိန်းစိန် သမ္မတ ဖြစ်သွားလို့ ပါတီတာဝန် ထမ်းဆောင် မရတဲ့အခြေအနေအောက်မှာ ပြည်ခိုင်ဖြိုးပါတီဟာ သူရဦးရွှေမန်း လက်ထဲ ရောက်သွားပါတယ်။ အရင် ဝန်ကြီးလို ဘ၀ မျိုးတွေကနေ လွှတ်တော်ထဲ ရောက်သွားတဲ့၊ နောင်တစ်ချိန် အနားပေးခံရတော့မယ့် ပြည်ခိုင်ဖြိုး ထိပ်တန်းခေါင်းဆောင် အမတ်တွေကိုလည်း သူရဦးရွှေမန်းက ပိုင်ပိုင်နိုင်နိုင် စည်းရုံးနိုင်သွားခဲ့ပါတယ်။ ပြည်ခိုင်ဖြိုးတွေ လွှမ်းမိုးထားတဲ့ လွှတ်တော်ဟာ သူရဦးရွှေမန်း လွှတ်တော်လို့တောင် ပြောလာနိုင်ပါတယ်။

ဒါပေမယ့် အဲလောက်နဲ့ မရသေးပါဘူး။ ဒုသမ္မတ တစ်နေရာ ရယူနိုင်တဲ့၊ သမ္မတ ရွေးချယ်ရာမှာ ၂၅ ရာခိုင်နှုန်း လက်ဝယ်ရှိထားတဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်နဲ့ အခြားစစ်ဗိုလ်ချုပ်တွေက သူ့ကို သဘောမကျရင်၊ အကျိုးစီးပွားခြင်း ထိပ်တိုက်တိုးရင် သူ သမ္မတ မဖြစ်နိုင်ပြန်ပါဘူး။ ဒီအခါ သူရဦးရွှေမန်းဟာ တပ်မတော်ခေါင်းဆောင်တွေ နိုင်ငံရေးလောကထဲဝင်ရင် သူ့လက်အောက် ရောက်ရေး ဖွဲ့စည်းပုံကိုပါ ပြင်ဖို့ ကြိုးစားရပါတော့တယ်။

အဲဒီအချိန်က ဖွဲ့စည်းပုံပြင်ရေး ကော်မတီကို သူရဦးရွှေမန်း လမ်းညွှန်တဲ့အထဲမှာ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတတွေနဲ့ ပြည်ထောင်စုဝန်ကြီး အဆင့်တွေကို ခန့်အပ် တာဝန်ပေးရာမှာ ရွေးကောက်ခံ ကိုယ်စားလှယ် ဖြစ်ရမယ် ဆိုတဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ တပ်မတော်ထဲက ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ဘယ်စစ်ဗိုလ်ချုပ်တွေဖြစ်ဖြစ် သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီးလုပ်ချင်ရင် တပ်က အနားယူပြီး ရွေးကောက်ပွဲ ဝင်ဖို့ လိုပါလိမ့်မယ်။ ရွေးကောက်ပွဲဝင်ရင် ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ပဲ ဝင်ရမှာဖြစ်လို့ သူ့ဦးဆောင်မှုအောက်ကနေ၊ သူနေရာချထားပေးတဲ့ နေရာကနေ ရွေးကောက်ပွဲ ဝင်ကြရမယ့် သဘောဖြစ်ပါတယ်။ သူပြင်စေချင်တာသာ ပြင်နိုင်ခဲ့ရင် သူရဦးရွှေမန်း သမ္မတ ဖြစ်ဖို့ လမ်းစ ပွင့်ကောင်း ပွင့်လာနိုင်ပါတယ်။ ဒါပေမယ့် သူပြင်ချင်တဲ့ အချက်ဟာ တပ်မတော်ခေါင်းဆောင်တွေကို အမျက်ဒေါသ ထွက်စေပြီး နောက်ဆုံး ၂၀၁၅ သြဂုတ်လ ၁၂ ရက်နေ့ ညမှာ ပါတီခေါင်းဆောင် နေရာကပါ အတင်းအကြပ် ဖယ်ရှားခံလိုက်ရပါတော့တယ်။ အဲဒီလောက်တောင် မကသေးပါဘူး။ လွှတ်တော် နောက်ပိုင်းကာလ သူ့ဘ၀ လုံလုံခြုံခြုံတောင် သိပ်မရှိခဲ့ပါဘူး။ ရွေးကောက်ပွဲ ရှုံးပြီးနောက် သူ့သေနတ်ကို ခေါင်းအုံးအောက်မှာ ချတာကို သူ့ဇနီးတွေ့သွားတော့ မလိုတော့ဘူး ဆိုပြီး ပြောတဲ့အကြောင်း သူ့ကိုယ်တိုင်ရေး စာအုပ်မှာ ဖော်ပြခဲ့ဖူးပါတယ်။ လက်ရှိအချိန်ထိ သူ့ကို ဥက္ကဌနေရာ ပေးထားတဲ့ ပြည်ထောင်စုလွှတ်တော် ဥပဒေရေးရာနှင့် အထူးကိစ္စရပ်များ လေ့လာသုံးသပ်ရေး ကော်မရှင်ကိုလည်း ဖွဲ့စည်းပုံနဲ့ အညီ ဖွဲ့ထားတဲ့ အဖွဲ့ မဟုတ်ဘူးဆိုပြီး တပ်မတော်ဘက်က အမြဲတစေ ကန့်ကွက်နေဆဲပါ။

ဒီလိုအခြေအနေအောက်မှာ သူရဦးရွှေမန်း ပါတီထောင်တာပါ။ သူဟာ အရင်က တပ်မတော်ထဲမှာ အဆင့်မြင့် တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ဖူးတာ၊ လွှတ်တော်ခေါင်းဆောင်ဘ၀ ကလည်း ပြည်ခိုင်ဖြိုးအမတ် အများစု သူ့ဘက်က ရှိခဲ့တာ၊ လက်ရှိ သူတည်ထောင်မယ့် ပါတီမှာလည်း အငြိမ်းစား စစ်အရာရှိတွေ၊ ပြည်ခိုင်ဖြိုးဟောင်းတွေလို ပုဂ္ဂိုလ်မျိုးတွေ ဦးဆောင် ပါဝင်နေတာကိုကြည့်ခြင်းအားဖြင့် သူစည်းရုံးနိုင်မယ့်၊ သူ့ကိုထောက်ခံမယ့် အင်အားအများစုဟာ စစ်မှုထမ်းဟောင်းတွေနဲ့ ပြည်ခိုင်ဖြိုးပါတီထဲကပဲ ဖြစ်နိုင်ဖွယ်ရှိနေပါတယ်။ လက်ရှိ တိုင်းရင်းသား မဟုတ်တဲ့ ပါတီတွေထဲမှာ ပြည်သူ အများစုကြီးဟာ NLD ကို ထောက်ခံကြပြီး အရည်အတွက် ရာခိုင်နှုန်း နည်းပေမယ့် ပြည်ခိုင်ဖြိုးကတော့ ဒုတိယ လိုက်ပါတယ်။ ဒီအတွက် သူရဦးရွှေမန်း ပါတီ ထောင်တာဟာ အင်န်အယ်လ်ဒီ ပါတီအတွက် သိပ်ပြီး အကျိုးသက်ရောက်မှု ရှိမှာ မဟုတ်ပေမယ့် လက်ရှိ ပြည်ခိုင်ဖြိုးပါတီထောက်ခံသူတွေကို ခွဲေ၀ ရယူသွားနိုင်တာမို့ လာမယ့် ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီအတွက် ထိုးနှက်ချက် တစ်ရပ် ဖြစ်လာဖွယ် ရှိကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG