ပြီးခဲ့တဲ့ ဇူလိုင် ၂၀ ရက်နေ့ကနေ ၂၂ ရက်နေ့အထိ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပမယ့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU အစည်းအဝေးကို ထိုင်းနိုင်ငံဆိုင်ရာ မြန်မာစစ်သံရုံးက တောင်းဆိုခဲ့တဲ့အတွက် ထိုင်းအာဏာပိုင်တွေက တားမြစ်ပိတ်ပင်ခဲ့တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ မြန်မာနိုင်ငံဘက် အခြမ်းက လက်နက်ကိုင် တပ်ဖွဲ့တွေ လာပြီး အစည်းအဝေး လုပ်နေကြတာ အဆန်းတကြယ် ကိစ္စ မဟုတ်ပါဘူး။ အတော်လေး ကာလ ကြာမြင့်ခဲ့ပါပြီ။ အရင်ခေတ်က လျှို့ဝှက်ပြီး လုပ်ကြပေမယ့် အခုနောက်ပိုင်း အစိုးရနဲ့ တပ်မတော်ကိုယ်တိုင် ပြည်တွင်းငြိမ်းချမ်းရေး အကောင်အထည် ဖော်လာပြီးတဲ့နောက် အစည်းအဝေးတွေ ပေါ်ပေါ်တင်တင်ပဲ လုပ်ကြတာ တွေ့မြင်ရပါတယ်။ အဲဒီအထဲမှာ NCA လက်မှတ် ထိုးမထားတဲ့ အဖွဲ့တွေ၊ အစိုးရနဲ့ အပစ်ရပ်စာချုပ် တစ်ခုတလေမှ ရေးထိုးမထားတဲ့ အဖွဲ့တွေ ပါသလို၊ အစိုးရက အသိအမှတ်ပြုမထားတဲ့ အဖွဲ့တွေလည်း ပါဝင်တာတွေ့ရပါတယ်။ ဒါပေမယ့် အခု ရှမ်းပြည် ညီညွတ်ရေးကော်မတီ အစည်းအဝေးလို တားမြစ်ခံရတာမျိုး မကြားမသိကြရပါဘူး။ ဒါ့အပြင် အခု တားမြစ်မှုဟာ သက်ဆိုင်ရာ မြန်မာအစိုးရ သံရုံးဘက်က တားမြစ်တာမဟုတ်ပဲ စစ်သံရုံးဘက်က တားမြစ်တယ် ဆိုတဲ့ ကိစ္စကလည်း ထူးခြားနေပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေး အကောင်အထည် ဖော်မှုနဲ့ ပတ်သက်ပြီး တပ်မတော်ရဲ့ သဘောထား ပြောင်းလဲသွားပြီလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။
အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အရင် သမ္မတ ဦးသိန်းစိန် လက်ထက်မှာ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ်ရပ်စဲရေး ပြည်တွင်း ငြိမ်းချမ်းရေး လုပ်ငန်းတွေ စ ပြီး အကောင်အထည် ဖော်ပါတယ်။ သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ ငြိမ်းချမ်းရေး အကောင်အထည် ဖော်မှု လုပ်ငန်းစဉ်ကတော့ လက်နက်ကိုင် အဖွဲ့တွေနဲ့ အရင်ဆုံး အပစ်အခတ် ရပ်စဲရေး စာချုပ်တစ်ခု ရအောင် ချုပ်ဆိုမယ်၊ ပြီးရင် စာချုပ်ပါအတိုင်း တိုက်ပွဲတွေ မဖြစ်အောင် ထိန်းသိမ်းမှုတွေ လုပ်သွားမယ်၊ အဲဒီလို လုပ်နေရင်း နိုင်ငံရေး ဆွေးနွေးပွဲတွေ ကျင်းပသွားမယ်၊ နိုင်ငံရေးဆွေးနွေးပွဲတွေကနေ သဘောတူညီချက်တွေ ရလာတဲ့အခါကျမှ အဲဒီ အချက်တွေကို ဖွဲ့စည်းပုံထဲမှာ ပြင်ဆင်ပြီး ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကြီး တည်ဆောက်သွားမယ် ဆိုတဲ့ မူပါ။ အလွန်ထူးခြားတာကတော့ လက်နက်ကိုင် တိုင်းရင်းသားတွေ အနေနဲ့ အပစ်ရပ်ပြီး၊ နိုင်ငံရေးဆွေးနွေးပွဲတွေမှာ သဘောတူညီချက် မရမချင်း ကိုယ့်နယ်မြေ ကိုယ်ထိမ်းသိမ်းထားခွင့်၊ ကိုယ့်အဖွဲ့အစည်းနဲ့ကိုယ်၊ ကိုယ့်လက်နက်ကိုင် တပ်ဖွဲ့နဲ့ ကိုယ် ရပ်တည်ခွင့် ရရှိမယ် ဆိုတဲ့ အခြေအနေမျိုး ဖြစ်ပါတယ်။ အဓိပ္ပါယ်ကတော့ ငြိမ်းချမ်းရေး လုပ်ငန်း အကောင်အထည် ဖော်ရာမှာ အစိုးရနဲ့ တပ်မတော်ဘက်က တိုင်းရင်းသား လက်နက်ကိုင်တွေကို လက်နက်ချပါ၊ လက်နက်အပ်ပါ၊ လက်နက်နဲ့ ငြိမ်းချမ်းရေး လဲပါ လို့ ပြောမှာ မဟုတ်ဘူး ဆိုတာပါပဲ။
နောက်ထပ် ထူးခြားတာ တစ်ခုက အစိုးရနဲ့ ဆွေးနွေးဖို့ အတွက် လက်နက်ကိုင် တိုင်းရင်းသားတွေဘက် သူတို့ အချင်းချင်း တွေ့ဆုံ ညှိနှိုင်း အစည်းအဝေး လုပ်ကြဖို့လဲ လိုတယ်ဆိုပြီး အစိုးရဘက်ကို တင်ပြမှု ဖြစ်ပါတယ်။ တကယ်တော့ မြန်မာနိုင်ငံ မြောက်ပိုင်းကနေ တောင်ပိုင်း နယ်စပ်တွေတလျောက် ပျံ့ကျဲနေတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ စုစုစည်းစည်း အစည်းအဝေး လုပ်ဖို့ဆိုတာ အလွန်မလွယ်ကူပါဘူး။ အရင် တိုက်ကြခိုက်ကြ ခေတ်ကာလတွေတုန်းကတော့ တောင်ပိုင်းက အဖွဲ့နဲ့ မြောက်ပိုင်းက အဖွဲ့ တွေ့ဆုံဆွေးနွေးပွဲ လုပ်ဖို့ ဆိုတာ ရက်ပေါင်း လပေါင်းများစွာကြာအောင် တိုက်ပွဲမျိုးစုံ၊ အခက်အခဲမျိုးစုံ ဖြတ်သန်းပြီးမှ တွေ့ကြရ၊ အစည်းအဝေး လုပ်ခွင့်ရတာပါ။
ဒါပေမယ့် သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက်မှာတော့ လက်နက်ကိုင်တိုင်းရင်းသားတွေ သူတို့ အချင်းချင်း တွေ့ဆုံ အစည်းအဝေး လုပ်ချင်တာကို မတားဆီးတဲ့အပြင် အံသြစရာကောင်းလောက်အောင် အကူအညီတောင် ပေးလိုက်ပါသေးတယ်။ ဒီလိုနဲ့ လိုင်ဇာ ကွန်ဖရင့်၊ လော်ခီးလာ ကွန်ဖရင့် ဆိုတာမျိုး ပေါ်ပေါက်လာတာပါ။ ဒါတင်မက နောက်ပိုင်း လက်နက်ကိုင် တိုင်းရင်းသား ခေါင်းဆောင်တွေကို မြို့ပေါ်မှာ အစည်းအဝေးလုပ်တာ၊ သူတို့ လူထုနဲ့ သူတို့ တွေ့ဆုံ ဆွေးနွေးကြတာကိုလည်း ခွင့်ပြုပေးခဲ့ပါတယ်။
နောက်ဆုံး လက်ရှိ အစိုးရ၊ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ သဘောတူညီချက် ရခဲ့တဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် NCA ဆိုရင်လည်း လက်နက်ကိုင် တိုင်းရင်းသားတွေဘက်က အဆိုပြုတဲ့ အချက်တွေကနေ စ ပြီး ရေးဆွဲထားတဲ့ မူ ဖြစ်နေတာပါ။ ဒီနေရာမှာ ထူးခြားတာ တစ်ခုက သမ္မတ ဦးသိန်းစိန် အစိုးရရဲ့ အဲဒီ ငြိမ်းချမ်းရေး အကောင်အထည်ဖော်မှုကို ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ တပ်မတော်က အပြည့်အ၀ ထောက်ခံ လိုက်ပါ အကောင်အထည်ဖော် တာပါ။ အစိုးရနဲ့ တပ်မတော်ဘက်က အဲလို အကောင်အထည် ဖော်ခဲ့တာကြောင့်လည်း နှစ်ပေါင်း ၆၀ ကျော် တိုက်ပွဲဝင်လာတဲ့ ကရင်တိုင်းရင်းသား လက်နက်ကိုင် တပ်ဖွဲ့အပါအဝင်အဖွဲ့တစ်ချို့ရဲ့ ယုံကြည်မှုကို ရရှိပြီး၊ နောက်ဆုံး NCA စာချုပ်ကို လက်မှတ်ထိုးနိုင်တဲ့ အခြေအနေအထိ ရောက်ခဲ့တာပါ။
အခုဆိုရင် ငြိမ်းချမ်းရေးကို ကိုယ်ကျိုးမပါ တကယ် အကောင်အထည် ဖော်မယ်လို့ လက်နက်ကိုင် တိုင်းရင်းသားတွေ အများစုက ယုံကြည်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရ တက်လာပါပြီ။ ဒေါ်အောင်ဆန်းစုကြည် အစိုးရဟာ ငြိမ်းချမ်းရေးသည်သာ ပထမ၊ ငြိမ်းချမ်းရေးသည်သာ ဒုတိယ၊ ငြိမ်းချမ်းရေးသည်သာ တတိယ လို့ ပြောရလောက်အောင် ငြိမ်းချမ်းရေး အကောင်အထည်ဖော်ရေး လုပ်ငန်းကို အထူးဦးစားပေးနေတာ တွေ့မြင်ရပါတယ်။ ဒါပေမယ့် ငြိမ်းချမ်းရေး အကောင်အထည်ဖော်နေမှုဟာ မျှော်မှန်းထားသလောက် တိုးတက်တာ မတွေ့ကြရပါဘူး။ ဒီအထဲမှာ တပ်မတော်နဲ့ လက်နက်ကိုင် တိုင်းရင်းသားတွေ တစ်ဖက်နဲ့ တစ်ဖက် ယုံကြည်မှုလျော့နည်းလာတဲ့အချက်လည်း ပါဝင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ငြိမ်းချမ်းရေးကို အစိုးရနဲ့ တပ်မတော်ဘက်က ဦးဆောင် အကောင်အထည် ဖော်နေတာမို့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အောင်မြင်ဖို့ ဆိုရင် အစိုးရနဲ့ တပ်မတော်ကို လက်နက်ကိုင် တိုင်းရင်းသားတွေဘက်က သံသယ ရှင်းရှင်းနဲ့ ယုံကြည်မှုတွေ ရှိလာစေဖို့ အတော်လေး အရေးကြီးပါတယ်။ ယုံကြည်မှု ရှိလာလေလေ၊ ရင်းနှီးလာလေလေ၊ ငြိမ်းချမ်းရေး လုပ်ငန်းတွေ လုပ်ကိုင်ရ လွယ်ကူ အောင်မြင်မှု ရလေလေ ဆိုတာ ဝန်ကြီးဟောင်း ဦးအောင်မင်း ဦးဆောင်တဲ့ ငြိမ်းချမ်းရေး လုပ်ငန်း အကောင်အထည်ဖော်ရေး ကော်မတီရဲ့ ဆောင်ရွက်ချက်တွေက သက်သေပြနေပြီးသားလည်း ဖြစ်ပါတယ်။
လက်ရှိ အခြေအနေမှာ တပ်မတော် အနေနဲ့ တိုင်းပြည်ကာကွယ်ရေး တာဝန်တွေ ယူနေရသလို၊ အခြားတစ်ဖက်မှာ ပြည်တွင်းစစ် ရပ်စဲရေး၊ ငြိမ်းချမ်းရေး တည်ဆောက်နိုင်ရေး အတွက် လက်နက်ကိုင် တိုင်းရင်းသားတွေရဲ့ ယုံကြည်မှုရအောင် ကြိုးစားပြဖို့လည်း လိုပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းက ထိုင်းနိုင်ငံ ချင်းမိုင်မြို့မှာ ကျင်းပမယ့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ အစည်းအဝေးကို ပိတ်ပင်ချင်တယ် ဆိုရင်တောင် အစိုးရနဲ့ ညှိနှိုင်းသင့်ပါတယ်။ အစိုးရနဲ့ ညှိနှိုင်းသဘောတူညီချက်ယူပြီးနောက် တားဆီးပိတ်ပင်မှုကို မြန်မာသံရုံးက တဆင့် ဆောင်ရွက်တာမျိုးက ပိုပြီး သင့်တော်ပါတယ်။ အခုလို တပ်မတော်ဘက်က ထိုင်းအစိုးရဘက်ကို တိုက်ရိုက် ပြောဆို ပိတ်ပင်လိုက်ခြင်းအားဖြင့် ရှမ်းအပါအဝင် တိုင်းရင်းသားတွေရဲ့ မယုံကြည်မှု၊ သံသယ ဖြစ်မှုတွေသာ ပေါ်ပေါက်လာမှာ ဖြစ်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ်မှာပါ ထိခိုက်မှု ရှိလာနိုင်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။