သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တကယ်ပဲ တိုးတက်လာပြီလား


Çinin mərkəzi Henan vilayətində Jenqju şəhərində leysan yağışlar daşqınlara səbəb olub. 
Çinin mərkəzi Henan vilayətində Jenqju şəhərində leysan yağışlar daşqınlara səbəb olub. 

ပြီးခဲ့တဲ့ ဖေဖေါ်ဝါရီ ၁၃ ရက် ဗိုလ်ချုပ်အောင်ဆန်း မွေးနေ့က နေပြည်တော်မှာ အစိုးရနဲ့ တိုင်းရင်းသား အဖွဲ့နှစ်ဖွဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ် စာချုပ် NCA လက်မှတ်ရေးထိုးပွဲ ကြီးကြီးကျယ်ကျယ် ခန်းခန်းနားနား ကျင်းပခဲ့ပါတယ်။ အစိုးရသစ် တက်လာတဲ့ ၂၀၁၆ ခုနှစ် ဧပြီလကစ ဒေါ်အောင်ဆန်းစုကြည် ကိုယ်တိုင် ဦးဆောင် အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် တိုးတက်မှု မရှိဘူး၊ တိုးတက်မှု နှေးကွေးနေတယ် ဆိုတဲ့ ဝေဖန်မှုတွေ ရှိနေချိန် ခုလို မွန်ပြည်သစ်ပါတီနဲ့ လားဟူ အဖွဲ့ နှစ်ဖွဲ့ NCA လက်မှတ်ရေးထိုးလိုက်မှုဟာ အစိုးရသစ်ရဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တိုးတက်မှုတွေ ရှိနေပါတယ် ဆိုပြီး ပြသစရာ နမူနာ တစ်ခု ဖြစ်စေခဲ့ပါတယ်။ ဒါပေမယ့် ဒါဟာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တကယ်ပဲ ထင်ရှားတဲ့ တိုးတက်ဖြစ်ထွန်းမှု ဟုတ်ပါရဲ့လား၊ ရှေ့အလားအလာ ဘာတွေ ဖြစ်လာနိုင်မလဲ ဆိုတာ ခုတစ်ပတ် လေ့လာသုံးသပ် တင်ပြသွားပါ့မယ်။

လက်မှတ်ထိုးတဲ့ နှစ်ဖွဲ့မှာ မွန်ပြည်သစ်ပါတီဟာ နိုင်ငံရေးပါတီ၊ လက်နက်ကိုင် တပ်ဖွဲ့နဲ့၊ အဲဒီ တပ်ဖွဲ့က ထိန်းချုပ်တဲ့ နယ်မြေ ရှိတဲ့ အဖွဲ့ဖြစ်ပါတယ်။ လားဟူ ဒီမိုကရက်တစ် အစည်းအရုံးကတော့ ပြည်ပရောက် နိုင်ငံရေး အဖွဲ့အစည်းတစ်ခုပါ။ ဒီအတွက် မွန်ပြည်သစ်ပါတီ NCA လက်မှတ်ထိုးတာဟာ အရေးကြီးပြီး ဘာကြောင့် လက်မှတ်ထိုးရသလဲ ဆိုတာ အရင် ဆန်းစစ်ကြည့်ဖို့ လိုပါတယ်။ မွန်ပြည်သစ် ပါတီဟာ အရင် သမ္မတ ဦးသိန်းစိန် အစိုးရ လက်ထက်ကတည်းက အစိုးရနဲ့ အပစ်အခတ် ရပ်စဲရေး သဘောတူထားတဲ့ အဖွဲ့အစည်းဖြစ်ပြီး NCA စာချုပ်ကို ညှိနှိုင်း ပြုစုကြရာမှာ အခြားသော လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ အတူပါဝင်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။ ၂၀၁၅ ခုနှစ် NCA လက်မှတ်ထိုးကြတော့ အားလုံး ပါဝင်နိုင်ခြင်း မရှိလို့ ဆိုတဲ့ အကြောင်းပြချက်အောက်မှာ ကေအိုင်အေ ကချင်လက်နက်ကိုင် အဖွဲ့၊ SSPP ရှမ်းလက်နက်ကိုင် အဖွဲ့တွေနည်းတူ လက်မှတ်ရေးထိုးရာမှာ မပါဝင်ပဲ ချန်နေရစ်ခဲ့တဲ့ အဖွဲ့ဖြစ်ပါတယ်။

နောက်ပိုင်း ညီညွတ်သော တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ UNFC အဖွဲ့ဝင် အဖြစ် အစိုးရနဲ့ NCA လက်မှတ်ထိုးနိုင်ရေး ဆက်ပြီး ညှိနှိုင်းရာမှာ ပါဝင်ခဲ့ပါတယ်။ အဲဒီအချိန်က NCA မှာ ပါဝင် လက်မှတ်ရေးထိုးနိုင်ရေး UNFC ဘက်က အချက်(၈) ချက် တင်ပြတောင်းဆိုခဲ့ပါတယ်။ အဲဒီ တောင်းဆိုချက်အပေါ် မူတည်ပြီး အစိုးရနဲ့ UNFC ၁၇ လ အတွင်း (၈) ကြိမ် တွေ့ဆုံဆွေးနွေးမှု ရှိခဲ့ပါတယ်။ ဒီကြားထဲ UNFC ထဲကနေ KIO အပါအဝင် လက်နက်ကိုင် အဖွဲ့တစ်ချို့ နှုတ်ထွက်သွားတာကြောင့် အခုနောက်ဆုံး မွန်ပြည်သစ်၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ KNPP၊ ရခိုင်အမျိုးသားကောင်စီ နဲ့ လားဟူ ဒီမိုကရက်တစ် အစည်းအရုံး စုစုပေါင်း ၄ ဖွဲ့ပဲ ကျန်ရစ်ပါတယ်။ ဒီအထဲကမှ မွန်ပြည်သစ်နဲ့ ကရင်နီ နှစ်ဖွဲ့ပဲ လက်နက်ကိုင်တပ်ဖွဲ့နဲ့ နယ်မြေ ရှိတာပါ။ ဒီအခြေအနေအောက်မှာ မွန်ပြည်သစ်ပါတီနဲ့ လားဟူ အဖွဲ့ NCA လက်မှတ်ထိုးရဖို့ အခြေအနေ ဖြစ်လာတာပါ။

အခုလို NCA လက်မှတ်ထိုးပွဲ မတိုင်ခင် မွန်ပြည်သစ် ပါတီဟာ သူ့ရဲ့ ရဟန်းရှင်လူ ပြည်သူတွေနဲ့ တွေ့ဆုံမှုတွေ၊ သဘောထား တောင်းခံတာတွေ လုပ်ပါတယ်။ မွန်ပြည်သူလူထုရဲ့ သဘောထားကတော့ NCA စာချုပ်ကို လက်မှတ်ထိုးပြီး အစိုးရနဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ပါပဲ။ အကြောင်းကတော့ မြန်မာနိုင်ငံ တောင်ပိုင်း ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနင်္သာရီတိုင်းမှာ လက်နက်ကိုင် အဖွဲ့ အတော်များများ ရှိပေမယ့် မွန်ပြည်သစ်ကလွဲရင် KNU အပါအဝင် အခြား လက်နက်ကိုင် အားလုံးလိုလို NCA လက်မှတ်ထိုးထားပြီးသား ဖြစ်နေလို့ပါပဲ။

အဲလို NCA လက်မှတ်ထိုးထားပြီး မတရားအသင်းကနေ ပယ်ဖျက်ထားပြီး ဖြစ်တဲ့ လက်နက်ကိုင် အဖွဲ့တွေ ထိန်းချုပ်ရာ နယ်မြေက ပြည်သူတွေဟာ နဂိုကလို အကြောက်တရား လွှမ်းမိုးမှု သက်သက်အောက်မှာ နေထိုင်ရတာမျိုး မဟုတ်တော့ပဲ ကူးသန်းသွားလာ၊ လုပ်ကိုင်စားသောက်၊ ကိုယ့်ဘဝကိုယ် တိုးတက်ရေး အတွက် အထိုက်အလျောက် လုပ်ကိုင်လာနိုင်ပါတယ်။ လမ်းပန်းဆက်သွယ်ရေးတွေ အရင်ကထက် ပိုကောင်းမွန်လာတာကလည်း အဲဒီအချက်ကို အထောက်အပံ့ဖြစ်စေပါတယ်။

ဒါတွေကို နယ်မြေ တစ်ဆက်တစ်စပ်တည်းဖြစ်တဲ့ မွန်လူထုကလည်း သိမြင်ပြီး အဲလို ငြိမ်းချမ်းမှုမျိုး လိုလားကြပုံရပါတယ်။ ဒီလိုနဲ့ မွန်ပြည်သစ် ပါတီဟာ သူ့ပြည်သူလူထုရဲ့ အကျိုးကို ရှေ့ရှုပြီး အခုလို NCA လက်မှတ်ထိုးရေး လမ်းကြောင်းပေါ်ကို ရောက်လာတာပါ။ ချုပ်ပြီးပြောရရင် အစိုးရနဲ့ ငြိမ်းချမ်းရေး ကော်မရှင်ရဲ့ စွမ်းဆောင်ချက်တွေကြောင့် မွန်ပြည်သစ် ပါတီ NCA ထိုးလာတာမျိုး မဟုတ်ပဲ ငြိမ်းချမ်းရေး ယူထားတဲ့ ဒေသတွေက ပြည်သူလူထု အခြေအနေမျိုး မွန်လူထုက လိုလားတာကြောင့်လို့ ဆိုရင် ပိုမှန်ပါလိမ့်မယ်။

တကယ့်တကယ် ငြိမ်းချမ်းရေးမှာ ထူးခြားတဲ့ တိုးတက်မှုကို ပြဖို့ ဆိုရင်တော့ ကေအိုင်အေ ကချင်လက်နက်ကိုင် အဖွဲ့လိုမျိုးနဲ့ အပစ်အခတ် ရပ်စဲမှု လုပ်နိုင်တာ၊ NCA ထိုးလာအောင် ဆွဲဆောင်နိုင်တာ၊ နိုင်ငံရေး စားပွဲဝိုင်းပေါ် ရောက်အောင် စည်းရုံးနိုင်တာ စတာတွေ လုပ်နိုင်ဖို့ လိုပါတယ်။ တစ်ပြိုင်နက်တည်း တအဲန်းပလောင် အဖွဲ့လို၊ AA အဖွဲ့လိုမျိုးနဲ့ တွေ့ဆုံညှိနှိုင်းနိုင်ခဲ့ရင်လည်း ငြိမ်းချမ်းရေးအတွက် တိုးတက်မှုတွေပါပဲ။ အကြောင်းကတော့ တပ်မတော်နဲ့ အဲဒီ အဖွဲ့တွေ မကြာခဏ ဆိုသလို ထိတွေ့တိုက်ပွဲတွေ ဖြစ်နေကြပြီး၊ အဲဒီ အခြေအနေတွေက နယ်မြေဒေသ မအေးချမ်းမှုကို ဖြစ်ပေါ်နေစေလို့ပါပဲ။

ပြီးခဲ့တဲ့ NCA လက်မှတ်ထိုးပွဲကြီးမှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် မိန့်ခွန်းပြောပါတယ်။ သူ့ မိန့်ခွန်းရဲ့ အဓိက ဆိုလိုရင်းကတော့ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေနဲ့ အပစ်အခတ် ရပ်စဲမှု ခိုင်မြဲအောင် လုပ်မယ်၊ နိုင်ငံရေးဆွေးနွေးမှုတွေ ဆက်လုပ်မယ်၊ ကျန်တဲ့ အဖွဲ့တွေနဲ့ ထိတွေ့ပြီးတော့လည်း NCA လက်မှတ်ထိုးလာအောင် ကြိုးစားသွားမယ် ဆိုပြီး ဖြစ်ပါတယ်။ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် မွန့်ခွန်းကလည်း အလားတူပါပဲ။ ဒီအတွက် အစိုးရဘက်မှာ NCA အပြင် အခြား လမ်းကြောင်း တစ်စုံတစ်ရာ မရှိဘူးလို့ ဆိုလိုရာလည်း ရောက်ပါတယ်။ အခြားတစ်ဖက်မှာတော့ မြန်မာနိုင်ငံရဲ့ အင်အားကြီး လက်နက်ကိုင် အဖွဲ့အစည်းတွေ ဖြစ်တဲ့ ဝ၊ မိုင်းလား၊ ကချင် စတဲ့ အဖွဲ့တွေဟာ မြောက်ပိုင်း မဟာမိတ် အဖွဲ့အနေနဲ့ စုဖွဲ့ပြီး၊ သူတို့တွေကို တပ်ပေါင်းစု အနေနဲ့ တွေ့ဆုံခွင့်ပေးဖို့၊ NCA မဟုတ်တဲ့ အခြားလမ်းကြောင်း တစ်ခုခု နဲ့ ညှိနှိုင်းဖို့ တောင်းဆိုထားပါတယ်။ အခု လက်ရှိ အစိုးရဘက်ကတော့ အဲဒီ အဖွဲ့တွေစုပေါင်းထားတဲ့ မဟာမိတ် အဖွဲ့ကို လက်ခံတွေ့ဆုံဖို့ အစီအစဉ် မရှိသေးသလို၊ NCA မဟုတ်တဲ့ အခြားနည်းလမ်းတစ်ခုခု ရှာဖွေ ဆွေးနွေးဖို့လည်း လက်ခံပုံမရပါဘူး။ ဒီအတွက် ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ဆက်ပြီး ခက်ခဲနေဦးမယ့် အနေအထား တွေ့မြင်နေရပါတယ်။

မြန်မာ့ငြိမ်းချမ်းရေး အတွက် အဖြစ်နိုင်ဆုံး နည်းလမ်းကတော့ မြန်မာနိုင်ငံ မြောက်ပိုင်းက လက်နက်ကိုင် အဖွဲ့အစည်းတွေ NCA လမ်းကြောင်းပေါ် ရောက်လာအောင် အစိုးရနဲ့ တပ်မတော်ဘက်က အလုပ်နဲ့ သက်သေပြခြင်းပါပဲ။ အဲဒါကတော့ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ NCA လမ်းကြောင်းအတိုင်း ဆွေးနွေးညှိနှိုင်းနေစဉ် ကာလမှာကိုပဲ နိုင်ငံရေးအရ တိုးတက် ဖြစ်ထွန်းမှု ရှိတယ် ဆိုတာ ပြသဖို့ပါ။ တိုင်းရင်းသားတွေနဲ့ ညှိနှိုင်း၊ အလုံးစုံ ပြေလည်မှုရမှ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု ကို စပြီး တည်ဆောက်ကြမယ် ဆိုတာမျိုးထက် ခုအချိန်ကတည်းက စ ပြီး အကောင်အထည် ဖော်သွားကြဖို့ပါ။ အဲဒီထဲမှာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး၊ တပ်မတော်အနေနဲ့ နိုင်ငံရေးနယ်ပယ်ထဲ အများကြီး ဝင်ရောက်နေရာကနေ နောက်ဆုတ်ပေးရေး စတာတွေလည်း ပါဝင်ပါတယ်။ ဒါတွေကို လက်တွေ့လုပ်ကိုင် ပြသနိုင်ခြင်း မရှိခဲ့ရင် ငြိမ်းချမ်းရေးရဖို့ ဆိုတာလည်း လွယ်ကူမှာ မဟုတ်ပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG