သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော်နဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူ၊ ဒဏ်ခတ်၊ ပိတ်ဆို့သင့်လား


ရိုဟင်ဂျာအရေး အမေရိကန် အောက်လွှတ်တော်ကြားနာပွဲ
ရိုဟင်ဂျာအရေး အမေရိကန် အောက်လွှတ်တော်ကြားနာပွဲ

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း မြန်မာနိုင်ငံ ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်ပွားခဲ့တဲ့ ပြသနာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အစည်းအဝေးမှာ တံခါးဖွင့် အစည်းအဝေး လုပ်ခဲ့သလို၊ အမေရိကန် အောက်လွှတ်တော်မှာလည်း ကြားနာပွဲ တစ်ခု ပြုလုပ်ခဲ့ပါတယ်။ ဒီစည်းဝေးပွဲနဲ့ ကြားနာပွဲကနေ ထင်ထင်ရှားရှား ပေါ်ထွက်လာတဲ့ အချက်တစ်ခုကတော့ အနောက်နိုင်ငံ အစိုးရတွေဟာ လက်ရှိ မြန်မာနိုင်ငံမှာ ရွေးကောက်ခံ အစိုးရနဲ့ တပ်မတော် အင်အားစု နှစ်ရပ် အပြိုင် အုပ်ချုပ်နေတဲ့ အခြေအနေကို အသိအမှတ်ပြု ပြောဆိုခဲ့ကြသလို၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ သူ့အစိုးရကိုတော့ ထောက်ခံပါရဲ့ ဒါပေမယ့် လက်ရှိ သူတို့အခေါ် ရိုဟင်ဂျာတွေ သိန်းနဲ့ချီ နေရပ်စွန့်ခွာ ထွက်ပြေးမှုကို ဖြစ်ပေါ်စေမှုမှာတော့ တပ်မတော်က တာဝန်ရှိတယ်လို့ ယူဆပြီး တပ်မတော်နဲ့ တပ်မတော် ခေါင်းဆောင် တစ်ချို့ကို အရေးယူ ပိတ်ဆို့မှုတွေ ချမှတ်သင့်တယ်လို့ ပြောဆိုမှုတွေတောင် ရှိခဲ့ပါတယ်။ လက်ရှိ ရခိုင်ပြည်နယ်က ပြသနာတွေ ပြေလည်နိုင်ရေး၊ နိုင်ငံတွင်းမှာ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေး မြှင့်တင်နိုင်ဖို့ အတွက် သူတို့ပြောကြသလို၊ တပ်မတော်နဲ့ တပ်မတော် ခေါင်းဆောင်တွေကို အရေးယူ ပိတ်ဆို့ဖို့ သင့်တော်ရဲ့လား ဆိုတာ လေ့လာ ဆွေးနွေးကြည့်ကြရအောင်ပါ။

လုံခြုံရေးကောင်စီ အစည်းအဝေးမှာ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအဖွဲ့ရဲ့ ဒုတိယအမြဲတမ်းကိုယ်စားလှယ် Jonathan Allen ရဲ့ ပြောဆိုချက်က တင်းမာပါတယ်။ "လက်ရှိ ပဋိပက္ခဟာ နိုင်ငံတကာ မျက်နှာစာမှာ မြန်မာနိုင်ငံရဲ့ ဂုဏ်သိက္ခာအပြင် မြန်မာ ခေါင်းဆောင်တွေနဲ့ မြန်မာစစ်တပ်အပေါ် အရိပ်မဲကြီး ထင်စေတာ ဖြစ်ပါတယ်။ မြန်မာအာဏာပိုင်တွေအနေနဲ့ သမိုင်းမှာ ဘယ်လို ရပ်တည်မလဲဆိုတာ အဆုံးအဖြတ်ပေးကြရမယ့် အချိန်ရောက်ပါပြီ။" ဆိုပြီး ပြောဆိုပါတယ်။ ကုလသမဂ္ဂဆိုင်ရာ အမေရိကန်သံအမတ်ကြီး Nikki Haley ရဲ့ ပြောဆိုချက်က အဲဒီထက်တောင် ပို ပြင်းထန်ပါတယ်။ သူက “လက်ရှိပဋိပက္ခကိုဖြေရှင်းဖို့ မြန်မာစစ်တပ်အနေနဲ့ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားလိုက်နာရပါမယ်။ ချိုးဖောက်မှုတွေ ကျူးလွန်ခဲ့ကြသူတွေကို ချက်ချင်းတာဝန်ကနေရပ်ဆိုင်းပြီး သူတို့ကျူးလွန်ခဲ့တဲ့ အမှုတွေအတွက်လည်း ဥပဒေအရ သူတို့ကို အရေးယူကြရမှာဖြစ်ပါတယ်။ ဒါအပြင် မြန်မာစစ်တပ်ကို လက်ရှိလက်နက်ရောင်းချနေတဲ့ နိုင်ငံမှန်သမျှလည်း စစ်တပ်က ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအပေါ် အရေးယူမှုတွေ ပြီးစီးတဲ့အထိ လက်နက်ရောင်းချမှုအားလုံးတို့ကို ဆိုင်းငံ့ရပါမယ်။” ဆိုသည်အထိ ပြောဆိုခဲ့ပါတယ်။

အလားတူ အမေရိကန် အောက်လွှတ်တော် ကြားနာပွဲ အတွင်းမှာ ဟာရီတိတ် ဖေါင်ဒေးရှင်း အာရှလေ့လာရေးဌာန ညွှန်ကြားရေးမှူး ဝေါ်လ်တာလိုမန် ကတော့ လက်ရှိ မြန်မာနိုင်ငံမှာ အစိုးရနဲ့ စစ်တပ်ဆိုပြီး လုပ်ပိုင်ခွင့် အာဏာရယူထားတဲ့ အင်အားစု နှစ်စုရှိတဲ့အကြောင်း၊ လက်ရှိ ပြသနာတွေအတွက် စစ်တပ်ကို လေ့ကျင့်ပေးနေတာတွေကို ရပ်ဆိုင်းထားသင့်တဲ့အပြင် အရင်တုန်းကလို မြန်မာစစ်ခေါင်းဆောင်တွေကို ပစ်မှတ်ထား ဒဏ်ခတ် အရေးယူပိတ်ဆို့တာတွေ လုပ်သင့်တယ် ဆိုပြီး မှတ်ချက်ပေးခဲ့ပါတယ်။

ဒီနေရာမှာ မြန်မာ့တပ်မတော်နဲ့ ပတ်သက်ပြီး နိုင်ငံတကာ အစိုးရတွေအနေနဲ့ ဘယ်လို ချဉ်းကပ် ဆောင်ရွက်ခဲ့လို့ ဘယ်လို အကျိုးဆက်တွေ ဖြစ်ပေါ်ခဲ့သလဲ ဆိုတာ ပြန်ပြီး ဆန်းစစ်ကြည့်ဖို့ လိုပါလိမ့်မယ်။ ၂၀၁၁ ခုနှစ် မတိုင်မီ အချိန်ထိ မြန်မာ့တပ်မတော်ဟာ ကမ္ဘာပေါ်က လူ့အခွင့်အရေး အချိုးဖေါက်ဆုံးသော တပ်မတော်တွေထဲ စာရင်းဝင်ခဲ့ပါတယ်။ တိုင်းပြည်ကို စစ်အာဏာသိမ်းပြီး အာဏာရှင် စနစ်နဲ့ အုပ်ချုပ်တာ၊ တိုင်းရင်းသား ပြည်သူတစ်ရပ်လုံးကို ဒီမိုကရေစီ အခွင့်အရေး လူ့အခွင့်အရေး မပေးပဲ အကြီးအကျယ် ဖိနှိပ်ချုပ်ချယ်ခဲ့တာ၊ ပြည်တွင်းစစ်အတွင်း ရှေ့တန်းမှာ တိုင်းရင်းသားတွေကို မတော်မတရား ပြုကျင့်တာ၊ နိုင်ငံအနှံ့ ပေါ်တာတွေဆွဲပြီး နှိပ်စက်ညှင်းပန်းတာ၊ အဲဒီ ပေါ်တာတွေကို လူသား မိုင်းရှင်းကရိယာတွေ အဖြစ် အသုံးချတာ၊ အတင်းအားဓမ္မ စစ်သားစုဆောင်းတာ၊ ကလေးစစ်သား အသုံးပြုတာ စတဲ့ စတဲ့ ပြစ်မှုမျိုးစုံ ကျူးလွန်ခဲ့တယ် ဆိုပြီး ဝေဖန်ပစ်တင် ခံရတဲ့ မှတ်တမ်းရှိခဲ့ပါတယ်။

အဲဒီ ခေတ်ကာလ တလျောက်လုံး အနောက်နိုင်ငံတွေကနေ မြန်မာနိုင်ငံနဲ့ စစ်ခေါင်းဆောင်တွေအပေါ် နှစ်ပေါင်းများစွာ အရေးယူ ဒါဏ်ခတ်ပတ်ဆို့မှုတွေ လုပ်ခဲ့ပေမယ့် ထူးထူးခြားခြား ထိရောက်မှု ရှိခဲ့တယ် ဆိုတဲ့ သက်သေ အထောက်အထား သိပ်မတွေ့မြင်ကြရပါဘူး။

၂၀၁၁ ခုနှစ် သမ္မတ ဦးသိန်းစိန်နဲ့ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်ထက်ရောက်တော့ နိုင်ငံရေးအရ ဖြေလျော့ပေးတာတွေ၊ တပ်မတော်နဲ့ ပတ်သက်ပြီး ပြုပြင်ပြောင်းလဲတာတွေ စ လုပ်ပါတယ်။ လက်နက်ကိုင် တိုင်းရင်းသားတွေနဲ့ အပစ်အခတ် ရပ်စဲရေး ပေါ်ပေါက်အောင် သမိုင်းမှာ ဘယ်အစိုးရမှ မလုပ်ခဲ့ဘူးတဲ့ လိုက်လျောမှုတွေနဲ့ ချဉ်းကပ်ဆောင်ရွက်ပါတယ်။ အဲဒီလို အခြေအနေတွေအောက်မှာ အမေရိကန်နဲ့ အနောက်နိုင်ငံတွေ ဘက်ကလည်း အရေးယူ ပိတ်ဆို့ ဒါဏ်ခတ်တာတွေကို တဖြေးဖြေး ဖြေလျော့ပေးခဲ့သလို၊ အစိုးရ၊ တပ်မတော်နဲ့ ထိတွေ့ဆက်ဆံမှုတွေ လုပ်ပါတယ်။ ဒီလို ထိတွေ့ ဆက်ဆံမှုရဲ့ သွယ်ဝိုက်သော အကျိုးဆက် အနေနဲ့ အချိန်တိုအတွင်း ၂၀၁၅ ခုနှစ်မှာ ပြည်သူလူထုက ရွေးကောက် တင်မြှောက်လိုက်တဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရ ပေါ်ပေါက်လာပြီး အသွင်ကူးပြောင်းရေး အခြေအနေ စတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ့တဲ့ ပြသနာတွေနဲ့ ပတ်သက်ပြီး တပ်မတော် ခေါင်းဆောင်တွေဘက်မှာ ပြသနာ နှစ်ခု ရှိနိုင်ပါတယ်။ တစ်ခုက ရခိုင်ပြည်နယ်က မူဆလင်တွေကို ခိုးဝင်သူတွေလို့ သူတို့က သတ်မှတ်ပြီး အဲဒီလူတွေကို လက်မခံနိုင်၊ လက်ခံလိုက်ရင် အချုပ်အခြာ အာဏာ ထိပါးခံရတာပဲ ဆိုတဲ့ ခံယူချက်မျိုးဖြစ်ပါတယ်။ နောက်ပြသနာ တစ်ခုကတော့ ရခိုင်ပြည်နယ်မှာ ဖြစ်ပွားတဲ့ အကြမ်းဖက်မှုကို ကိုင်တွယ်ပုံဖြစ်ပါတယ်။ ဒီ ပြသနာနှစ်ခုနဲ့ ပတ်သက်ရင် ပထမ ခံယူချက်ပြသနာကိုတော့ တပ်မတော် စစ်ခေါင်းဆောင်တွေ နားလည်လာအောင် စည်းရုံးရှင်းပြရမှာဖြစ်ပြီး၊ အမျှော်အမြင်ရှိရှိ ဖြေရှင်းရာမှာ ပါဝင်လာအောင် ဆွဲဆောင်ရမှာ ဖြစ်ပါတယ်။ အကြမ်းဖက်မှုကို ကိုင်တွယ်ပုံနဲ့ ပတ်သက်လို့ကတော့ ဘာတွေ မှားခဲ့သလဲ ဆိုတာ ဝေဖန် ထောက်ပြဖို့ ဖြစ်ပါတယ်။ ၂၀၁၆ အောက်တိုဘာ အကြမ်းဖက်မှုကို နှိမ်နင်းစဉ်ကလည်း အလားတူ စွတ်စွဲခံရတဲ့ ပြသနာ ကြုံခဲ့ပြီး တပ်မတော်ဟာ သူ့ ကိုယ်ပိုင် စုံစမ်းရေးကော်မတီဖွဲ့၊ ကိုယ့်ဖာသာ ကိုယ်ဖြေရှင်းခဲ့တဲ့ သာဓကလည်း ရှိခဲ့ပါတယ်။ လက်ရှိမှာလည်း ဥပဒေမဲ့ ပြုမူမှုတွေကို တပ်မတော် ခေါင်းဆောင်တွေ ကိုယ်တိုင် ဖြေရှင်းတဲ့ လမ်းကြောင်းပေါ် ရောက်အောင် ဖန်တီးပေးဖို့ပဲ ဖြစ်ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ကလည်း အဲလိုဖြစ်အောင် ကြိုးစားနေတာ တွေ့မြင်နိုင်ပါတယ်။ ဒီလိုမှ မဟုတ်ပဲ လက်ရှိ အမေရိကန်၊ ဗြိတိန် သံတမန်တွေ ပြောဆိုနေသလို၊ မြန်မာ့တပ်မတော် နဲ့ စစ်ခေါင်းဆောင်တွေ အပေါ် ပစ်မှတ်ထား အရေးယူ ဒါဏ်ခတ် ပိတ်ဆို့တာတွေ လုပ်လာခဲ့ရင် တပ်မတော်ရဲ့ လုပ်ဆောင်ချက်တွေဟာ ကောင်းတဲ့ဘက်ကို ရောက်မလာပဲ အခြားတစ်ဖက်စွန်းကို ရောက်သွားနိုင်တဲ့ အနေအထားမျိုး ကြုံကောင်းကြုံရနိုင်ပါတယ်။ ဒါဟာ ရခိုင်ပြည်နယ်အတွက်ရော၊ မြန်မာနိုင်ငံအတွက်ပါ ကောင်းတဲ့ အခြေအနေမျိုး မဟုတ်ပါဘူး။

ဒီလို အတွေ့အကြုံမျိုး အနောက်နိုင်ငံတွေကနေ စစ်အာဏာရှင်တွေအပေါ် အရေးယူဒါဏ်ခတ် ပိတ်ဆို့မှု လုပ်ခဲ့တဲ့ ရှည်လျားလှတဲ့ ကာလကို ကြည့်ပြီး သင်ခန်းစာ ယူနိုင်ပါတယ်။ ဒါကြောင့် လက်ရှိ ရခိုင်ပြည်နယ် ပြသနာနဲ့ ပတ်သက်ပြီး အနောက်နိုင်ငံတွေ အနေနဲ့ တပ်မတော်နဲ့ စစ်ခေါင်းဆောင်တွေကို အရေးယူ ပိတ်ဆို့ဒါဏ်ခတ်ဖို့ ပြောနေမယ့်အစား ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရအဖွဲ့ရဲ့ လုပ်ကိုင်ဆောင်ရွက်မှုတွေကို ပူးပေါင်းကူညီခြင်းသည်သာ ရခိုင်ပြည်နယ် ပြသနာနဲ့ မြန်မာနိုင်ငံပြသနာကို ကူညီဖြေရှင်းပေးရာ ရောက်မှာ ဖြစ်ပါတယ်။ ဒါ့အပြင် တပ်မတော်ကို ပရော်ဖက်ရှင်နယ် တပ်မတော်အဖြစ် မြှင့်တင်ရေး အကူအညီ ပေးရာ ရောက်မှာ ဖြစ်သလို၊ မြန်မာနိုင်ငံရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီ အရေးကို မြှင့်တင်ရာမှာလည်း အားပေးအားမြှောက် ပြုရာ ရောက်မှာ ဖြစ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG