အခုရက်ပိုင်း သတင်းမီဒီယာသမားတွေ၊ နိုင်ငံရေးသမားတွေ၊ လွှတ်တော် အမတ်တွေ စိတ်ဝင်စားနေကြတဲ့ ကိစ္စတခုကတော့ ရန်ကုန်တိုင်း အစိုးရကနေ Eleven မီဒီယာက အယ်ဒီတာ သုံးယောက်ကို ပုဒ်မ ၅၀၅(ခ) နဲ့ ဖမ်းပြီး ထောင်ထဲ ထည့်ထားလိုက်တဲ့ အမှုပါ။ ရန်ကုန်တိုင်း အစိုးရရဲ့ အဲဒီ လုပ်ရပ်ကို မြန်မာနိုင်ငံ သတင်းမီဒီယာကောင်စီ အပါအဝင် ပြည်တွင်း ပြည်ပ မီဒီယာ အဖွဲ့အစည်းတွေက အပြင်းအထန် ဝေဖန်ရှုတ်ချကြပါတယ်။ NLD အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပြောခွင့်ရပုဂ္ဂိုလ်၊ ပြန်ကြားရေး ဒုဝန်ကြီး နဲ့ NLD အမတ်တွေကလည်း မထောက်ခံကြပါဘူး။ ပြသနာ ဘယ်လို ဖြစ်ရတာပါလဲ၊ ဝေဖန်ချက် ဆောင်းပါး ရေးသားဖော်ပြရုံနဲ့ မီဒီယာသမားတွေကို ခုလို အာမခံ မရနိုင်တဲ့ ပုဒ်မတပ်ပြီး ဖမ်းဆီးထောင်ထဲထည့်ခဲ့တဲ့ ရန်ကုန်တိုင်း အစိုးရအဖွဲ့ရဲ့ လုပ်ရပ် မှန်ပါရဲ့လား ဆိုတာ ခုတပတ် လေ့လာသုံးသပ်ကြည့်ကြရအောင်ပါ။
ဇာတ်လမ်းဟာ ပြီးခဲ့တဲ့ တစ်ပတ် ရန်ကုန်တိုင်း လွှတ်တော် အစည်းအဝေးက စတယ်လို့ ပြောနိုင်ပါတယ်။ တိုင်းလွှတ်တော် အစည်းအဝေးမှာ တိုင်းစာရင်းစစ်ချုပ် အစီရင်ခံစာတင်၊ အဲဒီ အစီရင်ခံစာပါ အချက်တွေအပေါ် မူတည်ပြီး အမတ် အတော်များများက တိုင်းအစိုးရကို အပြင်းအထန် ဝေဖန်ကြပါတယ်။ အဲလိုဝေဖန်တဲ့အထဲ NLD အမတ်တွေ အများစု ပါဝင်ပါတယ်။ တချို့အမတ်တွေကဆိုရင် ပြည်သူ့ဘဏ္ဍာငွေ အသုံးပြုပုံနဲ့ ပတ်သက်ပြီး တိုင်းအစိုးရဟာ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ကျော်လွန်လုပ်ဆောင်နေတယ် ဆိုသည်အထိ ထောက်ပြကြသလို၊ ဘီလျံနဲ့ချီတဲ့ ချေးငွေတွေ ရယူထားတာဟာလည်း လွှတ်တော်ရဲ့ ခွင့်ပြုချက်နဲ့ ရယူထားတာတွေ မဟုတ်ပဲ လူပုဂ္ဂိုလ်နာမည်တွေနဲ့ ချေးထားတာ ဖြစ်တဲ့အတွက် ပြန်ဆပ်ရမယ့်ကိစ္စ လွှတ်တော်က သဘောမတူဘူး ဆိုသည်အထိ ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပါတယ်။ ရန်ကုန်တိုင်း အစိုးရဘက်ကတော့ စာရင်းစစ်ချုပ် အစီရင်ခံစာနဲ့ ပတ်သက်ပြီး ဘာမှ မယ်မယ်ရရ ရှင်းလင်းတာ၊ ချေပတာ မတွေ့ရပါဘူး။ ဒီလိုနဲ့ တိုင်းလွှတ်တော်ကနေ စာရင်းစစ်ချုပ် အစီရင်ခံစာကို အတည်ပြုပေးလိုက်ပါတယ်။
နောက်ပိုင်းမှာတော့ စစ်ရင်းစစ်ချုပ် အစီရင်ခံစာပါ အချက်တွေ၊ လွှတ်တော်တွင်း အမတ်တွေရဲ့ ပြောစကားတွေကို အခြေခံပြီး ဝေဖန်ချက်ဆောင်းပါးတွေ ရေးကြတာကိုလည်း တွေ့မြင်လာရပါတယ်။ အဲဒီထဲမှာ အခု တရားစွဲခံရတဲ့ Eleven က ဆောင်းပါးလည်း ပါဝင်ပါတယ်။ ဆောင်းပါးကတော့ အောက်တိုဘာ ၈ ရက်နေ့ထုတ် Eleven ဂျာနယ် စာမျက်နှာ ၂၆ မှာ ဖော်ပြထားတဲ့ “ အမြဲရှုံးနေတဲ့ စက်သုံးဆီဆိုင်တွေ ပိတ်ရေး၊ ငွေချေးသူ ဘယ်သူမှန်း မသိတဲ့ ကျောင်းကားနဲ့ လူနာမည်ပေါက် ပြည်သူ့ရှယ်ယာ” ဖြစ်ပြီး ရေးသားသူက ဖြိုးဝေပါ။ ဆောင်းပါးရဲ့ တတိယ အပိုဒ်မှာ ရန်ကုန်တိုင်း ကိုကိုးကျွန်းမြို့နယ် အမှတ်(၁) အမတ် ဦးတင်ဝင်းရဲ့ လွှတ်တော်တွင်း ပြောဆိုချက်ကို တိုက်ရိုက်ကုဒ် နဲ့ ဖော်ပြထားပါတယ်။
အမတ် ဦးတင်ဝင်းက “ Yangon Metropolitan Development Public Co.,Ltd ရဲ့ ရင်းနှီးမြှုပ်နှံမှုမှာ အစုရှယ်ယာ ပိုင်ဆိုင်မှုတွေကို တစုကို တသိန်းနှုန်းနဲ့ လူပုဂ္ဂိုလ် နာမည်တွေနဲ့ ဖော်ပြထားတာကို တွေ့ရပါတယ်။ ဥပမာ ဦးမြင့်သောင်း အဖွဲ့ကိုယ်စား ဆိုရင် အစုရှယ်ယာပေါင်း ၆၃၉၅၀၀၊ ဒေါ်နီလာကျော် ၁၀၀၊ ဦးအောင်မျိုးထွေး ၁၀၀၊ ဒေါ်မေမေသွယ် ၁၀၀၊ ဦးမြင့်နိုင် ၁၀၀၊ ဦးဝင်းအောင် စီးပွားရေး လုပ်ငန်းရှင် ၁၀၀၊ အစုရှယ်ယာတွေကို အစိုးရရဲ့ အများပိုင်ငွေတွေနဲ့ အစုရှယ်ယာ ဝယ်တဲ့အခါမှာ ပုဂ္ဂလိက နာမည်တွေနဲ့ သုံးထားမယ် ဆိုရင် အကြောင်း တစ်စုံတစ်ခုခုကြောင့် အလွဲအမှား ဖြစ်ခဲ့မယ် ဆိုရင် ပြည်သူ့ဘဏ္ဍာငွေ ဆုံးရှုံးနိုင်မယ်လို့ သုံးသပ်လို့ ရပါတယ်။” ဆိုပြီး ဖော်ပြထားပါတယ်။
အဲဒီအချက်ကိုပဲ ဆောင်းပါးရှင်က “ တိုင်းအစိုးရ စီမံကိန်းနဲ့ ဘဏ္ဍာရေးဝန်ကြီး ဆိုတဲ့ ရာထူးအောက်မှာ ပြည်သူ့ဘဏ္ဍာ ရှယ်ယာတွေကို မထားပဲ ဦးမြင့်သောင်းဆိုတဲ့ နာမည်အောက်မှာ ပြည်သူ့ရှယ်ယာတွေ ထားနေတာက လုပ်ထုံးလုပ်နည်းအရ လွဲမှားမှုတွေ ဖြစ်နေတယ်” ဆိုပြီး ထပ်ဆင့် ဝေဖန်ပါတယ်။
ဒီဆောင်းပါးကို ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲရတဲ့အကြောင်း ရန်ကုန်တိုင်း အစိုးရရဲ့ ရှင်းလင်းချက်မှာတော့ Yangon Metropolitan Development Public Co.,Ltd ဆိုတာဟာ ရန်ကုန်တိုင်း အစိုးရရဲ့ အစုရှယ်ယာ ၅၃၉၅၀၀ နဲ့ Myanmar Construction and Development Co.,Ltd က ရှယ်ယာ ၄၈၆၀၀ နဲ့ ဖွဲ့စည်းထားတာ ဖြစ်တဲ့အကြောင်း၊ တိုင်း စီမံ၊ဘဏ္ဍာဝန်ကြီး ဦးမြင့်သောင်းက တိုင်းအစိုးရကိုယ်စားပြုပြီး ကုမ္ပဏီမှာ ပါဝင်တာ ဖြစ်တဲ့အကြောင်း၊ Eleven ဆောင်းပါးမှာ ဖော်ပြထားသလို ဦးမြင့်သောင်း နာမည်အောက်မှာ ပြည်သူ့ဘဏ္ဍာရှယ်ယာတွေကို ထည့်ဝင်ထားတာ မဟုတ်တဲ့အကြောင်း၊ ဆောင်းပါးရှင်က Eleven ဂျာနယ်မှာ မမှန်မကန် ဖော်ပြရေးသားလို့ ရှယ်ယာထည့်ထားတဲ့ မြန်မာ့ဆောက်လုပ်ရေးနဲ့ ဖွံ့ဖြိုးရေး အများပိုင် ကုမ္ပဏီဘက်က တာဝန်ရှိသူတွေ အစုရှယ်ယာရှင်တွေရဲ့ စိတ်မှာ ထိတ်လန့်တာ၊ စိုးရိမ်တာ၊ ထူထောင်ထားတဲ့ ကုမ္ပဏီကို အများပြည်သူ အယုံအကြည် ပျက်စေတဲ့အပြင် တိုင်းအစိုးရအဖွဲ့ကို ပြည်သူတွေက အကြည်ညိုပျက်ပြီး အယုံအကြည်မဲ့ကာ အများပြည်သူက အစိုးရကို ပြစ်မှုကျူးလွန်လာအောင် ပြုလုပ်လို့ ပုဒ်မ ၅၀၅(ခ) နဲ့ စွဲရတယ်လို့ ဆိုထားပါတယ်။
ရန်ကုန်တိုင်း အစိုးရရဲ့ ရှင်းလင်းချက်အရ ဆောင်းပါးပါ အစုရှယ်ယာ ကိန်းဂဏန်း ကွဲလွဲတယ် ဆိုရင် အမတ်ရဲ့ ပြောဆိုချက်ကိုက မှားနေတာ၊ ဒါတင်မက စာရင်းစစ်ချုပ် အစီရင်ခံစာပါ အချက်ကိုက မှားနေတာ ဖြစ်နိုင်ပါတယ်။ ဝေဖန်ချက်ကလည်း လွှတ်တော်တွင်း အမတ်က တရားဝင် ဝေဖန်တာကို ဆောင်းပါးရှင်က သံယောင်လိုက်ပြီး ဝေဖန်တာလောက်ပဲ ရှိတာပါ။ ဘာမှ သိပ်ထူးတာ မပါပါဘူး။ ဒီအတွက် ရန်ကုန်တိုင်း အစိုးရဟာ အခြား လုပ်နိုင်ကိုင်နိုင်တာ အများကြီး ရှိနေပါလျက် တခုမှ မလုပ်ပဲ အယ်ဒီတာတွေ ဖမ်းဆီး၊ ထောင်ထဲ အပို့ခံရအောင် တရားစွဲတာကတော့ အမှန်တရား၊ ဒါမှမဟုတ် တရားမျှတမှုကို လိုချင်တာ ဟုတ်ရဲ့လား ဆိုတာ မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်။ ရန်ကုန်တိုင်း အစိုးရ လုပ်နိုင်တာက အဖြစ်မှန်ကို သတင်းစာရှင်းလင်းပွဲ လုပ်ပြီး ဆောင်းပါးပါ အချက်မှားနေတာ၊ ကောက်ချက်တွေ မှားနေတာ၊ တစ်နည်းအားဖြင့် တိုင်းအမတ် ဦးတင်ဝင်းရဲ့ ကိန်းဂဏန်းမှားနေတာ၊ ကောက်ချက်ချ လွဲနေတာတွေကို ရှင်းနိုင်ပါတယ်။ အဲလို ရှင်းလိုက်တာနဲ့ နောက်နေ့ မီဒီယာ အားလုံးက ဖော်ပြပြီးတဲ့နောက် ရှင်းလင်းသွားပါလိမ့်မယ်။ အစုရှယ်ယာ တည့်ထားတဲ့ ပုဂ္ဂလိက ကုမ္ပဏီဘက်ကလည်း ဘာမှ စိုးရိမ်ပူပန်မှု ဖြစ်မှာ မဟုတ်ပါဘူး။ ဒါကို မကျေနပ်သေးရင် အမှားပြင်ဆင်ချက် ထည့်ပေးဖို့ Eleven မီဒီယာကို တရားဝင် တိုက်ရိုက် တောင်းဆိုနိုင်ပါတယ်။ ဒါမှမဟုတ် မြန်မာနိုင်ငံ သတင်းမီဒီယာ ကောင်စီကို အကြောင်းကြားပြီး ကိုယ်လိုတာ ပြောဆိုနိုင်ပါတယ်။ ဒီလို တောင်းဆိုတာကို Eleven ဘက်က မလိုက်လျောဘူးဆိုရင် တရားစွဲဆိုဖို့ လုပ်ကိုင်နိုင်ပါတယ်။ တရားစွဲဆိုရာမှာလည်း မျှတမှုရှိအောင် သတင်းမီဒီယာ ဥပဒေနဲ့ ဖြစ်စေ၊ အသရေဖျက်မှု ပုဒ်မ ၅၀၀ နဲ့ ဖြစ်စေ၊ လျော်ကြေး အကြီးအကျယ် တောင်းနိုင်အောင် တရားမမှုနဲ့ ဖြစ်စေ စွဲဆိုနိုင်ပါတယ်။
အခုတော့ ဖြစ်နေတဲ့ ပြသနာနဲ့ သိပ် မသက်ဆိုင်တဲ့ ပုဒ်မ ၅၀၅(ခ) နဲ့ တရားစွဲတာကတော့ မသင့်တော်ပါဘူး။ ဒီ ပုဒ်မဟာ အာမခံ မရနိုင်၊ ဒါကြောင့် မီဒီယာသမားတွေကို ချက်ခြင်း ထောင်ထဲပို့၊ ထောင်ထဲကနေ တရားရင်ဆိုင် စေချင်လို့ သုံးတာလား ဆိုတာကလည်း မေးခွန်းထုတ်စရာပါ။ ဖြစ်စဉ်တခုလုံးကို ခြုံကြည့်လိုက်ရင် ရန်ကုန်တိုင်း အစိုးရအနေနဲ့ လွှတ်တော်တွင်း အကြီးအကျယ် ဝေဖန်ခံရမှုမှာ လွှတ်တော်ကိုတော့ ဘာမှ မတုန့်ပြန်ရဲပဲ အနိုင်ယူလို့ရတဲ့ မီဒီယာကိုပဲ မဲပြီး ဖိနှိပ်တာလို့ ကောက်ချက်ချနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။