သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

၂၀၂၀ မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပြီးသတ်နိုင်မလား


၂၁ ရာစုပင်လုံညီလာခံ သတင်းမှတ်တမ်း ဓာတ်ပုံ
၂၁ ရာစုပင်လုံညီလာခံ သတင်းမှတ်တမ်း ဓာတ်ပုံ

ပြီးခဲ့တဲ့ ဇူလိုင်လ ၁၁ ရက်နေ့က နေပြည်တော်မှာ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံ၊ (၂၁) ရာစုပင်လုံ တတိယ အစည်းအဝေး ဖွင့်ပွဲကျင်းပပါတယ်။ ဖွင့်ပွဲနေ့မှာ နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၊ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၊ KNU ဥက္ကဌ ဗိုလ်ချုပ်ကြီးစောမူတူးစေးဖိုး နဲ့ ရခိုင်အမျိုးသားပါတီ ဒုဥက္ကဌ ဒေါ်အေးနုစိန် တို့ အမှာစကား ပြောကြပါတယ်။ ထူးခြားတာ တစ်ခုကတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိန့်ခွန်းမှာရော၊ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းမှာပါ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို ၂၀၂၀ မှာ အပြီးသတ်ဖို့ ဆန္ဒရှိတယ်၊ အပြီးသတ်နိုင်အောင် ကြိုးစားကြပါ ဆိုပြီး ပြောသွားပါတယ်။ လက်ရှိ အခြေအနေကို ကြည့်ရင် အစိုးရနဲ့ NCA လို့ခေါ်တဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး စာချုပ် လက်မှတ်ထိုးထားတဲ့ တိုင်းရင်းသား အဖွဲ့ (၁၀) ဖွဲ့၊ လက်မှတ်မထိုးရသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့ ရှိနေသေးတာ၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ် မြောက်ပိုင်းမှာ ပစ်ခတ်တိုက်ခိုက်မှုတွေ ဖြစ်ပွားနေသေးတာ စတဲ့ အခြေအနေတွေ ရှိနေသေးတော့ ၂၀၂၀ မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ အပြီးသတ်နိုင်ပါ့မလား ဆိုတာကလည်း မေးခွန်းထုတ်စရာပါပဲ။ ခုတစ်ပတ် အဲဒီအကြောင်း ဆွေးနွေး တင်ပြသွားပါ့မယ်။

အဖွင့်မိန့်ခွန်းမှာ ဒေါ်အောင်ဆန်းစုကြည်က “ ၂၀၂၀ ပြည့်နှစ် မတိုင်မီ နောက်ထပ် ညီလာခံ (၃) ကြိမ် ကျင်းပနိုင်ဖို့၊ ဒီညီလာခံ (၃)ကြိမ်မှာ အရေးကြီးလှတဲ့ ဒီမိုကရေစီနဲ့ ဖက်ဒရယ်ဆိုင်ရာ အခြေခံမူတွေ အပြီးအပြတ် ချမှတ်ပြီး အနာဂတ် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုအတွက် အခြေခံ အုတ်မြစ်တွေ ခိုင်ခိုင်မာမာ တည်ဆောက်ပေးနိုင်ဖို့ မျှော်မှန်းထားပါတယ်။” လို့ ဆိုပါတယ်။ အလားတူ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း “လုပ်ငန်းစဉ်များကို စဉ်ဆက်မပြတ် တစ်ဆက်တည်းဆောင်ရွက်သွားပြီး ၂၀၂၀ ပြည့်နှစ်မှာ ကျင်းပပြုလုပ်မယ့် ဒုတိယအကြိမ် ပြည်ထောင်စုငြိမ်းချမ်းရေးညီလာခံ အစည်းအဝေးမှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များ ပြီးပြတ်စေရေး ဆောင်ရွက် သွားပါလို့ အလေးထား တိုက်တွန်းပြောကြားလိုပါတယ်။” လို့ ပြောခဲ့တာ ဖြစ်ပါတယ်။ အခုချိန်က စရေတွက်ရင် ၂ နှစ်ဝန်းကျင် ကာလလို့ မှန်းဆနိုင်ပါတယ်။

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေ ၂၀၂၀ မှာ အပြီးသတ်ဖို့ ဖြစ်နိုင် မဖြစ်နိုင် တွက်ဆ ရာမှာ လက်ရှိ NCA လက်မှတ်ထိုးထားပြီးသား တိုင်းရင်းသား အဖွဲ့တွေနဲ့ တပ်မတော် ဆက်ဆံရေး၊ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေအပေါ် လိုက်ပါမှု၊ ဝ၊ KIA အပါအဝင် အင်အားကြီး မြောက်ပိုင်း မဟာမိတ် အဖွဲ့ NCA လမ်းကြောင်းထဲ ရောက်လာနိုင်ခြေ ရှိမရှိ၊ ရှိခဲ့ရင် ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပေါ် လိုက်ပါမှု၊ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး အပေါ် သဘောထား၊ ငြိမ်းချမ်းရေး ဖော်ဆောင်ရေးနဲ့ ပတ်သက်ပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ အစိုးရရဲ့ အရည်အချင်း အားလုံးကို တွက်ဆရမှာ ဖြစ်ပါတယ်။ လက်ရှိ အခြေအနေ NCA လက်မှတ်ထိုးထားတဲ့ အဖွဲ့တွေထဲက အစိုးရနဲ့ KNU ကရင်လက်နက်ကိုင်အဖွဲ့၊ အစိုးရနဲ့ RCSS/SSA ရှမ်းလက်နက်ကိုင်အဖွဲ့ ဆက်ဆံရေးမှာ ပြသနာ တစ်ချို့ရှိနေပါတယ်။ KNU လွယ်မူပလော ဒေသမှာ တပ်မတော်ဘက်က လမ်းဖေါက်လို့ တိုက်ပွဲတွေ ဖြစ်ပွားခဲ့ပြီး လက်ရှိအချိန် လုံး၀ ပြေလည်သွားပြီလို့ မဆိုနိုင်သေးပါဘူး။ RCSS/SSA ရှမ်းလက်နက်ကိုင် အဖွဲ့နဲ့ ဆိုရင်လည်း လူမျိုးအလိုက် ကျင်းပဖို့ ပြင်ဆင်ထားတဲ့ အကြိုစည်းဝေးပွဲတွေ ကိစ္စ၊ တပ်မတော်ဘက်က တားမြစ်မှုတွေနဲ့ ကြုံရပြီးနောက်ပိုင်း ခုချိန်ထိ ပြေလည်မှု မရသေးပါဘူး။ အရင် ဒုတိယ အကြိမ် ပင်လုံ အစည်းအဝေးကာလ ပြည်ထောင်စု သဘောတူစာချုပ်ရဲ့ အစိတ်အပိုင်း (၁) အဖြစ် အချက် (၃၇) ချက်ကို သဘောတူနိုင်ခဲ့တယ် ဆိုပေမယ့် နောက်ပိုင်း တိုင်းရင်းသားတွေဘက်က တစ်ချို့အချက်တွေကို သဘောမတူချင်ပါပဲ လိုက်လျောပေးခဲ့ရတယ်လို့ ပြောဆိုထားတာည်း ရှိနေပါတယ်။

၀ နဲ့ ကချင်လက်နက်ကိုင် အဖွဲ့ အပါအဝင် မြောက်ပိုင်း လက်နက်ကိုင်အဖွဲ့တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ပါဝင်လာဖို့ ကိစ္စကတော့ အတော်လေးကို ခက်ခဲပါလိမ့်မယ်။ လက်ရှိ အဲဒီ အဖွဲ့တွေက သူတို့အနေနဲ့ အစိုးရနဲ့ တစ်စုတစ်စည်းတည်း တွေ့ဆုံဆွေးနွေးလိုတယ်၊ NCA နဲ့ မဆိုင်ပဲ သီးခြား သဘော တွေ့လိုတယ်လို့ ပြောဆိုထားပေမယ့် ဒါကို အစိုးရဘက်၊ အထူးသဖြင့် တပ်မတော်ဘက်က အသိအမှတ်မပြုပါဘူး။ အစိုးရနဲ့ တပ်မတော်ဘက်က တောင်းဆိုနေတာကတော့ NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ပဲ ဖြစ်ပြီး အခြား ဘယ်နည်းလမ်းကိုမှ လက်ခံမယ့်ပုံ မရှိပါဘူး။

အခြားတစ်ဖက်မှာတော့ အဲဒီ အဖွဲ့တွေ NCA လက်မှတ် ထိုးလာအောင် တရုတ်အစိုးရဘက်က ဖိအားပေးတာတွေ ရှိတန်သလောက် ရှိပါတယ်။ ဖိအား သိပ်ကြီးရင် NCA အဝန်းအဝိုင်းထဲကို ရောက်ကောင်း ရောက်လာနိုင်ပေမယ့် တခြား နိုင်ငံရေးအရ ဆွေးနွေးမှုတွေကတော့ ခက်ခဲနေဦးမှာ ဖြစ်ပါတယ်။ အကြောင်းကတော့ တပ်မတော်နဲ့ အဲဒီ လက်နက်ကိုင် အင်အားစုတွေဟာ ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု ဆိုတဲ့ စကားလုံး ပြောဆိုတာ တူညီကြပေမယ့် တကယ့် အတွင်း အနှစ်သာရတွေအကြောင်း ပြောဆိုရာမှာတော့ မိုးနဲ့မြေလို ကွာခြားနေလို့ပဲ ဖြစ်ပါတယ်။ တပ်မတော်ဘက်က ၂၀၀၈ ဖွဲ့စည်းပုံလောက်ကို ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု ပုံစံလောက် ပြောနေပြီး ၀ လို အဖွဲ့မျိုးကတော့ သီးခြားနိုင်ငံနီးနီး၊ ကွန်ဖက်ဒရေးရှင်းပုံစံ ရပ်ခံနေလို့ပါပဲ။ ပြောရရင် မြန်မာနိုင်ငံက တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေထဲမှာ အင်အားကြီးတဲ့ အဲဒီ မြောက်ပိုင်း အဖွဲ့တွေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ထဲ ပါဝင်လာအောင် စည်းရုံးဖို့ မလွယ်ကူသလို၊ ပါဝင်လာရင်လည်း အလွန်ညှိရခက်မဲ့ အနေအထား ကြုံကြရပါလိမ့်မယ်။

နောက်ထပ် အရေးကြီးတာ တစ်ချက်က တပ်မတော်ရဲ့ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ သဘောထားပါ။ ညီလာခံ ဖွင့်ပွဲနေ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ မိန့်ခွန်းကို လေ့လာကြည့်ရင် တပ်မတော်စစ်ခေါင်းဆောင်တွေရဲ့ တင်းမာတဲ့ သဘောထားကို မြင်တွေ့ကြရပါလိမ့်မယ်။ သူ့မိန့်ခွန်းထဲမှာ ပြည်တွင်း လက်နက်ကိုင် အဖွဲ့အစည်းတွေ ပေါ်လာတာ၊ ပြည်တွင်း ပဋိပက္ခတွေ ဖြစ်ပွားလာတာ တပ်မတော်နဲ့ ဘာမှမဆိုင်ဘူး၊ တပ်မတော်က ဘာ အမှားမှ မလုပ်ခဲ့ဘူးလို့ ဆိုထားပါတယ်။ ဒီနေ့ ငြိမ်းချမ်းရေး လုပ်ငန်းတွေကို နိုင်ငံတော် အစိုးရနဲ့ တပ်မတော်က တက်ကြွစွာ ဦးဆောင် ဆောင်ရွက်နေခြင်းဟာ ကျနော်တို့မှာ အင်အားချိနဲ့နေလို့ မဟုတ်ဘူးဆိုတာ သတိချပ်စေလိုပါတယ် ဆိုပြီး ပြောပါတယ်။ မိန့်ခွန်း တစ်နေရာမှာတော့ နိုင်ငံရေးသမားတွေနဲ့ တိုင်းရင်းသားတွေ အနေနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲနဲ့ ဆက်စပ်ပြီး ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ရေး ဆောင်ရွက်ချင်နေတာကို သူတို့ သိတဲ့အကြောင်း၊ သူတို့ အနေနဲ့ကတော့ ဖွဲ့စည်းပုံ ပြင်ချင်ရင် ဖွဲ့စည်းပုံပါ ပြဌာန်းချက်အတိုင်း ပြင်ဖို့၊ တစ်နည်း တပ်မတော် သဘောတူမှ ပြင်ဖို့၊ အထူးသဖြင့် နိုင်ငံတော်ဇ။် အမျိုးသား နိုင်ငံရေး ဦးဆောင်မှု အခန်းကဏ္ဍတွင် တပ်မတော်က ပါဝင် ထမ်းဆောင်နိုင်ရေးတို့ကို အစဉ်တစိုက် ဦးတည်သည် ဆိုတာ ပါဝင်တဲ့ နိုင်ငံတော် အခြေခံမူ ၄၈ ချက် ခိုင်မာတည်တံ့ဖို့ လိုတယ် ဆိုပြီးပြောဆိုခဲ့ပါတယ်။ ပြောရရင် ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ ပတ်သက်ရင် တပ်မတော်ဘက်က အပေးအယူ အညှိအနှိုင်းဆိုတာထက် သူ့ရပ်တည်ချက် အပေါ်မှာပဲ ရပ်ခံသွားမယ် ဆိုတဲ့ သဘောမြင်တွေ့ရပါတယ်။

နောက်ထပ် အရေးကြီးတစ်ချက်ကတော့ ငြိမ်းချမ်းရေး နဲ့ ပတ်သက်ရင် လက်ရှိ အင်န်အယ်လ်ဒီ အစိုးရရဲ့ စွမ်းဆောင်ရည်ပါ။ ငြိမ်းချမ်းရေး တည်ဆောက်ရေးနဲ့ ပတ်သက်ရင် အင်န်အယ်လ်ဒီဘက်က စွမ်းဆောင်ရည်ဟာ အားရစရာ မကောင်းပါဘူး။ ဒီအချက်အလက် အားလုံးကို ခြုံငုံသုံးသပ်ကြည့်လိုက်ရင် ၂၀၂၀ မှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အပြီးသတ်ဖို့ဆိုတာ မျှော်မှန်းချက် ဆိုတာကလွဲပြီး တကယ် ဖြစ်နိုင်ဖွယ် မရှိပါကြောင်း သုံးသပ်တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG