သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပျော်ရွှင်မှုတွေ ဆိပ်သုဉ်းမည် တို့မြန်မာပြည်


ပဲခူးမြို့
ပဲခူးမြို့
တိုက်ရိုက် လင့်ခ်

အာဏာသိမ်း စစ်ကောင်စီဟာ မြန်မာနိုင်ငံတဝှမ်း အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အရှိန်မြင့်တက်နေတဲ့ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့ကစ ဆန္ဒပြပွဲမှာ ပါဝင်တဲ့၊ facebook လူမှုကွန်ယက် စာမျက်နှာမှာ ဆန္ဒပြပွဲတွေကို ထောက်ခံ အားပေး လှုံ့ဆော်တဲ့၊ CDM ဝန်ထမ်းတွေကို အကူအညီပေးနေသူတွေကို ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်၊ ဝရမ်းပြေး အဖြစ် ကြေညာတာတွေ လုပ်ခဲ့ပါတယ်။ စစ်ကောင်စီ ကြေညာချက်တွေမှာတော့ “ နိုင်ငံ အုပ်ချုပ်မှု ယန္တယား ပျက်ပြားစေရန် ရည်ရွယ်ချက်နဲ့ ဝန်ထမ်းတွေကို CDM လှုပ်ရှားမှုမှာ ပါဝင်ဖို့ လှုံ့ဆော်တာ၊ မတရား အသင်းကြေညာခံထားရတဲ့ CRPH ကို ထောက်ခံတာ၊ မမှန်သတင်းတွေ ဖြန့်ဝေတာ၊ Social Punishment ပြုလုပ်တာ” ဆောင်ရွက်သူတွေကို ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့် အရေးယူ ဆောင်ရွက်နေတယ်လို့ ဖော်ပြပါတယ်။ ထူးခြားတာ တစ်ခုကတော့ အဲလို အမှုဖွင့် ခံရသူတွေထဲမှာ ရုပ်ရှင်နဲ့ ဂီတ နယ်ပယ်က ထင်ရှားသူတွေ အများကြီး ပါဝင်နေခြင်းပါပဲ။ ဒီအချက်ဟာ မြန်မာ့ ရုပ်ရှင်၊ ဂီတ နဲ့ ဖျော်ဖြေရေး စီးပွားရေး လုပ်ငန်းကြီးကို သက်ရောက်မှု၊ ထိခိုက်မှု ကြီးကြီးမားမား ရှိစေနိုင်မလား ဆိုတာ စဉ်းစား၊ တွေးတောစရာပါ။

စစ်ကောင်စီရဲ့ ကြေညာချက်အရ ပုဒ်မ ၅၀၅(က) နဲ့ အမှုဖွင့်ခံထားရသူတွေ စာရင်းကတော့ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မှာ အဆိုတော်လင်းလင်း၊ မောင်မောင်အေး၊ ဖေဖေါ်ဝါရီ ၁၇ ရက်နေ့မှာ ပြေတီဦး၊ ကိုပေါက်၊ လူမင်း၊ ဝိုင်း၊ ဏကြီးနဲ့ အနဂ္ဂ၊ ဧပြီ ၂ ရက်နေ့မှာ ပိုင်ဖြိုးသု၊ အာဇာနည်၊ အိန္ဒြာကျော်ဇင်၊ သန္တာလှိုင်၊ မင်းမော်ကွန်း၊ ပိုပို၊ ရဲတိုက်၊ ခင်ဝင့်ဝါ၊ ချမ်းချမ်း၊ ချမ်းမြေ့မောင်ချို၊ ဧပြီ ၃ ရက်နေ့မှာ ဖွေးဖွေး၊ သက်မွန်မြင့်၊ ညီနန္ဒ၊ အောင်မြင့်မြတ်၊ ကော်နီ၊ ဇင်အောင်၊ နိုဗန်ထူး၊ ကျားပေါက်၊ ညီထွဋ်ခေါင်၊ ဝါဆိုမိုးဦး၊ ထက်အောင်ရှိုင်း၊ မယ်ရီ၊ အိန်ဂျယ်လမုန်၊ ဧပြီ ၄ ရက်နေ့မှာ အလင်းရောင်၊ ရန်ရန်ချမ်း၊ ထူးပိုင်ဇော်ဦး၊ ခြူးပန်းနွယ်နဲ့ ‘မေ’၊ ဧပြီ ၅ ရက်နေ့မှာ ခါရာ၊ သားငယ်၊ သဇင်နွယ်ဝင်း၊ ဧပြီ ၆ ရက်နေ့မှာ အေသင်ချိုဆွေ၊ မြနှင်းရည်လွင်၊ ချစ်သုဝေ၊ ဧပြီ ၇ ရက်နေ့မှာ တူးတူး၊ ပိုင်တံခွန်၊ ဧပြီ ၈ ရက်နေ့မှာ ရတနာဗိုလ်၊ အေးဝတ်ရည်သောင်း စတဲ့သူတွေ ပါဝင်နေတာ တွေ့ရပါတယ်။ ဒါတင်မက ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဇာဂနာ တို့ကို ဖမ်းဆီးထားပြီး သရုပ်ဆောင်၊ ပရဟိတသမား ကျော်သူကတော့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။

ဒီစာရင်းကို ကြည့်လိုက်ရင်ပဲ အထူးသဖြင့် ရုပ်ရှင် ထုတ်လုပ်ရေး လုပ်ငန်း နယ်ပယ်ထဲက အဓိကလည်းကျ၊ ထင်ရှားသူတွေလည်း ဖြစ်တဲ့ ထိပ်တန်း ဒါရိုက်တာတွေ၊ ထိပ်တန်း သရုပ်ဆောင်တွေ အများကြီး ပါဝင်နေတာ တွေ့ရမယ် ဖြစ်ပါတယ်။ ဒီလို ဝရမ်းထုတ်ခံရမှုဟာ လတ်တလောမှာကိုပဲ ပြသနာ ရှိနေပါပြီ။ စစ်ကောင်စီဟာ အဲလို ပုဒ်မ ၅၀၅(က) ကြေညာခံထားရတဲ့ အနုပညာရှင်တွေ ပါဝင် ပတ်သက်တဲ့ ရုပ်ရှင်တွေ၊ တေးသီချင်းတွေ ထုတ်လွှင့်ပြသတာမျိုး မလုပ်ဖို့၊ အဲလို လုပ်ရင် အားပေးကူညီမှုနဲ့ အရေးယူခံရမယ် ဆိုတဲ့အကြောင်း ပြည်တွင်းက ပုဂ္ဂလိက ရုပ်သံနဲ့ FM ရေဒီယို ဌာနတွေကို ဧပြီ ၄ ရက် နေ့စွဲနဲ့ ညွှန်ကြားချက် ပေးပို့ အကြောင်းကြားခဲ့တာ တွေ့ရပါတယ်။

ပြောရရင် ရုပ်ရှင်ဇာတ်ကားတွေ ထုတ်လွှင့်နေတဲ့ ပုဂ္ဂလိက ရုပ်သံ မီဒီယာတွေ အနေနဲ့ အဲဒီ စာရင်းနဲ့ တိုက်လိုက်တယ် ဆိုရင်ပဲ အရည်အသွေးရှိတဲ့ ဇာတ်ကားအများစု ထုတ်လွှင့်လို့ မရတော့တဲ့ အနေအထား ရောက်သွားစေတာ တွေ့မြင်နိုင်ပါတယ်။ ဒါတင်မက မြန်မာနိုင်ငံမှာ အခကြေးငွေ ရယူပြီး ရုပ်ရှင်ဇာတ်ကားတွေကို Application ကနေ တဆင့် ထုတ်လွှင့်ပြသတဲ့ စီးပွားရေး လုပ်ငန်းတွေလည်း ရှိနေကြပါတယ်။ အဲဒီ စီးပွားရေး လုပ်ငန်းတွေဟာလည်း ဒီကြေညာချက်ကြောင့် ဇာတ်ကားပေါင်းများစွာ ထုတ်လွှင့်လို့မရ၊ အထိနာကြမှာ ဖြစ်ပါတယ်။

တကယ်တော့ မြန်မာ့ရုပ်ရှင် စီးပွားရေး လုပ်ငန်းဟာ ခုလို အာဏာသိမ်းပွဲ မတိုင်ခင် ၂၀၂၀ နှစ်ဆန်း မြန်မာနိုင်ငံထဲ ကိုဗစ်19 ကပ်ရောဂါ ပြသနာ ဝင်ရောက်မလာသေးခင်ကတည်းက လုံး၀ ရပ်ဆိုင်းထားရတာပါ။ အဲဒီအချိန်တုန်းက ရိုက်လက်စ ရုပ်ရှင်ဇာတ်ကားတွေ၊ ရိုက်ကူးပြီး ရုံတင်ရက် တန်းစီရင်း ပြသခြင်း မပြုနိုင်သေးတဲ့ ဇာတ်ကားတွေ ရာနဲ့ချီ ကျန်ရစ်နေပါတယ်။ ရှင်ရှင် လောကသား တစ်ယောက်(၁) ကတော့ ရိုက်ပြီးသား ဇာတ်ကားအားလုံး ပေါင်းလိုက်ရင် ခန့်မှန်း တန်ဘိုး ကျပ်ငွေ ဘီလျံ ၆၀ ကနေ ၁၀၀ ကျော် အကြားရှိလိမ့်မယ်လို့ ခန့်မှန်း ပြောပြပါတယ်။ တကယ်လို့ မြန်မာနိုင်ငံမှာ ကိုဗစ်ဘေး ကင်းဝေးပြီး အခြေအနေ တည်တည်ငြိမ်ငြိမ်ဖြစ်၊ ရုပ်ရှင်ဇာတ်ကားတွေ ပြန်ပြီး ပြသလို့ ရရင် အဲဒီဇာတ်ကားတွေ ပြသဖို့ စောင့်ဆိုင်းနေကြတာပါ။

တဆက်တည်း ထိခိုက်နစ်နာမှာက ရုပ်ရှင်ရုံ တည်ဆောက်ရေး လုပ်နေကြတဲ့ စီးပွားရေး လုပ်ငန်းရှင်တွေပါ။ အရင် စစ်အာဏာရှင် အစိုးရလက်ထက်တွေတုန်းက မြန်မာနိုင်ငံ မြို့ရွာ အနှံ့မှာ အစိုးရပိုင် ရုပ်ရှင်ရုံပေါင်းများစွာ ရှိခဲ့ပြီး နောက်ပိုင်း အာဏာပိုင်တွေ ရောင်းစားခဲ့တာကြောင့် ရုပ်ရှင်ရုံ အရေအတွက် ကျဆင်းပြီး ရုပ်ရှင် ရိုက်ကူး၊ ထုတ်လုပ်၊ ပြသရေး စီးပွားရေး လုပ်ငန်းကိုလည်း ကြီးကြီးမားမား ထိခိုက်နစ်နာစေခဲ့ပါတယ်။ အခု ၂၀၁၅ နောက်ပိုင်းကျမှ ရုပ်ရှင်ရုံ အသစ်တည်ဆောက် တဲ့ လုပ်ငန်းရှင်တွေ ပေါ်ပေါက်လာပြီး ရင်းနှီးမြှုပ်နှံမှု လုပ်နေချိန် ကိုဗစ်ဖြစ်၊ အခုနောက်ဆုံး အာဏာသိမ်းပွဲ ဖြစ်ပွားခဲ့ရတာပါ။ အဲဒီ ရုပ်ရှင်ရုံ လုပ်ငန်း စီးပွားရေးကိုလည်း အများကြီး ထိခိုက်နစ်နာစေမှာ ဖြစ်ပါတယ်။

တကယ်တော့ ရုပ်ရှင်၊ ဂီတ နဲ့ လူမှုကွန်ယက်က ထင်ရှားသူတွေကို အရေးယူဖို့ ကိစ္စ ပြီးခဲ့တဲ့ မတ်လ ၃၀ ရက်နေ့မှာ လုပ်တဲ့ စစ်ကောင်စီ အစည်းအဝေးမှာ ကောင်စီဥက္ကဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကိုယ်တိုင် ညွှန်ကြားပေးခဲ့တာပါ။ အစည်းအဝေးမှာ ကောင်စီဝင် အရပ်သားတွေ ဘက်က လူမှုကွန်ယက်စာမျက်နှာတွေမှာ ဖော်ပြတာတွေနဲ့ ပတ်သက်လို့ အရေးယူဖို့ တင်ပြတာရှိပြီး ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကလည်း ဆိုရှယ်မီဒီယာ ဆိုတာ ကောင်းကျိုးလည်း ရှိပြီး ဆိုးကျိုးလည်း ဖြစ်ပေါ်စေတဲ့အကြောင်း၊ အင်တာနက်ကို မှီခိုပြီး လုပ်နေရတဲ့ လုပ်ငန်းတွေ ရှိတဲ့အတွက် ပိတ်ထားလို့ မရတဲ့အကြောင်း၊ မှန်မှန်ကန်ကန် အသုံးပြုရန်လိုပြီး ဖောက်ဖျက်ရင် ထိရောက်စွာ ဟန့်တားနိုင်တဲ့ ပြစ်ဒဏ်တွေ ချမှတ်သွားနိုင်ရေး ဆောင်ရွက်သွားရန် လိုကြောင်း ဆိုပြီး လမ်းညွှန်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။ ဒီလိုနဲ့ သူပြောပြီး ၂ ရက်အကြာ facebook ပေါ်မှာ ဖော်ပြတာတွေကို ပုဒ်မ ၅၀၅(က) နဲ့ အရေးယူမှု တစ်သီတစ်တန်းကြီး ထွက်ပေါ်လာတာပါ။ ပုဒ်မ ၅၀၅(က) ဆိုတာကတော့ လူတစ်ယောက် အနေနဲ့ သူပြုလုပ်တဲ့ ဖော်ပြချက်၊ သတင်း၊ ထုတ်ပြန်ချက်တွေမှာ “ပြည်ထောင်စု အစိုးရ၏ ကြည်း၊ ရေ၊ လေတပ် တစ်ခုခုမှ အရာရှိအား၊ သို့တည်းမဟုတ် တပ်သားအား စစ်ပုန်ကန်ခြင်းကိုသော်၎င်း၊ သက်ဆိုင်ရာ မိမိ၏ တာဝန်ဝတ္တရားကို မလေးစားခြင်းသော်၎င်း၊ ပျက်ကွက်ခြင်းသော်၎င်း၊ ပြုစေရန် အကြံရှိလျင်၊ သို့တည်းမဟုတ် ပြုစေတန်ရာသည့် အကြောင်းရှိလျင် ၂ နှစ်အထိ ထောင်ဒဏ်ဖြစ်စေ၊ ငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်လုံးဖြစ်စေ ကျခံရမည်။” လို့ ဖော်ပြထားပါတယ်။ ဒီ ရာဇသတ်ကြီး ပုဒ်မကို အာဏာသိမ်းပွဲ ဖြစ်ပွားပြီး နောက်ရက်တွေမှာပဲ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် လက်မှတ်နဲ့ အကြောင်းအရာကို ချဲ့ထွင်တာ၊ ပြစ်ဒဏ်ကို တိုးမြှင့်တာ ကြိုတင် ပြဌာန်း ထားပြီးခဲ့ပါပြီ။

ဒီအခြေအနေတွေကို ကြည့်ရင် ပုဒ်မ ၅၀၅(က) နဲ့ တရားစွဲခံရသူတွေ လတ်တလော ထောင် ၃ နှစ်စီ ကျခံခဲ့ရတာတွေ ရှိနေပြီး လက်ရှိ အမှုဖွင့်ထားတဲ့သူတွေကို ဖမ်းမိခဲ့ရင်လည်း အဲလို တရားစွဲ ထောင်ချခံရနိုင်ချေ ရှိနေပါတယ်။ ဒီအထဲမှာ ရုပ်ရှင်နဲ့ ဂီတ အနုပညာ ထိပ်သီးတွေ၊ အရေးပါသူတွေ အများစု ပါဝင်နေတာမို့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကသာ ခုလိုပဲ အာဏာကို ဆက်ပြီး ဆုတ်ကိုင်ထားနိုင်ဦးမယ် ဆိုရင် နိုင်ငံရဲ့ စီးပွားရေး၊ တရားဥပဒေ စိုးမိုးရေး၊ ကျန်းမာရေး၊ ပညာရေး အပါအဝင် ကဏ္ဍပေါင်းစုံ ပြိုလဲ ကျဆင်းနေပြီ ဖြစ်သလို၊ ရုပ်ရှင် အနုပညာလောက ဖျော်ဖြေရေး စီးပွားရေး လုပ်ငန်းလည်း နာလံ ပြန်ထူနိုင်မယ့်လမ်း မြင်တွေ့ရမှာ မဟုတ်ပါဘူး။ ဒါကြောင့် မြန်မာနိုင်ငံဟာ ပျော်ရွှင်မှု ဆိပ်သုဉ်း၊ ပျောက်ကွယ်နေတဲ့ နိုင်ငံသဖွယ် ဖြစ်နေမှာကလည်း သေခြာနေကြောင်းပါ။

----------------------------------------------------------


ဆက်စပ်သတင်းများ ...

XS
SM
MD
LG