သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရွေးကောက်ပွဲ ဘာအားနည်းချက်တွေ ရှိနေသလဲ


ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲ (နေပြည်တော်၊ အောက်တိုဘာလ ၂၀၊ ၂၀၂၀)(Photo- UEC's Facebook)
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲ (နေပြည်တော်၊ အောက်တိုဘာလ ၂၀၊ ၂၀၂၀)(Photo- UEC's Facebook)
တိုက်ရိုက် လင့်ခ်

Zawgyi/ Unicode

အခုရက်ပိုင်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လူပြော အများဆုံး ဝေဖန်မှု အများဆုံး ကိစ္စ တစ်ခုကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကနေ “ ရွေးကောက်ပွဲများ ကျင်းပခြင်း မပြုမည့် နယ်မြေများစာရင်း” ထုတ်ပြန်ကြေညာလိုက်တဲ့ ကိစ္စပါပဲ။ အရင် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲတုန်းကထက် ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့ မြို့နယ်တွေ၊ ကျေးရွာ အုပ်စုတွေ ပိုပြီး များလာတဲ့ ကိစ္စ၊ အစိုးရနဲ့ အဆင်မပြေတဲ့ အတိုက်အခံ ပါတီလိုလို ဖြစ်နေတဲ့ ရခိုင်အမျိုးသားပါတီ ANP ၂၀၁၅ တုန်းက အနိုင်ရခဲ့တဲ့ ရခိုင်ပြည်နယ် မြောက်ပိုင်းက မြို့နယ် (၉) ခုမှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ ကိစ္စ၊ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ကြေညာလိုက်တဲ့ မြို့နယ် ကျေးရွာ တစ်ချို့မှာ တိုက်ပွဲတွေဖြစ်ပွားတာလည်း မရှိ၊ တည်ငြိမ်နေတယ်လို့ ဆိုတဲ့ ကိစ္စ၊ စတဲ့ အကြောင်းအရာ အမျိုးမျိုးကြောင့် မကျေမနပ်ဖြစ်၊ ဝေဖန်မှု များကြတာ ဖြစ်ပါတယ်။ နိုင်ငံရေးသမားတွေ အပါအဝင် တစ်ချို့လူတွေကတော့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဟာ အာဏာရ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဘက်ကိုလိုက်ပြီး အခြား တိုင်းရင်းသားပါတီတွေကို နှိပ်ကွပ်တာ ဖြစ်တယ် ဆိုသည်အထိ စွပ်စွဲတာ တွေ့ကြရပါတယ်။ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မပြုမယ့် နယ်မြေများ စာရင်း ဘယ်လောက် များနေသလဲ၊ ရွေးကောက်ပွဲဟာ ဘယ်လို အပြစ်အနာအဆာတွေ ရှိနေသလဲ၊ ဝေဖန်သူတွေရဲ့ စွပ်စွဲချက်တွေကရော မှန်ကန်မှု ရှိပါရဲ့လား ဆိုတဲ့ ကိစ္စ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ အဲဒီ ပြသနာတွေအကြောင်း လေ့လာကြည့်ကြရအောင်ပါ။

အားလုံးပါဝင် ယှဉ်ပြိုင်ကြတဲ့ ပထမ ဦးဆုံး ရွေးကောက်ပွဲလို့ ခေါ်ရမယ့် ၂၀၁၅ တုန်းက မြို့နယ် တစ်ခုလုံး ရွေးကောက်ပွဲ မကျင်းပတာ (၇) မြို့နယ်၊ တစ်စိတ်တစ်ပိုင်း မကျင်းပတာ ၃၁ မြို့နယ်ထဲက ကျေးရွာအုပ်စု ၄၅၃ ရွာ ပါဝင်ခဲ့ပါတယ်။ အခု ၂၀၂၀ မှာတော့ မြို့နယ် တစ်ခုလုံး ရွေးကောက်ပွဲ မကျင်းပနိုင်တာ (၁၅) မြို့နယ်၊ တစ်စိတ်တစ်ပိုင်း မကျင်းပနိုင်တာ ၄၁ မြို့နယ်ထဲက ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၅၈၁ စုပါဝင်ပါတယ်။ အသေးစိတ် ပြောရရင် ကချင်ပြည်နယ်နဲ့ ကရင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာ လျော့ကျသွားပြီး၊ ပဲခူးနဲ့ မွန်ပြည်နယ်မှာတော့ ၂၀၁၅ အတိုင်းလောက်ပဲ ဖြစ်တာ တွေ့ရပါတယ်။ ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ နေရာ ပိုများလာတာကတော့ ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲမှာ ဖြစ်ပါတယ်။

ဒီကြေညာချက်ကြောင့် အဓိက အထိနာသွားရတာကတော့ ရခိုင်အမျိုးသားပါတီ ANP ပါ။ ကြေညာချက်အရ ရခိုင်ပြည်နယ်မှာ ရွေးကောက်ပွဲ မကျင်းပမယ့် မဲဆန္ဒနယ်မြေတွေအဖြစ် ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၈ နေရာ နဲ့ ပြည်နယ် လွှတ်တော်အတွက် ၁၈ နေရာ စုစုပေါင်း ၃၅ နေရာ ပါသွားပါတယ်။ အဲဒီနေရာတွေမှာ ၂၀၁၅ တုန်းက ANP ဟာ ပြည်သူ့လွှတ်တော် ၉ နေရာ၊ အမျိုးသားလွှတ်တော် ၇ နေရာနဲ့ ပြည်နယ်လွှတ်တော် အတွက် ၁၆ နေရာ စုစုပေါင်း ၃၂ နေရာတောင် အနိုင်ရထားခဲ့တာပါ။ ရှမ်းပြည်နယ်မှာတော့ မိုင်းကိုင်မြို့နယ်ဟာ တိုက်ပွဲလည်းမဖြစ် တည်ငြိမ်မှုလည်း ရှိတဲ့ နေရာဆိုပြီး ၂၀၁၅ တုန်းက အနိုင်ရခဲ့တဲ့ SNLD ရှမ်းတိုင်းရင်းသားများဒီမိုကရေစီ အဖွဲ့ချုပ်ပါတီက စောဒက တက်ပါတယ်။

ရွေးကောက်ပွဲ ကျင်းပခြင်း မပြုမယ့် နယ်မြေတွေ စာရင်း ဘယ်လို သတ်မှတ်တယ်၊ ဘယ်သူတွေဆီက သဘောထား တောင်းခံတာနဲ့ ပတ်သက်ပြီး ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က သတင်းစာရှင်းလင်းပွဲမှာ ရှင်းခဲ့ပါတယ်။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခု ဖြစ်ဖို့ ဆိုရင် အဲဒီနယ်မြေ စစ်ပွဲတွေ၊ တိုက်ပွဲတွေ ဖြစ်မနေရဘူး၊ မတည်မငြိမ် ဖြစ်မနေရဘူး ဆိုတာကတော့ ရှင်းပါတယ်။ ဒါတင်မက အဲဒီနေရာမှာ အုပ်ချုပ်ရေးပိုင်းဆိုင်ရာ တရားဥပဒေစိုးမိုးရေး ကောင်းကောင်း လုပ်နိုင်ရဲ့လား ဆိုတာမျိုး လိုပါတယ်။ ရွေးကောက်ပွဲ ကျင်းပမှာဖြစ်လို့ ရွေးကောက်ပွဲ ကျင်းပမယ့် ကော်မရှင် အဖွဲ့ဝင်တွေ၊ မဲရုံတာဝန်ယူမယ့်သူတွေ၊ အုပ်ချုပ်ရေး ပိုင်းဆိုင်ရာတွေ သွားရောက်တာဝန်ယူလို့ ရဖို့ လိုပါတယ်။

ရွေးကောက်ပွဲဆိုတာ နိုင်ငံရေးပါတီတွေ ပြိုင်ဆိုင်ကြမယ့် ပွဲ ဖြစ်တာကြောင့် အဲဒီနိုင်ငံရေးပါတီဝင်တွေ၊ အမတ်လောင်းတွေ၊ သူတို့ရဲ့ ကိုယ်စားလှယ်တွေ လွတ်လွတ်လပ်လပ် သွားလာလို့ ရသလား၊ မဲဆွယ် စည်းရုံးလို့ ရသလား၊ ရွေးကောက်ပွဲ ကျင်းပချိန်မှာ လွတ်လွတ်လပ်လပ် ဝင်ပြီး လေ့လာစောင့်ကြည့်လို့ရသလား ဆိုတဲ့ အခြေအနေကောင်း ရှိဖို့ လိုပါတယ်။ ဒါတင်မက မဲပေးကြမှာက တိုင်းရင်းသား ပြည်သူလူထု ဖြစ်တာကြောင့် သူတို့ကို ဘယ်လက်နက်ကိုင် အဖွဲ့အစည်းတွေက ခြိမ်းခြောက်မှု ရှိနေသလဲ၊ ဖိအားပေးပြီး ပါတီ တစ်ခုခုကို မဲပေးအောင် စေခိုင်းတာမျိုး ရှိနေသလား၊ ပါတီတစ်ခုခုကို မဲမပေးဖို့ ခြိမ်းခြောက်တာမျိုး ရှိနေသလား ဆန်းစစ်ပြီး လွတ်လွတ်လပ်လပ် အကြောက်အလန့်ကင်းကင်း မဲပေးနိုင်ဖို့ လိုအပ်ပါလိမ့်မယ်။

ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ အဲဒီအချက်တွေ သိနိုင်ဖို့ အတွက် အစိုးရအဖွဲ့ရုံးဝန်ကြီးဌာန၊ ကာကွယ်ရေး၊ ပြည်ထဲရေး ဝန်ကြီးဌာနတွေဆီကနေ သဘောထား မှတ်ချက်တောင်းတယ်၊ အောက်ခြေ ကော်မရှင် အဆင့်ဆင့်ကိုလည်း သဘောထား တောင်းတယ်လို့ ဆိုပါတယ်။ အဲဒီ သဘောထား မှတ်ချက်တွေ အပေါ်ကနေ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က ဆုံးဖြတ်တာလို့ ပြောပါတယ်။ အဲဒီ အချက်အလက်တွေကို ကြည့်ရင် ရခိုင်ပြည်နယ်ထဲက မြို့နယ် ၉ မြို့နယ်၊ အခြား ရပ်ကွက်နဲ့ ကျေးရွာအုပ်စု ၁၅၂ ခုမှာ ဘာကြောင့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲတွေ ကျင်းပဖို့ မဖြစ်နိုင်ဘူးလဲ ဆိုတာ ပေါ်လွင်လာပါလိမ့်မယ်။ ရှမ်းပြည်နယ်ထဲက မိုင်းကိုင်မြို့နယ် ပြသနာကတော့ ပုံစံ တစ်မျိုးပါ။ အဲဒီမှာ အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး၊ SNLD, SNDP နဲ့ တအာင်းပလောင် အမျိုးသားပါတီ တို့ ဝင်ပြိုင်ကြပါလိမ့်မယ်။ ကော်မရှင်က ခုလို ကြေညာလိုက်တဲ့အခါ အင်န်အယ်လ်ဒီ၊ ပြည်ခိုင်ဖြိုး၊ SNLD, SNDP (၄) ပါတီက ရွေးကောက်ပွဲ ကျင်းပပေးဖို့ လက်မှတ်ထိုးပြီး ပြန်တောင်းဆိုကြပါတယ်။ တအာင်းပလောင် အမျိုးသားပါတီက လက်မှတ် မထိုးပါဘူး။ အကြောင်းကတော့ သူတို့ပါတီ မဲဆွယ် စည်းရုံးဖို့ လုပ်ချိန် ရှမ်းလက်နက်ကိုင် RCSS/SSA အဖွဲ့ရဲ့ ခြိမ်းခြောက်တားမြစ်မှုတွေ ရှိခဲ့ပြီး သူတို့အနေနဲ့ ကော်မရှင်ကိုလည်း တိုင်ကြားထားခဲ့တာကြောင့်လို့ ဆိုပါတယ်။ ပြောရရင် မိုင်းကိုင်မှာ ရွေးကောက်ပွဲ မကျင်းပဖို့ ကော်မရှင်ရဲ့ ဆုံးဖြတ်ချက်ဟာ အင်န်အယ်လ်ဒီ ပါတီနဲ့ မပတ်သက်၊ မသက်ဆိုင်ဘူး ဆိုတဲ့ သဘော တွေ့ကြရမှာ ဖြစ်ပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကတော့ ဝေဖန်နေကြတဲ့ မိုင်းကိုင်၊ ပလက်၀ နဲ့ ပေါက်တော မြို့နယ်တွေမှာ ရွေးကောက်ပွဲ ကျင်းပ ဖြစ်မဖြစ် စိစစ်ပြီး ထပ်ကြေညာပေးမယ်လို့ ဆိုထားပါတယ်။ ၂၀၁၅ တုန်းကတော့ နောက်ဆုံး ကြေညာချက် အောက်တိုဘာ ၂၇ ရက်နေ့မှာ ထုတ်ပြန်ခဲ့တာကြောင့် စောင့်ကြည့်ရဦးမယ့် အခြေအနေ ဖြစ်ပါတယ်။

တကယ်တော့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ တစ်ခု ဖြစ်ပေါ်လာဖို့ ဆိုတာ နိုင်ငံရေးပါတီ တည်ထောင်ခွင့်၊ ရွေးကောက်ပွဲမှာ တန်းတူ ဝင်ရောက်ယှဉ်ပြိုင်ခွင့်၊ မဲဆန္ဒနယ် သတ်မှတ်တာ၊ အဲဒီနယ်မြေတွေမှာ ရွေးကောက်ပွဲ ကျင်းပမယ်၊ မကျင်းပဘူး ဆုံးဖြတ်တာ၊ မဲပေးပိုင်ခွင့် ရှိသူ စာရင်း ပြုစုတာ၊ ရွေးကောက်ပွဲမှာ မဲပေးတာ၊ မဲရေတွက်တာ၊ ဖြစ်စဉ် အစ အဆုံးကို ပြိုင်ဘက် ကိုယ်စားလှယ်လောင်းတွေက လွတ်လွတ်လပ်လပ် စောင့်ကြည့်ခွင့်ရှိတာ စတဲ့ ဖြစ်စဉ်အားလုံး တရားမျှမျှတတ ဖြစ်နေဖို့ လိုပါတယ်။ ရွေးကောက်ပွဲကို မသမာမှု လုပ်တဲ့သူတွေဟာ အဲဒီ လုပ်ငန်းစဉ်တွေအပေါ်မှာ မမှန်မကန်၊ တခါတရံ လက်တစ်လုံးခြား မသမာမှု လုပ်ကြတာ ဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ လုပ်ခဲ့ပြီးတဲ့ ရွေးကောက်ပွဲတွေမှာ အဲဒီ ဖြစ်စဉ်တွေနဲ့ ပတ်သက်ပြီး အပြစ်အနာအဆာတွေ ရှိနေဆဲ ဖြစ်တာ တွေ့နိုင်ပါတယ်။ အကြောင်းကတော့ ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေရဲ့ အားနည်းချက်တွေက အဓိက ဖြစ်တာ တွေ့နိုင်ပါတယ်။ နမူနာအားဖြင့် ရခိုင်ပြည်နယ်မှာ မဲပေးနိုင်သူ ၁၇၀၀၀ ကျော်လောက်ပဲ ရှိတဲ့ မောင်တော တစ်မြို့နယ်ထဲကို အမျိုးသားလွှတ်တော် မဲဆန္ဒနယ် ၂ ခု သတ်မှတ်ထားတာ၊ မဲပေးသူ ၁၄၀၀ ကျော်ပဲ ရှိတဲ့ ကိုကိုးကျွန်းမြို့နယ်ကနေ အမတ်၃ ယောက် ရွေးချယ်တင်မြှောက်စေတာ၊ စတဲ့ ပြသနာလို ပြသနာတွေ အများကြီး ရှိနေဆဲ ဖြစ်ပါတယ်။ အလားတူ လက်ရှိ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ရဲ့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိတဲ့ မဲဆန္ဒနယ်မြေတွေ ကိစ္စကလည်း အလားတူ အပြစ်အနာအဆာ မကင်းတဲ့ ကိစ္စ တစ်ခုဖြစ်ပြီး ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်းတွေ ပြင်ဆင်ပါမှ၊ တပ်မတော်လို အဖွဲ့အစည်း နိုင်ငံရေးနဲ့ မပတ်သက်တဲ့ ပရော်ဖက်ရှင်နယ် တပ်မတော် ပုံစံမျိုး ဖြစ်လာပါမှ စ၊လည်၊ ဆုံး လွတ်လပ်ပြီး တရားမျှတဲ့ ရွေးကောက်ပွဲ ပုံစံမျိုး ဖြစ်ပေါ်လာနိုင်လိမ့်မယ် ဖြစ်ကြောင်းပါ။

-----------------------------------------------










XS
SM
MD
LG