သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Covid-19 ကာကွယ် ကုသမှု ဘယ် အခြေအနေ ရောက်နေသလဲ စစ်ကောင်စီ ဖြေရှင်းနိုင်မလား


TOPSHOT - Volunteers wearing personal protective equipment (PPE) pray in front of bodies of people who died from the Covid-19 coronavirus during their funeral at a cemetery in Mandalay on July 14, 2021. (Photo by STR / AFP)
TOPSHOT - Volunteers wearing personal protective equipment (PPE) pray in front of bodies of people who died from the Covid-19 coronavirus during their funeral at a cemetery in Mandalay on July 14, 2021. (Photo by STR / AFP)

ပြီးခဲ့တဲ့ ရက်ပိုင်းက facebook လူမှုကွန်ယက် စာမျက်နှာမှာ ရန်ကုန်မြို့ ရေဝေး သုသာန်မှာ မီးသဂြိုလ်ဖို့ ရုပ်အလောင်းတွေကို တန်းစီထားတဲ့ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင် တစ်ချို့ ပျံ့နှံ့ခဲ့ပါတယ်။ ဓာတ်ပုံနဲ့ ဗီဒီယိုဖိုင်တွေမှာ မြင်ရသမျှ တစ်ချို့ ရုပ်အလောင်းတွေကို အခေါင်းတွေထဲ ထည့်ထားကြပေမယ့် ရုပ်အလောင်း အတော်များများကိုတော့ စောင်လို၊ ဖျာလို၊ ပလပ်စတစ် မိုးကာစ လိုမျိုး ပတ်ထားပြီး ကြမ်းပြင်ပေါ်ကိုချ၊ မီးသဂြိုလ်ဖို့ တန်းစီထားတဲ့ အနေအထားမျိုးတွေပါ။

သေဆုံးသွားသူတွေရဲ့ ရုပ်အလောင်းတွေကို မီးသဂြိုလ်ပေးနိုင်ဖို့ ကူညီပေးနေကြတဲ့ ပုဂ္ဂလိက ပရဟိတ လုပ်ငန်း လုပ်ကိုင်နေသူတွေကတော့ ရေဝေးသုသာန်မှာ မီးသဂြိုလ်ဖို့ ရောက်နေတဲ့ ရုပ်အလောင်းတွေ အလွန်များတယ်၊ အဲဒီထဲမှာ Covid-19 ကြောင့် သေဆုံးသူ ဘယ်နှစ်ယောက် ရှိတယ် တိတိကျကျ မပြောနိုင်ပေမယ့် ပုံမှန် မီးသဂြိုလ်ပေးနေတဲ့ အရေအတွက်ထက် အများကြီးပိုများနေတော့ အဲဒါတွေဟာ Covid-19 ကြောင့် သေဆုံးတာမျိုး ဖြစ်နိုင်တယ်၊ ရုပ်အလောင်းတွေ များလွန်းတာကြောင့် အခေါင်းဝယ်ယူရ ခက်ခဲလာလို့ အခေါင်းမပါပဲ စောင်ပတ်၊ ဖျာပတ်ပြီး မီးသဂြိုလ်ကြရတယ်၊ ညဘက် ရောက်သည် အထိ အလောင်းအားလုံး မီးသဂြိုလ်လို့ မပြီးစီးနိုင်တာကြောင့် ရုပ်အလောင်းတွေကို ထားရစ်ခဲ့ရပြီး မီးသဂြိုလ်စက် တာဝန်ရှိသူတွေကပဲ ညဘက် မီးသဂြိုလ်ပေးကြရတယ်လို့ ဆိုကြပါတယ်။ နောက်ရက်မှာတော့ ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီဟာ ရေဝေးမှာ သဂြိုလ်ရတဲ့ ရုပ်အလောင်းတွေ များပြားလွန်းတော့ အခြား ထိန်ပင်၊ ကျီစုနဲ့ ကျူးချောင် သုသာန်တွေမှာပါ မီးသဂြိုလ်နိုင်အောင် မြို့နယ် ခွဲခြားပေးတဲ့ မေတ္တာရပ်ခံချက် တစ်ခု ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။ အဓိပ္ပါယ်ကတော့ ဒါတွေဟာ အခုရက်ပိုင်းအတွင်း ရန်ကုန်မှာ Covid-19 နဲ့ သေဆုံးသူ များပြားနေတယ် ဆိုတဲ့ အထောက်အထားတွေပါပဲ။

တကယ်တော့ မြန်မာနိုင်ငံမှာ ကိုဗစ် တတိယလှိုင်းဟာ ၂၀၂၁ ဇွန်လဆန်းမှာ အစပြုခဲ့ပြီး နေ့စဉ် ကူးစက်ခံရသူ ပျမ်းမျှ ရာဂဏန်း ဝန်းကျင် ရှိခဲ့ပါတယ်။ အရင် အင်န်အယ်လ်ဒီ အစိုးရ လက်ထက်တုန်းကတော့ ကိုဗစ် တားဆီးကာကွယ် တိုက်ဖျက်ရေး ကော်မတီဟာ မြို့တိုင်းလိုလိုလောက်မှာ Fever clinic တွေ ဖွင့်လှစ်ထားပြီး ကိုယ်အပူချိန် ရှိသူတွေနဲ့ ကိုဗစ် ကူးစက်ခံ သံသယ ရှိသူတွေကို လက်ခံ စစ်ဆေးပေးပါတယ်။ စစ်ဆေးချက်အရ ဗိုင်းရပ်စ် ကူးစက်ခံရသူတွေကို ဆေးရုံနဲ့ကုသရေး စင်တာတွေကို ပို့သလို၊ အတူနေ မိသားစုဝင်တွေကို နေအိမ် ကွာရင်တင်း ဒါမှမဟုတ် သီးခြား ဖွင့်လှစ်ထားတဲ့ ကွာရင်တင်း စင်တာတွေ ပို့ပြီး စောင့်ကြည့်၊ ဒါမှမဟုတ် ကုသမှုပေးပါတယ်။ ကုသမှုပေးရာမှာလည်း သာမန် အခြေအနေ၊ သာမန်ထက် စိုးရိမ်ရတဲ့ အခြေအနေ၊ အထူးဂရုစိုက် ကြပ်မတ် ကုသရမယ့် အခြေအနေတွေ အလိုက် ကြိုတင်ပြင်ဆင်ထားတဲ့ ကုသရေးနေရာတွေကို ခွဲခြားပို့တဲ့ စနစ် ကျင့်သုံးခဲ့တာ တွေ့နိုင်ပါတယ်။
လက်ရှိ အခြေအနေ အရင်တုန်းကလို Fever clinic တွေ ဖွင့်လှစ်ထားတာ မရှိလေတော့ ပြည်သူတွေဟာ ဆေးရုံတွေသွားလို့လည်း ကုတင်မရှိလို့ လက်မခံ ငြင်းပယ်ခံရ၊ ဘယ်သွားလို့ ဘယ်မှာ ပြရမယ် ဆိုတဲ့ အခြေအနေ မသိ ဆိုတာမျိုး ဖြစ်ပျက်ခဲ့တာပါ။

ကူးစက်မှုတွေ အတော်များလာတဲ့ ဇူလိုင် ပထမ အပတ်ကျမှ စစ်ကောင်စီ ကျန်းမာရေး ဌာနကနေ ကိုဗစ် သံသယ လူနာတွေနဲ့ ကူးစက်ခံရသူတွေ ကျန်းမာရေး စောင့်ရှောက်မှုကို ဘယ်လို ခံယူရမလဲ ဆိုတဲ့ အစီအစဉ် တစ်ခု ထုတ်ပြန်လာပြီး ဇွန်လ ၁၂ ရက်နေ့က လုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာလည်း ပြောဆိုခဲ့တာ တွေ့ရပါတယ်။ အဲဒီအစီအစဉ်အရ ကိုဗစ် ကူးစက်ခံရသူတွေ၊ သံသယ ရှိသူတွေ၊ ထိတွေ့ခဲ့သူတွေဟာ အရင်ဆုံး သက်ဆိုင်ရာ မြို့နယ် ဒေသန္တရ ဆေးခန်းတွေကို သွားပြရမယ်၊ အဲဒီဆေးခန်းတွေကနေ ကိုဗစ် စစ်ဆေးနိုင်တဲ့ နေရာတွေကို ပို့လွှတ်၊ စစ်ဆေးစေပြီး တကယ်လို့ ကိုဗစ် ကူးစက်ခံရသူတွေဆိုရင် “ ပြည်သူ့ဆေးရုံများသို့ လူနာ တက်ရောက် ကုသမှု ခံယူနိုင်ရေး စီမံခန့်ခွဲမှု ကော်မတီ” ဆိုတာကို အကြောင်းကြားပေးမယ်လို့ ဆိုပါတယ်။
အဲဒီကော်မတီကမှသာ လူနာကို ဘယ်ဆေးရုံ၊ ဘယ် ကုသရေးစင်တာတွေဆီ သွားရမယ်လို့ ဆုံးဖြတ်၊ အကြောင်းပြန်ကြားပေးမှာဖြစ်ပြီး အဲဒီ ပြန်ကြားချက်ရမှ စင်တာ ဒါမှမဟုတ် ဆေးရုံက လက်ခံ ကုသပေးမှာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒါပေမယ့်လည်း ကုသရေးစင်တာတွေ၊ ဆေးရုံတွေမှာ လူတွေ ပြည့်နေတာမျိုးလည်း ရှိတယ်လို့ သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်ချုပ်ဇော်မင်းထွန်းက ပြောပါတယ်။ အဲလို လူတွေကတော့ နေအိမ်မှာပဲ သီးခြားခွဲ နေရမှာပဲလို့ သတင်းစာရှင်းပွဲမှာ မေးခွန်းတွေဖြေတဲ့ ကျန်းမာရေးဝန်ကြီးဌာန ညွှန်ကြားရေးမှူးက ပြောပါတယ်။

အဲဒီ သတင်းစာရှင်းပွဲမှာပဲ ဗိုလ်ချုပ်ဇော်မင်းထွန်းနဲ့ ကျန်းမာရေး ညွှန်မှူးက ကိုဗစ် လူနာ လက်ခံနိုင်တဲ့ အနေအထားတွေကို ရှင်းပြပါတယ်။ သူတို့ရှင်းပြချက်အရ ကိုဗစ် ကုသနိုင်ဖို့ ရန်ကုန်က ဆေးရုံကြီးတစ်ချို့မှာ ကုတင်နည်းနည်းစီ၊ ကုသရေးဌာန မင်းဓမ္မမှာ ကုတင် ၂၅၀၊ ကုသရေးဌာန မရမ်းကုန်းမှာ ကုတင် ၅၀၀၊ ကုသရေးဌာန သုဝဏ္ဏမှာ ကုတင် ၃၀၀၊ ကုသရေးဌာန လှိုင်မှာ ကုတင် ၅၄၀၊ ဒဂုံဆိပ်ကမ်းမှာ ၁၉၂၀၊ ကုသရေးဌာန ဖေါင်ကြီးမှာ ကုတင် ၄၀၀၊ စုစုပေါင်း ရန်ကုန်တိုင်းမှာ ၃၉၀၀ လောက် ပြင်ဆင်ထားပြီး အဲဒါတွေထဲက အများစုဟာ သာမန် သက်တောင့်သက်သာ ကုသရမယ့် လူနာတွေလောက် ထားဖို့ ဆိုပြီး ဖြေပါတယ်။ တကယ်တော့ သူတို့ အင်တာဗျူးဖြေတဲ့ ဇူလိုင် ၁၂ ရက်နေ့မှာ ကိုဗစ် ကူးစက်ခံရသူ ၅၀၁၄၊ စုစုပေါင်း လက်ခံကုသရမယ့် Active လူနာပေါင်း ၄၅၂၄၀ ရှိနေပြီး အများစုက ရန်ကုန်မှာပါ။ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ အဲဒီ ကိန်းဂဏန်းတွေကို နှိုင်းယှဉ်ကြည့်လိုက်ရင်ပဲ ကူးစက်ခံရသူတွေကို လက်ခံ ကုသပေးနိုင်မယ့် ကုတင်နေရာ အလွန်နည်းပါးနေသလို၊ သိန်းနဲ့ချီ အရေအတွက် ရှိနိုင်မယ့် သူတို့နဲ့ ထိတွေ့ခဲ့သူတွေကို ခွဲခြားပြီး Quarantine ဝင်စေမယ့် နေရာတွေ ရှိမနေတာကိုလည်း တွေ့မြင်ကြရမှာပါ။

နောက်တစ်ချက် ဆန်းစစ်ကြည့်ဖို့ လိုတာက လက်ရှိ ကိုဗစ် ကူးစက်၊ သေဆုံးမှု အရေအတွက်တွေဟာ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေ အတိုင်းပဲလား ဆိုတာပါ။ သူတို့ ထုတ်ပြန်ခဲ့တဲ့ ကိန်းဂဏန်းတွေကို ပြန်စစ်ဆေးကြည့်လိုက်ရင် အာဏာသိမ်းပြီးနောက်ပိုင်း ဗိုင်းရပ်စ် ရှိမရှိ နေ့စဉ် စစ်ဆေးခဲ့တဲ့၊ စစ်ဆေးနေတဲ့ အရေအတွက် အတော်လေး နည်းနေတဲ့အတွက် အဲဒီကနေ တဆင့် ဖော်ပြတဲ့ ကူးစက်ခံ အရေအတွက်၊ သေဆုံး အရေအတွက်ကလည်း နည်းပါးနေမှာ ဖြစ်ပါတယ်။ လက်ရှိ ဗိုင်းရပ်စ် ကူးစက်ခံရပြီး ဘယ်ကိုမှ သတင်းမပို့ပဲ ကိုယ့်နေအိမ်မှာပဲ ကိုယ်နေပြီး ကိုယ့်ဖာသာကိုယ် ကုသနေသူတွေ မြို့ရွာရပ်ကွက်တွေထဲ အများကြီးရှိနေတာကလည်း စစ်ကောင်စီက ထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေဟာ တကယ်လက်တွေ့ အခြေအနေကို ထင်ဟပ်မနေဘူးဆိုတာ ပြသနေသလိုလည်း ဖြစ်စေတယ်။

လက်ရှိ ဖြစ်ပေါ်နေတဲ့ အခြေအနေတစ်ခုလုံးကို ကြည့်လိုက်ရင် ကိုဗစ် ကူးစက်ခံရသူတွေနဲ့ ထိတွေ့ခဲ့သူတွေဟာ သူတို့ကို ကုသပေးမယ့်၊ ခွဲခြားစောင့်ကြည့်ပေးမယ့် နေရာတွေကို သွားစရာမရှိလို့ နေအိမ်တွေမှာပဲ ကိုယ့်ဖာသာကိုယ် ကုသရတာ၊ အဲဒီမှာ နားလည်တတ်ကျွမ်းတဲ့ ဆရာဝန်တွေရဲ့ ကုသမှု မရတာ၊ အောက်စီဂျင် လုံလုံလောက်လောက် မရတာ အပါအဝင် အခြား အကြောင်းအမျိုးမျိုးကြောင့် သေဆုံးနေကြရတာ၊ သေဆုံးသူ အရေအတွက် များပြားနေတာတွေကို နားလည်နိုင်မယ် ဖြစ်ပါတယ်။ ဒါ့အပြင် လက်ရှိ ဗိုင်းရပ်စ် ကူးစက်ခံရသူနဲ့ သေဆုံးသူ အရေအတွက်ဟာ စစ်ကောင်စီ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ကိန်းဂဏန်းတွေထက် အများကြီး ပိုများနေမယ် ဆိုတာကလည်း သံသယ ဖြစ်စရာ မလိုပါဘူး။ တကယ်တော့ လက်ရှိ ကိုဗစ် ကမ္ဘာ့ကပ်ရောဂါကို ရင်ဆိုင်ဖို့ရာ သက်ဆိုင်ရာ တိုင်းပြည် အာဏာပိုင် အဖွဲ့အစည်းရဲ့ နိုင်ငံသားတွေအပေါ် ကိုယ်က ကာကွယ်စောင့်ရှောက်ရမယ့် မိဘ ပြည်သူတွေအဖြစ် သဘောထားဖို့၊ ကိုဗစ်ကို ရင်ဆိုင်ရာမှာ ကောင်းမွန်တဲ့ စီမံခန့်ခွဲမှု ချမှတ် အကောင်အထည် ဖော်နိုင်ဖို့၊ ကိုဗစ် ကာကွယ်တိုက်ဖျက်ရေး လုပ်ငန်းထဲ ပြည်သူတစ်ရပ်လုံး ပါဝင်လာအောင် စည်းရုံးနိုင်ဖို့ လိုအပ်မှာ ဖြစ်ပါတယ်။ ဒါပေမယ့် အာဏာသိမ်း စစ်ကောင်စီမှာ အဲလို အနေအထားမျိုး မတွေ့၊ မမြင်ရတာကြောင့် ကိုဗစ်တတိယလှိုင်း ပြသနာ အခုထက် ပိုပြီး ဆိုးလာနိုင်ကြောင်းပါ။

ပြည်တွင်း သတင်းသုံးသပ်ချက် (ဦးစည်သူအောင်မြင့်)
please wait

No media source currently available

0:00 0:07:18 0:00









XS
SM
MD
LG