သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုက်တာသတင်းထောက် အမှု ပြည်ထဲရေးကို သိက္ခာကျစေသလား


ဒုရဲမှူး မိုးရန်နိုင် ထွက်ဆိုချက်အပြီး တရားရုံးအပြင်ထွက်လာစဉ်
ဒုရဲမှူး မိုးရန်နိုင် ထွက်ဆိုချက်အပြီး တရားရုံးအပြင်ထွက်လာစဉ်

အခုတပတ်အတွင်း စိတ်ဝင်စားဖို့ အကောင်းဆုံး သတင်းကတော့ ဖမ်းဆီးခံထားရတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့နှစ်ယောက်ရဲ့ အမှုကိစ္စပါပဲ။ ဧပြီလ ၂၀ ရက်နေ့ ရုံးချိန်းမှာ တရားလိုပြ သက်သေတစ်ယောက်ဖြစ်တဲ့ ဒုရဲမှူးမိုးရန်နိုင်ကို စစ်ဆေးပါတယ်။ ဒီ ဒုရဲမှူးဟာ ကိုဝလုံးတို့ကို ဖမ်းဆီးပြီးချိန် သူနဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ကိုလည်း ၁၉၂၃ ခုနှစ် မြန်မာနိုင်ငံအစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ၊ ရဲစည်းကမ်း ထိမ်းသိမ်းရေး ဥပဒေတွေ အရ အရေးယူမယ် ဆိုပြီး ပြည်ထဲရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ထားသူ ဖြစ်ပါတယ်။ အခုရုံးချိန်း ဒုရဲမှူးမိုးရန်နိုင် တရားခွင်မှာ ဘာတွေ ထွက်ဆိုခဲ့သလဲ၊ ဒီအမှုကြောင့် ပြည်ထဲရေးဝန်ကြီးဌာန ဂုဏ်သိက္ခာ ထိခိုက်လာနေပြီလား ဆိုတာ ခုတစ်ပတ် တင်ပြသွားပါ့မယ်။

ဖြစ်စဉ်အကျဉ်းကို ပြန်ပြောပြရရင် ပြီးခဲ့တဲ့ ၂၀၁၇ ဒီဇင်ဘာ ၁၂ ရက်နေ့ညက ရိုက်တာ သတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်၊ ရန်ကုန် ထောက်ကြံ့မှာ လုံခြုံရေးရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်းကို ခံရပါတယ်။ ပြင်ပကို ပေါက်ကြားလာတဲ့ ရဲမှတ်တမ်းမှာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေဟာ ထောက်ကြံ့နယ်မြေ ရဲစခန်းအပိုင် အမှတ် ၃ လမ်းမကြီးနဲ့ နီလာ လမ်းဆုံနေရာမှာ ယာဉ်စစ် ပိတ်ဆို့တာဝန်ဆောင်ရွက်နေခဲ့တယ်။ အဲဒီအချိန် အမှတ်(၃) လမ်းမကြီးအတိုင်း တောင်ကနေ မြောက်ဘက်ကို လမ်းလျောက်လာတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တွေ့ပြီး မသင်္ကာလို့ ရပ်တန့် စစ်ဆေး ရှာဖွေတယ်၊ သူတို့နှစ်ယောက်ဆီကနေ ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှု ဖြစ်စဉ်ကာလ ရဲတပ်ဖွဲ့ကနေ အထက်ကို အစီရင်ခံတဲ့ စာ မိတ္တူတွေကို တွေ့လို့ ဖမ်းဆီးလိုက်တယ်၊ နောက်တော့ သူတို့ကို ထောက်ကြံ့နယ်မြေ ရဲစခန်းမှာ မြန်မာနိုင်ငံအစိုးရ လှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ အမှုဖွင့်ထားတယ် ဆိုပြီး ဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး ဖမ်းဆီးခံရတဲ့ ကာယကံရှင် ကိုဝလုံးတို့ ပြောတာကတော့ သူတို့ကို ရဲတပ်ဖွဲ့ဝင်တွေက ချိန်းဆိုလို့ အမှတ်(၈) လုံခြုံရေး ရဲတပ်ရင်းကို အင်တာဗျူးလုပ်ဖို့ သွားတာဖြစ်တယ်၊ အဲဒီကနေ ချိန်းဆိုတဲ့ ရဲတပ်ဖွဲ့ဝင်နဲ့အတူ အနားက စားသောက်ဆိုင်ကိုသွား၊ အဲဒီ ရဲတပ်ဖွဲ့ဝင်က ရခိုင်ပြည်နယ် မြောက်ပိုင်းနဲ့ ဆိုင်တဲ့ အထောက်အထားကိုပေး၊ ဒါကိုဖွင့်ကြည့်ခွင့်မရှိပဲ ယူလိုက်ပြီး စားသောက်ဆိုင် အထွက်မှာပဲ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ဖမ်းဆီးခြင်းကို ခံလိုက်ရတယ်လို့ ဆိုပါတယ်။ ကိုဝလုံးတို့ရဲ့ အဲဒီလို ပြောဆိုမှု နဲ့ အခြား အခြေအနေ အရပ်ရပ်ကို အကြောင်းပြုပြီး ရိုက်တာ သတင်းထောက်နှစ်ယောက် ထောင်ချောက်ဆင် ဖမ်းဆီးခံရတာ ဖြစ်နိုင်ကြောင်း ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်သုံးသပ်မှုတွေ ထွက်ပေါ်လာစေပါတယ်။

အခုနောက်ဆုံး တရားရုံးကို ရုံးထုတ်လာတဲ့ ဒုရဲမှူး မိုးရန်နိုင်ရဲ့ သတင်းထောက်တွေကို ပြောကြားချက်၊ တရားရုံးမှာ ထွက်ဆိုချက်တွေနဲ့ အရင်က ဖြစ်ပျက်ခဲ့တာတွေ ဆက်စပ်ကြည့်လိုက်ရင် ဒီ အမှုဟာ ထောင်ချောက်ဆင် ဖမ်းဆီးပြီး တည်ဆောက်ခဲ့တယ် ဆိုတာ သေခြာသလောက် ဖြစ်သွားစေပါတယ်။

တရားခွင်အတွင်းမှာ ဒုရဲမှူးမိုးရန်နိုင် ထွက်ဆိုသွားတာတွေကို ရိုက်တာသတင်းထောက်တွေရဲ့ ရှေ့နေတွေဖြစ်တဲ့ ဦးခင်မောင်ဇော်နဲ့ ဦးသန်းဇော်အောင်တို့ သတင်းထောက်တွေကို ပြန်ပြီး ရှင်းပြတာက ကိုဝလုံးတို့ နှစ်ယောက်ဟာ သူတို့ အဖမ်းမခံရခင် အချိန်က အဲဒီ အမှတ်(၈) လုံခြုံရေး ရဲတပ်ရင်းက ရဲမှူး မိုးရန်နိုင်အပါအဝင် (၆) ယောက်နဲ့ တွေ့ဆုံခဲ့ကြောင်း၊ အဲဒီတွေ့ဆုံမှု အပြီး (၆) ယောက်လုံး ယာယီ ထိမ်းသိမ်းခံခဲ့ရကြောင်း၊ နောက်တော့ (၄) ယောက်ကို ပြန်လွှတ်ပေးခဲ့ပြီး ဒုရဲမှူးမိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ နှစ်ယောက်ကို ဆက်ပြီး ချုပ်နှောင်ထားခဲ့ကြောင်း၊ အဲဒီနောက် ရဲမှူးချုပ် တင်ကိုကိုက ရိုက်တာ သတင်းထောက် နှစ်ယောက်ကို ဖမ်းဖို့ ညွှန်ကြားခဲ့တယ်လို့ ဆိုပါတယ်။ အဲဒီလို ဖမ်းဖို့ အတွက် ဝလုံးတို့နဲ့ တွေ့ဆုံရာမှာ ပါဝင်ခဲ့ပြီး အဖမ်းမခံရတဲ့ ရဲတပ်ဖွဲ့ဝင် နိုင်လင်းကို ဝလုံးနဲ့ ဆက်သွယ်စေပြီး၊ စာရွက်စာတမ်း တစ်ချို့ကိုပေး၊ ဝလုံးတို့ လက်ထဲ ရောက်အောင် ထည့်ခိုင်းပြီး ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

ဒီနေရာမှာ ရိုက်တာ သတင်းထောက် နှစ်ယောက် ဖမ်းဆီးခံရစဉ် ၂၀၁၇ ဒီဇင်ဘာ ၁၃ရက်နေ့ ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီး မြဝတီ အပါအဝင် အစိုးရပိုင် သတင်းစာတွေမှာ ဖော်ပြခဲ့တဲ့ သတင်းကို ပြန်လေ့လာကြည့်ဖို့ လိုပါတယ်။ အဲဒီ ထုတ်ပြန်ချက်မှာ ရိုက်တာ သတင်းထောက်နှစ်ယောက်ဟာ လုံခြုံရေးရဲတပ်ဖွဲ့ဝင်တွေဆီ ချဉ်းကပ်ပြီး ရခိုင်ပြည်နယ်နဲ့ ပတ်သက်တဲ့ အရေးကြီး အချက်အလက်တွေ၊ တပ်ဖွဲ့နဲ့ ဆိုင်တဲ့ အရေးကြီး လုံခြုံရေး စာရွက်စာတမ်း အထောက်အထားတွေကို ပြည်ပသတင်းဌာနတွေကို ပေးပို့ဖို့ တရားမဝင် သတင်းရယူ ဆောင်ရွက်ခဲ့တယ်၊ ဒါကြောင့် သူတို့နှစ်ယောက်ကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ ပုဒ်မ ၃ နဲ့ အမှုဖွင့်ခဲ့တယ်၊ အလားတူ ပါဝင်ပတ်သက်ခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်း တို့နှစ်ယောက်ကိုလည်း မြန်မာနိုင်ငံ အစိုးရ လျှို့ဝှက်ချက် အက်ဥပဒေ၊ ရဲစည်းကမ်း ထိမ်းသိမ်းရေး ဥပဒေတွေနဲ့ အရေးယူမယ်ဆိုပြီး ဖော်ပြခဲ့ပါတယ်။

ပြည်ထဲရေးဝန်ကြီးဌာန သတင်းထုတ်ပြန်ချက်အရ ဒုရဲမှူး မိုးရန်နိုင်နဲ့ ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ နှစ်ယောက်ဟာ ရိုက်တာ သတင်းထောက်နှစ်ယောက်ကို အရေးကြီး စာရွက်စာတမ်းတွေ၊ လျှို့ဝှက်ချက်တွေ ပေးလို့ အဖမ်းခံရတဲ့ သဘော သက်ရောက်စေခဲ့ပါတယ်။ ဒါပေမယ့် တရားရုံးမှာ ဒုရဲမှူး မိုးရန်နိုင် ထွက်ဆိုချက်အရ ဝလုံးတို့ကို စာရွက်စာတမ်းတွေ ပေးခဲ့တာ သူ မဟုတ်ဘူး၊ တကယ့်လက်တွေ့ စာရွက်စာတမ်းတွေ ပေးသူတွေဖြစ်တဲ့ ရဲတပ်ဖွဲ့ဝင် နိုင်လင်းတို့လည်း တစ်စုံတစ်ရာ အရေးယူခံရမှု မရှိဘူးဆိုတာ ပေါ်လွင်သွားစေခဲ့ပါတယ်။ ဒါကြောင့် ရိုက်တာသတင်းထောက်နှစ်ယောက်ကို ရဲတပ်ဖွဲ့က ပြည့်တန်ဆာ အမှုဖမ်းသလို၊ အသွင်ယူ ခေါ်တွေ့၊ စာရွက်စာတမ်းတွေပေး၊ ပြီးတာနဲ့ ချက်ခြင်းဆိုသလို ဖမ်းဆီး လုပ်ခဲ့တယ် ဆိုတာ ငြင်းလို့မရတဲ့ အချက် အဖြစ် ပေါ်ပေါက်လာပါတယ်။

အခု အမှုက မပြီးသေးပါဘူး။ တရားလို ရှေ့နေအဖြစ် ဆောင်ရွက်နေတဲ့ ဥပဒေအကျိုးဆောင်က တရားရုံးမှာ ထွက်ဆိုခဲ့တဲ့ ဒုရဲမှူး မိုးရန်နိုင်ကို မယုံကြည်ရသော သက်သေ အဖြစ် ရှေ့ရုံးချိန်းမှာ လျောက်လဲပါလိမ့်မယ်။ တရားခံတွေဘက်ကလည်း ပြန်လည် ခုခံချေပမှာ ဖြစ်ပြီး တရားသူကြီးရဲ့ အဆုံးအဖြတ်ကို ရယူရမှာပါ။ တကယ်လို့ လက်ရှိ တရားရုံးက ဒုရဲမှူးမိုးရန်နိုင်ကို မယုံကြည်ရသော သက်သေအဖြစ် အဆုံးအဖြတ် ပေးခဲ့ရင် တရားခံတွေဘက်က အထက် တရားရုံး အဆင့်ဆင့်ကို ပြင်ဆင်ချက် တက်ဦးမှာ ဖြစ်တယ်လို့ တရားခံရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။

တရားရုံးက ဘယ်လိုပဲ ဆုံးဖြတ်သည်ဖြစ်စေ သတင်းမီဒီယာတွေရဲ့ ဖော်ပြချက်ကြောင့် အများပြည်သူ အမြင်မှာ ဒီအမှုဟာ အမှုဆင် ဖမ်းဆီးခဲ့တာဖြစ်ကြောင်း ယုံကြည်နေကြပြီ ဖြစ်ပါတယ်။ ယုံကြည်ရလောက်တဲ့ သက်သေ အချက်အလက် အထောက်အထားတွေကြောင့် ယုံကြည်နေကြတာ ဖြစ်ပါတယ်။ အခုခေတ်ဟာ အရင် စစ်အာဏာရှင်တွေ ခေတ်တုန်းကလို အာဏာရှိသူတွေဘက်က လုပ်ချင်သလို လုပ်လို့ မလွယ်ကူတော့ဘူး ဆိုတာပါ။ ပြည်ထဲရေးဝန်ကြီးဌာနဟာ အရင် အမှောင်ခေတ်တုန်းကလို တရားရုံးတွေကို ကိုယ်ဆုံးဖြတ်စေချင်တာကို ဆုံးဖြတ်ခိုင်းလို့ မရတော့သလို၊ အစိုးရကလည်း ပြည်သူလူထုက ရွေးကောက်တင်မြှောက်ထားတဲ့ အစိုးရဖြစ်နေပြီ ဆိုတာပါ။ မီဒီယာ ဆိုတာကလည်း ဘယ်ခေတ်အခါတုန်းကနဲ့မှ မတူအောင် အားကောင်းမောင်းသန် ဖြစ်နေတာကလည်း အခုအမှု တင်ပြပုံတွေကိုကြည့်ရင် သိနိုင်ပါပြီ။ ဒီအတွက် အမှုကို စွဲတင်တဲ့ ပြည်ထဲရေးဝန်ကြီးဌာနဘက်က အမှုကြောင့် တစ်နေ့ထက် တစ်နေ့ ဂုဏ်သိက္ခာ ကျဆင်းလာတာကို ဆက်သွားမလား၊ အမှုကို ဂုဏ်သိက္ခာရှိရှိ အဆုံးသတ်နိုင်အောင် ကြိုးစားမလား ဆိုတာ ရွေးချယ်ဖို့ လိုနေပြီ ဖြစ်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG