သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တပ်မတော် သတင်းမှန်ရှင်းပွဲ ဘာတွေ ထူးခြားလဲ


ဗိုလ်ချုပ် စိုးနိုင်ဦး ဦးဆောင်တဲ့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က သတင်းစာရှင်းလင်းပွဲ
ဗိုလ်ချုပ် စိုးနိုင်ဦး ဦးဆောင်တဲ့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က သတင်းစာရှင်းလင်းပွဲ

ပြီးခဲ့တဲ့ ဇွန်လ ၂ ရက်နေ့က နေပြည်တော် စစ်သမိုင်းပြတိုက်မှာ ဗိုလ်ချုပ် စိုးနိုင်ဦး ဦးဆောင်တဲ့ တပ်မတော် သတင်းမှန် ပြန်ကြားရေး အဖွဲ့က သတင်းစာရှင်းလင်းပွဲ တစ်ခု လုပ်ပါတယ်။ နေပြည်တော် အခြေစိုက် သတင်းထောက် အတော်များများ တက်ရောက်တဲ့ အဲဒီ ပွဲမှာ ပြန်ကြားရေး အဖွဲ့ဘက်က အချက် အလက် အကြောင်းအရာ အတော်များများကို ရှည်ရှည်လျားလျား ရှင်းပြသလို၊ သတင်းထောက်တွေရဲ့ မေးခွန်းပေါင်း များစွာကိုလည်း ဖြေပါတယ်။ အဲဒီ သတင်းစာရှင်းလင်းပွဲ မှတ်တမ်းကို တပ်မတော်ပိုင် မြဝတီ သတင်းစာက ပုံနှိပ်ဖော်ပြရာမှာ တစ်ရက်ကို သတင်းစာ စာမျက်နှာ ၂ မျက်နှာနှုန်းနဲ့ ၄ ရက်ဆက်တိုက် ဖော်ပြရသည်အထိ ရှည်လျားပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ဒီ ရှင်းလင်းမှုတွေမှာ တပ်မတော်ရဲ့ ငြိမ်းချမ်းရေး နဲ့ ပတ်သက်တဲ့ သဘောထား၊ AA အဖွဲ့နဲ့ ပတ်သက်တဲ့ ရပ်တည်ချက်၊ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး၊ တပ်မတော်နဲ့ တရားဥပဒေ စိုးမိုးရေး စတဲ့ အကြောင်းအရာ မျိုးစုံ ပါဝင်ပြီး စိတ်ဝင်စားဖို့လည်း ကောင်းပါတယ်။ တပ်မတော်ရဲ့ ဒီနေ့ ရပ်တည်ချက်၊ လုပ်ဆောင်ချက်တွေ နဲ့ ပတ်သက်ပြီး ဘယ်လို အကျိုးဆက်တွေ ဖြစ်လာနိုင်မလဲ ဆိုတာ ခုတစ်ပတ် လေ့လာ ဆန်းစစ် တင်ပြသွားပါ့မယ်။

တပ်မတော်ရဲ့ ရှင်းလင်းချက်တွေ ဖြေကြားချက်တွေထဲမှာ အရေးအကြီးဆုံး အပိုင်းက ငြိမ်းချမ်းရေး နဲ့ ပတ်သက်ပါတယ်။ အားလုံးသိကြပြီဖြစ်တဲ့အတိုင်း တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် ၁၀ ဖွဲ့ NCA လို့ ခေါ်တဲ့ တစ်တိုင်းပြည်လုံးဆိုင်ရာ အပစ်ရပ်စာချုပ် လက်မှတ်ရေးထိုးထားပြီး ဖြစ်တဲ့တိုင် တရားဝင် ဆွေးနွေးပွဲတွေ ရပ်ဆိုင်းနေပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့မတိုးသာ နောက်မဆုတ်သာ အခြေအနေ ရောက်နေပါတယ်။ အကြောင်းရင်းကတော့ တပ်မတော်ဘက်က ဆုပ်ကိုင်ထားတဲ့ တစ်ခုတည်းသော တပ်မတော် မူနဲ့ ပြည်ထောင်စုက ခွဲမထွက်ရ ဆိုတဲ့ စာသားအကြောင်းအရာတွေပါ။ အခု သတင်းစာရှင်းပွဲမှာတော့ ဗိုလ်ချုပ် စိုးနိုင်ဦးက ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး တပ်မတော်ဘက်ကတော့ တစ်ခုတည်းသော တပ်မတော် မူဝါဒ အတိုင်း ဆက်ပြီး ရပ်တည်နေတဲ့အကြောင်း၊ ခွဲမထွက်ရနဲ့ ပတ်သက်ပြီးတော့လည်း Don’t လို့ ပြောကြားထားပြီး ဖြစ်တဲ့အကြောင်း၊ Don’t လို့ မပြောရင် Do လုပ်လို့ရတဲ့ အယူအဆတွေ ရှိတဲ့အကြောင်း၊ တပ်မတော်အနေနဲ့ ဖက်ဒရယ်စနစ်နဲ့ ဒီမိုကရေစီကို လက်ခံပေမယ့် ခွဲထွက်လို့ မရတဲ့အကြောင်း၊ ငြိမ်းချမ်းရေး မူဝါဒ ၆ ရပ် ချမှတ်ထားပြီးဖြစ်လို့ လုံး၀ ပြောင်းလဲမှာ မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ ဒီအချက်တွေကိုကြည့်ရင် လတ်တလော ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ တစ်ဆို့နေတဲ့ ပြသနာကို သိပ်မကြာခင်မှာ ဖြေရှင်းနိုင်လိမ့်မယ်လို့တော့ မယူဆနိုင်ပါဘူး။

ငြိမ်းချမ်းရေးနဲ့ ပတ်သက်ရင် NCA လက်မှတ် ထိုးမထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေ အရေးလည်း ရှိနေပြန်ပါတယ်။ ကေအိုင်အို၊ ရခိုင် AA၊ တအာန်း တပ်ဖွဲ့၊ ကိုးကန့် တပ်ဖွဲ့ (၄) ဖွဲ့နဲ့ အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် အဖွဲ့ နောက်ဆုံး တွေ့ဆုံခဲ့ချိန်က တိုင်းရင်းသား (၄) ဖွဲ့ဘက်ကနေ နှစ်ဖက် အပစ်အခတ် ရပ်စဲရေး လုပ်ဖို့ ဆွေးနွေးထားတာ ရှိနေပါတယ်။ ဒီ သတင်းစာရှင်းလင်းပွဲမှာတော့ တပ်မတော်ဘက်က NCA လမ်းကြောင်းအတိုင်းပဲ ဆောင်ရွက်သွားမှာ ဖြစ်တဲ့အကြောင်း၊ NCA ထီးရိပ်အောက်ကိုပဲ ဝင်လာဖို့ လိုတဲ့အကြောင်း ပြောဆိုခဲ့ပါတယ်။ လတ်တလော ငြိမ်းချမ်းရေး ကော်မရှင်နဲ့ မြောက်ပိုင်း ၄ ဖွဲ့တွေ့ဆုံရေး နေရာသတ်မှတ်ချက် ညှိနှိုင်းလို့ မရသေးသလို၊ တစ်ဖက်က အပစ်အခတ် ရပ်စဲရေး၊ တစ်ဖက်က NCA စာချုပ် ပဲ ဆိုရင်တော့ ရှေ့တိုးနိုင်မယ့်လမ်းတော့ သိပ် မမြင်နိုင်သေးပါဘူး။

သတင်းထောက်တွေထဲမှာ AA ရခိုင်တပ်ဖွဲ့နဲ့ ဖြစ်ပွားနေတဲ့ တိုက်ပွဲတွေနဲ့ ပတ်သက်ပြီး အပစ်အခတ် ရပ်စဲရေး လုပ်ပြီး ဆွေးနွေးကြရင် မကောင်းဘူးလား မေးမြန်းသူ ရှိခဲ့ပါတယ်။ တပ်မတော်ဘက်ကတော့ ရခိုင်ပြည်နယ်မှာ AA အခြေချခြင်းကို လက်မခံတဲ့အကြောင်း၊ Stability Operation လို့ခေါ်တဲ့ တည်ငြိမ်မှု စစ်ဆင်ရေးကို ဆောင်ရွက်နေတယ် ဆိုပြီး ပြတ်ပြတ်သားသား ပြောဆိုခဲ့ပါတယ်။

ပြန်ကြားရေးအဖွဲ့က ရှင်းတဲ့အထဲမှာ အရပ်ဘက် စစ်ဘက် ဆက်ဆံရေးဆိုင်ရာ မှတ်သားစရာ တစ်ချို့လည်း ပါပါတယ်။ အဲဒါကတော့ အင်းဒင်ရွာ လူသတ်မှုနဲ့ ထောင်ဒဏ်နှစ်ရှည် ကျခံနေရတဲ့ တပ်မတော်သားတွေကို တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က ထောင်ဒဏ် တစ်နှစ် ပြောင်းလဲပြီး လွှတ်ပေးလိုက်တဲ့ ကိစ္စပါ။ ဒါဟာ ကာကွယ်ရေးဦးစီးချုပ်က တပ်မတော် ဥပဒေနဲ့အညီ ဆောင်ရွက်တာ ဖြစ်ပြီး သူ့အဆုံးအဖြတ်ဟာ နောက်ဆုံး အတည်ဖြစ်တယ်လို့ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။ သူက “ဥပဒေ အကြောင်းအရာအရတော့ အဲဒါက တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်ရဲ့ အဆုံးအဖြတ်ပဲ။ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရဲ့ အဆုံးအဖြတ်ဖြစ်တဲ့အတွက်ကြောင့် သူက ဒီဟာတွေနဲ့ ပတ်သက်ပြီး စစ်ဘက်တရား စီရင်ရေးနဲ့ပတ်သက်ပြီးတော့ကျ အစိုးရဘက်ကနေပြီး မေးလာရင်တော့ ပြန်ပြောပြဖို့ တာဝန်ရှိတယ်။ သို့သော် ဒီမှာ ဘယ်လိုဆုံးဖြတ်ခဲ့တယ် ဆိုတာနဲ့ပတ်သက်ပြီးတော့ကျ၊ စစ်ဘက်တရား

စီရင်ရေးအမှုတိုင်းကို ဘယ်လိုဆုံးဖြတ်တယ် ဆိုတာနဲ့ပတ်သက်ပြီးတော့ကျ ပြန်ပြောဖို့တာဝန်တော့၊ သမ္မတဆီကို ပြန်ပြောဖို့ တာဝန်တော့ အခြေခံဥပဒေမှာ ထည့်ရေးထားတာ တော့မရှိဘူး။ သူ့ကို အပြီးအပြတ်ပေးထားတာ ဖြစ်တယ်” လို့ ပြောခဲ့ပါတယ်။ ဒီလောက်ဆိုရင် အရပ်ဘက် စစ်ဘက် ဆက်ဆံရေး တပ်မတော်ခေါင်းဆောင်တွေရဲ့ သဘောထားကို မှန်းဆလို့ ရနိုင်ပါတယ်။

ပြန်ကြားရေး အဖွဲ့ဘက်က ရှင်းတဲ့အထဲမှာ မီဒီယာသမားတွေ၊ ဖွဲ့စည်းပုံ ပြင်ရေး ဟောပြောသူတွေ၊ သံချပ်ထိုးသူတွေ၊ facebook မှာ Post ရေးတင်သူတွေကို တပ်မတော်က တရားစွဲနေတဲ့ ကိစ္စလည်း ပါပါတယ်။ ခုဆိုရင် တပ်မတော်ဟာ ဒါရိုက်တာ မင်းထင်ကိုကိုကြီး၊ ဗိုလ်ကြီးဟောင်း နေမျိုးဇင်၊ မာန်(တောင်လုံးပြန်)၊ ဒေါင်းတို့မျိုးဆက် သံချပ်အဖွဲ့ဝင် (၇)ယောက်၊ ဧရာဝတီ သတင်းဌာန အယ်ဒီတာ ကိုရဲနည်၊ DMG သတင်းဌာနက အယ်ဒီတာချုပ်နဲ့ အမှုဆောင်ဒါရိုက်တာ ကိုအောင်မင်းဦး၊ မန္တလေးက ရွှေဝါရောင်ဆရာတော် ဦးသောဘိတ (အလင်္ကာကြယ်) စတဲ့သူတွေကို ဆက်သွယ်ရေး ဥပဒေ ပုဒ်မ ၆၆(ဃ)၊ အာမခံမရနိုင်တဲ့ ပုဒ်မ ၅၀၅(က)၊ ၅၀၅(ခ)၊ ပုဒ်မ ၁၇(၂) စတာတွေနဲ့ တရားစွဲထားပါတယ်။ DMG သတင်းဌာနကိုတော့ သတင်းရဲတပ်ဖွဲ့က စွဲတာဖြစ်ပြီး ကျန်တဲ့အမှုအားလုံး တပ်မတော်အရာရှိတွေက အမှုဖွင့်ထားတာတွေပါ။

ဒါနဲ့ပတ်သက်ပြီး ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ မီဒီယာတွေကို တရားစွဲတယ်ဆိုတာ အခုခေတ်မှမဟုတ် အရင် ပါလီမန် ဒီမိုကရေစီခေတ်ကတည်းက ရှိခဲ့တဲ့အကြောင်း၊ အဲဒီခေတ်က မီဒီယာ အချင်းချင်း တရားစွဲတာတောင် ရှိခဲ့တဲ့အကြောင်း၊ အခု တပ်မတော်က စွဲတယ်ဆိုတာ အမှုနည်းနည်းလေးပဲ ဖြစ်တဲ့အကြောင်း၊ အခြေခံဥပဒေ ပုဒ်မ ၃၄၇ မှာ နိုင်ငံသားတိုင်းဟာ ဥပဒေရဲ့ အကာအကွယ်ကို တန်းတူညီမျှ ရပိုင်ခွင့်ရှိသလို၊ တပ်မတော်အနေနဲ့လည်း သူ့ရဲ့ဂုဏ်သိက္ခာအတွက် ဥပဒေရဲ့ အကာအကွယ်ကို ရယူပိုင်ခွင့်ရှိတယ်လို့ ခြေပ ပြောဆိုခဲ့ပါတယ်။ လိုအပ်ရင် နောက်ထပ်လည်း တရားစွဲဦးမယ့် သဘောပါ။

ငြိမ်းချမ်းရေး၊ တိုက်ပွဲ၊ အရပ်ဘက် စစ်ဘက် ဆက်ဆံရေး၊ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် စတာတွေနဲ့ ပတ်သက်ပြီး မီဒီယာတွေက ဘယ်လိုပဲ ဝေဖန်ရေးသားတာတွေ ရှိပေမယ့် ဗိုလ်ချုပ်ထွန်းထွန်းညီကတော့ “ ငြိမ်းချမ်းရေးကို တပ်မတော်က လိုလိုလားလားနဲ့ ဆောင်ရွက်နေတာ ဖြစ်တဲ့အတွက် တပ်မတော်က လုပ်လို့ ငြိမ်းချမ်းရေး ပျက်စီးတယ်၊ ဆက်မသွားနိုင်ဘူး၊ ငြိမ်းချမ်းရေး မတိုးနိုင်ဘူး အခြေအနေမျိုး ဆိုတာ ဖြစ်နိုင်သလား မဖြစ်နိုင်ဘူးလား၊ အားလုံး စဉ်းစားကြည့်ကြဖို့ လိုတယ်” ဆိုပြီး ပြောဆိုခဲ့ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG