ပြီးခဲ့တဲ့ ရက်ပိုင်းက ဗိုလ်ချုပ်ကြီးဟောင်း၊ လွှတ်တော်ဥက္ကဌဟောင်း သူရဦးရွှေမန်းရဲ့ ကိုယ်ရေးအထုပ္ပတ္တိ ဆန်ဆန် စာအုပ်ငယ်တစ်အုပ် ရေးသားထုတ်ဝေပါတယ်။ စာအုပ်နာမည်ကိုတော့ “သူ၊ ကျွန်တော်နှင့် မြန်မာနိုင်ငံ့အရေး” လို့ ခေါင်းစဉ်ပေးထားပါတယ်။ အထုပ္ပတ္တိ ဆန်ဆန်ဆိုပေမယ့် ငယ်စဉ်ကတည်းက စတဲ့ ဇာတ်လမ်းမျိုးတော့ မဟုတ်ပါဘူး။ ၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာတဲ့ လွှတ်တော်မှာ သူ ဥက္ကဌ အဖြစ် တာဝန်ယူနေတဲ့အချိန် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံပြီး နောက်ပိုင်းကာလ သူဖြတ်သန်းရတဲ့ နိုင်ငံရေး အခြေအနေပါ။ သူ့ရှေ့က တပ်မတော် ခေါင်းဆောင်ဟောင်းတွေ ဖြစ်ကြတဲ့ ဗိုလ်ချုပ်ကြီးဟောင်းခင်ညွန့်၊ ဒုဗိုလ်ချုပ်ကြီးဟောင်း ထွန်းကြည်တို့လည်း ကိုယ်ရေး အထုပ္ပတ္တိ တွေ ရေးသား ထုတ်ဝေဖူးတာမို့ အခုဆို အဲဒီ စစ်ဗိုလ်ဟောင်းတွေထဲ သူရဦးရွှေမန်း တစ်ယောက်လည်း စာရင်းဝင်သွားခဲ့ပါပြီ။ သူ့စာအုပ်မှာ ဘာတွေ ရေးသားဖော်ပြထားသလဲ၊ အဖြစ်မှန်က ဘာတွေလဲ၊ ဘာတွေ ထူးခြားသလဲ ဆိုတာ ခုတစ်ပတ် လေ့လာ တင်ပြသွားပါ့မယ်။
စာအုပ်ထဲမှာ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲအပြီး လွှတ်တော်ထဲမှာ ဒေါ်အောင်ဆန်းစုကြည်နဲ့ စပြီး တွေ့ဆုံပုံ၊ ကိစ္စ တစ်ချို့ အတူလက်တွဲ ဆောင်ရွက်ခဲ့ကြပုံ၊ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်နိုင်ရေး ကြိုးစားခဲ့ကြပုံ၊ ပြည်ခိုင်ဖြိုးပါတီတွင်း အာဏာသိမ်းပွဲ ကြုံရပြီး ပါတီခေါင်းဆောင် အဖြစ်ကနေ သူ ဖယ်ရှားခံခဲ့ရပုံ၊ ၂၀၁၅ ရွေးကောက်ပွဲ ဝင်ပြီး ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ပုံ၊ ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ အင်န်အယ်လ်ဒီ ပါတီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို အာဏာရှင်ဟောင်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ဆုံနိုင်အောင် သူ စီစဉ်ပေးခဲ့ပုံ၊ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီ အာဏာလွဲှပြောင်းရယူရေး ချောချောမွေ့မွေ့ဖြစ်အောင် လွှတ်တော် ဥက္ကဌ အနေနဲ့ သူဆောင်ရွက်ပေးခဲ့ပုံ စတာတွေ ဖော်ပြခဲ့ပါတယ်။
ဗိုလ်ချုပ်ကြီးဟောင်း သူရရွှေမန်းဟာ သူ့အရင် ရှေ့က စစ်ဗိုလ်ချုပ်ဟောင်းတွေလိုပဲ သူ လုပ်ခဲ့ကိုင်ခဲ့တဲ့ လုပ်ရပ်တွေကို လုပ်ရပ်ကောင်းတွေ အဖြစ် ပုံဖော်ကြရာမှာတော့ တူညီကြပါတယ်။ ဒါပေမယ့် တကယ့် လက်တွေ့ အဖြစ်မှန်နဲ့ ကွဲလွဲတဲ့ အချက်တွေလည်း တွေ့ကြရပါတယ်။ ဥပမာ ဖွဲ့စည်းပုံပြင်ရေး လွှတ်တော်တွင်း ကြိုးပမ်းတဲ့ ကိစ္စမျိုးပါ။ စာအုပ်ထဲမှာ သူရဦးရွှေမန်းက “တကယ်တော့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်လိုခြင်းသည် ဒေါ်အောင်ဆန်းစုကြည် (သူ့) အတွက် မဟုတ်။ ပြည်သူအတွက် နိုင်ငံအတွက် အဓိက ဖြစ်သည်။ ပြည်သူများဇ။် ဆန္ဒအပေါ် မူတည်ပြီး အခြေခံ ဥပဒေကို ပြင်ဆင်ခြင်းဖြင့် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ် ပိုမိုလျင်မြန်လာနိုင်ခြင်း၊ နိုင်ငံဇ။် တည်ငြိမ်အေးချမ်းမှု ပိုမိုတိုးတက်ကောင်းမွန်လာခြင်း၊ အမျိုးသားပြန်လည် သင့်မြတ်ရေး ပိုမိုကောင်းမွန်လာခြင်း ဆိုသည့် ရလာဒ်ကောင်းများ ရရှိမည်ဟု ကျနော့် အနေဖြင့် ယုံကြည်ခဲ့သည်” ဆိုပြီး ဖော်ပြခဲ့ပါတယ်။ တကယ်လက်တွေ့ အဲဒီအချိန်က လွှတ်တော်ထဲမှာ ဖွဲ့စည်းပုံ ပြင်ရေး သဘောထား သုံးမျိုးလောက် ရှိတာတွေ့ရပါတယ်။ တစ်မျိုးကတော့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီ ပါတီက ဖြစ်ပြီး ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့ ကိုက်ညီအောင် ပြုပြင်ချင်တာပါ။ သူရဦးရွှေမန်း စည်းရုံးထားတဲ့ ပြည်ခိုင်ဖြိုး အမတ် အများစုကတော့ သူရဦးရွှေမန်း သမ္မတ ဖြစ်နိုင်ရေး အထောက်အကူ ဖြစ်စေမယ့် အချက်တွေကို ပြင်လိုပြီး တပ်မတော်သားတွေကတော့ ဖွဲ့စည်းပုံကို လုံး၀ မပြင်လိုကြပါဘူး။
အကြမ်းဖျဉ်း ပြောရမယ်ဆိုရင် ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆိုတာဟာ ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား အမတ် ၂၅ ရာခိုင်နှုန်းနဲ့ ရွေးကောက်ပွဲမှာ အနိုင်ရအောင် လုပ်ပြီး လွှတ်တော်ထဲ ရောက်လာမယ့် ပြည်ခိုင်ဖြိုးပါတီ အမတ် ၂၅ ရာခိုင်နှုန်းကျော် ပေါင်းပြီး သမ္မတ အပါအဝင် အစိုးရအာဏာရယူဖို့ ဖန်တီးရေးဆွဲထားတာပါ။ ဖွဲ့စည်းပုံမှာ သမ္မတကပဲ အစိုးရတစ်ဖွဲ့လုံး၊ တိုင်းနဲ့ပြည်နယ်တွေက ဝန်ကြီးချုပ် အားလုံးကို ခန့်အပ်တာမို့ သမ္မတ နေရာ အရေးကြီးပါတယ်။ ဒါကြောင့် တပ်မတော်ဘက်က အမတ်တွေနဲ့ ပြည်ခိုင်ဖြိုးဘက်က အမတ်တွေပေါင်းတဲ့ အုပ်စုက ဘယ်သူ့ကို သမ္မတ တင်မလဲ ဆိုတဲ့ ကိစ္စ အရေးကြီးပါတယ်။
၂၀၀၈ ဖွဲ့စည်းပုံဆိုတာဟာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် အဆက်ဆက် သမ္မတ ရာထူးယူကြဖို့ ဖန်တီးထားတာမို့ တပ်မတော်ဘက်ကသာလျင် သမ္မတ ဘယ်သူလုပ်မလဲ ဆိုတာကို ဆုံးဖြတ်ကြမှာပါ။ အဓိပ္ပါယ်ကတော့ တပ်မတော်ဟာ ပင်မ အင်အားဖြစ်ပြီး ပြည်ခိုင်ဖြိုးပါတီ ဆိုတာကတော့ တပ်မတော်က မွေးထုတ်ထားတဲ့ ၊ တပ်မတော်ဘက်ကလာသူ သမ္မတ ဖြစ်အောင် ဖြည့်ဆည်း၊ ပံ့ပိုးပေးရမယ့် ပါတီပုံစံ ဖြစ်နေလို့ပါပဲ။ နောက်ပိုင်း တပ်မတော်ဘက်က သူရဦးရွှေမန်းကို ဖယ်ရှားလိုတဲ့အခါ လုံခြုံရေးအင်အားသုံးပြီး ဗြောင်ကျကျ ပါဝင်ခဲ့တာကို ကြည့်ရင် အဲဒီအချက် မှန်ကန်ကြောင်း သက်သေ အထောက်အထား တစ်ခုအဖြစ် မြင်တွေ့နိုင်ကြပါတယ်။
ဒါကြောင့် သမ္မတ ဖြစ်ချင်တယ်လို့ အတိအလင်း ထုတ်ဖော်ပြောဆိုထားတဲ့ သူရဦးရွှေမန်းဟာ ဖွဲ့စည်းပုံပြင်ဆင်တဲ့အခါ ဘယ်အချက်တွေကို ထည့်သွင်းသုံးသပ်ပါ ဆိုပြီး တရားဝင် လမ်းညွှန်မှု ပေးခဲ့ပါတယ်။ အဲဒီအထဲမှာ နိုင်ငံတော် သမ္မတ၊ ဒုသမ္မတတွေနဲ့ ပြည်ထောင်စုဝန်ကြီး အဆင့်တွေကို ခန့်အပ် တာဝန်ပေးရာမှာ ရွေးကောက်ခံ ကိုယ်စားလှယ် ဖြစ်ရမယ် ဆိုတဲ့ အချက်လည်း ပါဝင်ခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ တပ်မတော်ထဲက ကာကွယ်ရေး ဦးစီးချုပ် အပါအဝင် ဘယ်စစ်ဗိုလ်ချုပ်တွေဖြစ်ဖြစ် သမ္မတ၊ ဒုသမ္မတ၊ ဝန်ကြီးလုပ်ချင်ရင် တပ်က အနားယူပြီး ရွေးကောက်ပွဲ ဝင်ဖို့ လိုပါလိမ့်မယ်။ ရွေးကောက်ပွဲဝင်ရင် ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ပဲ ဝင်ရမှာဖြစ်လို့ သူ့ဦးဆောင်မှုအောက်ကနေ၊ သူနေရာချထားပေးတဲ့ နေရာကနေ ရွေးကောက်ပွဲ ဝင်ကြရမယ့် သဘောဖြစ်ပါတယ်။ သူပြင်စေချင်တာသာ ပြင်နိုင်ခဲ့ရင် သူရဦးရွှေမန်း သမ္မတ ဖြစ်ဖို့ လမ်းစ ပွင့်ကောင်း ပွင့်လာနိုင်ပါတယ်။ ဒါပေမယ့် သူပြင်ချင်တဲ့ အချက်ဟာ တပ်မတော်နဲ့ ပြည်ခိုင်ဖြိုး ပေါင်းထားတဲ့ အစုအဖွဲ့မှာ ပြည်ခိုင်ဖြိုးပါတီဘက်က ဦးဆောင်မှုကို ရယူမယ် ဆိုတဲ့ သဘောဖြစ်တာကြောင့် တပ်မတော်ဘက်က ခါးခါးသီးသီး ငြင်းဆန်ပြီး သူရဦးရွှေမန်းကို ဆန့်ကျင်တဲ့ သဘောထား အဲဒီအချိန်ကတည်းက စတင်ခဲ့တာ ဖြစ်နိုင်ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် သမ္မတ ဖြစ်ချင်တဲ့ သူရဦးရွှေမန်း သူ့အကြံအစည် မအောင်မြင်ရုံမက ၂၀၁၅ သြဂုတ်လ ၁၂ ရက်နေ့ ညမှာ ပါတီခေါင်းဆောင် နေရာကပါ ဖယ်ရှားခံလိုက်ရပါတယ်။ အဲဒီနေ့က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး သူရဦးရွှေမန်းက သူ့ရဲ့ စာအုပ်ထဲမှာ မနက်ပိုင်းမှာ ရွေးကောက်ပွဲ ဝင်မယ့် ပြည်ခိုင်ဖြိုးအမတ်လောင်းတွေကို သူ အမှာစကား ပြောကြားခဲ့တဲ့အကြောင်း၊ “ ထိုနေ့ ညဦးပိုင်းတွင် လုံခြုံရေးတပ်ဖွဲ့က ပါတီဌာနချုပ်အား သိမ်းပိုက်စီးနင်းကာ ပါတီရုံးဝန်ထမ်းများကို စုဝေး ထိန်းချုပ်လိုက်သည်” ဆိုပြီး အတိအလင်း ဖော်ပြထားတာ တွေ့ရပါတယ်။ နောက် စာအုပ်ရဲ့ တ နေရာမှာ ရွေးကောက်ပွဲရှုံးပြီးနောက် သူ့သေနတ်ကို ခေါင်းအုံးအောက်မှာ ချတာကို သူ့ဇနီးတွေ့သွားတော့ မလိုတော့ဘူး ဆိုပြီး ပြောတဲ့ အခန်းလည်း ပါဝင်ပါတယ်။
သူရဦးရွှေမန်းရဲ့ စာအုပ်ကို ခြုံငုံကြည့်လိုက်ရင် ဖွဲ့စည်းပုံ ပြင်ရေးလို အဖြစ်မှန်နဲ့ လွဲနေတဲ့ အချက်တွေ ပါဝင်ပေမယ့် ပြည်ခိုင်ဖြိုးပါတီတွင်း ပြသနာ တပ်မတော်ဘက်က လုံခြုံရေးအင်အားသုံးပြီး ဖြေရှင်းတာ၊ အာဏာရှင် အငွေ့အသက် မပျောက်သေးတဲ့နိုင်ငံမှာ ဗိုလ်ချုပ်ကြီးဟောင်း၊ လွှတ်တော်ဥက္ကဌ တ ယောက်တောင် သူ့အသက်အန္တရာယ် လုံခြုံမှုမရှိတာ သိနိုင်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ အင်န်အယ်လ်ဒီ ပါတီ အာဏာလွဲှပြောင်း ရယူနိုင်ရေး ကိစ္စ ကူညီမှု အတွက်ကိုတော့ ချီးကျူးထိုက်စရာ ဖတ်ရှုရပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။