သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြည်ခိုင်ဖြိုးပါတီ ရဲ့ အနာဂတ်အလားအလာ


 ပြည်ခိုင်ဖြိုးပါတီ
ပြည်ခိုင်ဖြိုးပါတီ
တိုက်ရိုက် လင့်ခ်

ခုဆို ၂၀၂၀ အထွေထွေ ရွေးကောက်ပွဲကြီး အောင်အောင်မြင်မြင် ကျင်းပပြီးသွားပါပြီ။ နိုင်ငံတကာနဲ့ ပြည်တွင်း လေ့လာစောင့်ကြည့်ရေး အဖွဲ့တွေရဲ့ အစီရင်ခံစာအရ ရွေးကောက်ပွဲ ဖြစ်စဉ်နဲ့ မဲပေးတဲ့နေ့မှာ ပြသနာကြီးကြီးမားမား မရှိခဲ့ပဲ မဲဆန္ဒရှင်တွေဟာ သူတို့ဆန္ဒရှိသလို လွတ်လွတ်လပ်လပ် မဲပေးခွင့်ရကြတယ်လို့ ဆိုကြပါတယ်။ နောက်ဆုံးရလာဒ်တွေအရ အင်န်အယ်လ်ဒီ ပါတီ အပြတ်အသတ် အနိုင်ရသွားပါပြီ။ တပ်မတော် ကျောထောက်နောက်ခံ ပေးထားတဲ့ ပြည်ခိုင်ဖြိုးပါတီကတော့ ပြည်ထောင်စု အဆင့်အတွက် ၃၃ နေရာရပြီး ၄၁ နေရာ ရခဲ့တဲ့ ၂၀၁၅ ခုနှစ်တုန်းကနဲ့ နှိုင်းယှဉ်ရင် ၂၀% လောက် ပိုနည်းသွားတာ တွေ့ရပါတယ်။ ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး ဝင်ပြိုင်ကြတဲ့ အနိုင်ရပါတီ၊ အနိုင်မရ ပါတီ အများစု အပါအဝင် ပြည်တွင်းပြည်ပ လေ့လာစောင့်ကြည့် အဖွဲ့တွေနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောဆိုနေကြပြီလည်း ဖြစ်ပါတယ်။ ထူးခြားတာကတော့ ဒီ ရွေးကောက်ပွဲ ရလာဒ်ကို စစ်တပ်က ပေါက်ဖွားလာပြီး စစ်တပ်ကပဲ ကျောထောက်နောက်ခံပေးထားတဲ့ အတိုက်အခံ ပြည်ခိုင်ဖြိုးပါတီက လက်မခံဘူးလို့ ဆိုထားတဲ့အပြင် ရွေးကောက်ပွဲကို နောက်တစ်ကြိမ် ပြန်ကျင်းပပေးဖို့ အထိ တောင်းဆိုနေပါတယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ ဘာကြောင့် ဒီလို ရှုံးနိမ့်ခဲ့ရသလဲ၊ နောင် အနာဂတ် ကာလမှာရော အလားအလာကောင်းတွေ ရှိနေနိုင်သေးလား ဆိုတဲ့ ကိစ္စ၊ စိတ်ဝင်စားဖို့ ကောင်းပါတယ်။ ခုတစ်ပတ် အဲဒီအကြောင်း လေ့လာ တင်ပြသွားပါ့မယ်။

အားလုံးသိကြပြီဖြစ်တဲ့ အတိုင်း ပြည်ခိုင်ဖြိုးပါတီ ဆိုတာ အရင် စစ်အာဏာရှင်တွေ လက်ထက် တည်ထောင်ထားတဲ့ ပြည်ခိုင်ဖြိုး အသင်းကြီးကနေ ပေါက်ဖွားလာတာပါ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအရ မြန်မာနိုင်ငံမှာ စစ်ဘုရင်မင်းဆက် အချိန် အကြာကြီး အုပ်စိုးသွားနိုင်အောင် စစ်အာဏာရှင်တွေကပဲ စနစ်တကျ ဖွဲ့စည်းပေးထားတဲ့ ပါတီပါ။ သမ္မတ ရွေးနိုင်၊ အစိုးရဖွဲ့နိုင်တဲ့ ပြည်ထောင်စု အဆင့် လွှတ်တော်ထဲမှာ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ်က တိုက်ရိုက်ခန့်တဲ့ တပ်မတော်သား ကိုယ်စားလှယ် ၂၅% ကိုထည့်၊ ရွေးကောက်ပွဲကနေ တက်လာမယ့် ပြည်ခိုင်ဖြိုး အမတ်တွေနဲ့ ပေါင်းပြီး သမ္မတရွေးနိုင်၊ အစိုးရဖွဲ့နိုင်ဖို့ ဖွဲ့စည်းပေးထားခဲ့တာပါ။ ဒီ အတွက် ပြည်ခိုင်ဖြိုးပါတီဟာ ရွေးကောက်ပွဲကျင်းပတဲ့ဆီမှာ ပြည်ထောင်စု အဆင့် မဲဆန္ဒနယ်မြေ စုစုပေါင်းရဲ့ ၃၄% လောက် နိုင်ရင်ကိုပဲ အစိုးရဖွဲ့နိုင်ပါပြီ။ အဲဒီလောက် အတိုင်းအတာ အနိုင်ရဖို့ကိုလည်း ဥပဒေ၊ နည်းဥပဒေ ပြဌာန်းပေးတာ၊ ရွေးကောက်ပွဲ ကော်မရှင် အဆင့်ဆင့်နဲ့ အုပ်ချုပ်ရေး ယန္တယား အဆင့်ဆင့်က နည်းပေါင်းစုံသုံး ပံ့ပိုးပေးဖို့လည်း ပြင်ဆင်ထားခဲ့တာ ဖြစ်ပါတယ်။

၂၀၁၀ ရွေးကောက်ပွဲတုန်းကတော့ အင်န်အယ်လ်ဒီ နဲ့ တိုင်းရင်းသား အတိုက်အခံပါတီတွေ ရွေးကောက်ပွဲ ဝင်လို့ မဖြစ်နိုင်အောင် ဥပဒေ ကန့်သတ်ချက်တွေလုပ်၊ ပါတီခေါင်းဆောင်တွေကို ထောင်ထဲ ထည့်ထားပြီးမှ ကျင်းပလို့ ပြည်ခိုင်ဖြိုးပါတီ ပြိုင်ဘက် မရှိပဲ အပြတ်အသတ် အနိုင်ရခဲ့ပါတယ်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲမှာတော့ နဂို စီမံကိန်းချထားသလို ဖြစ်မလာတော့ပါဘူး။ ရွေးကောက်ပွဲ အကြိုကာလ ပြည်ခိုင်ဖြိုးပါတီအတွင်း စစ်ဗိုလ်ချုပ်ဟောင်းတွေ အချင်းချင်း အကြီးအကျယ် ကွဲပြဲမှုတွေဖြစ်ခဲ့ပြီး ပါတီ ယာယီဥက္ကဌ ဗိုလ်ချုပ်ကြီးဟောင်း သူရဦးရွှေမန်း လက်ထဲရောက်နေတဲ့ ပါတီကို တပ်မတော် အကူအညီနဲ့ ပြန်လည်ရယူ၊ ဦးရွှေမန်းဂိုဏ်းသားတွေကို ဖယ်ရှားခဲ့ပါတယ်။ ဒါပေမယ့် ရွေးကောက်ပွဲမှာ အကြီးအကျယ် ရှုံးနိမ့်မှုကိုတော့ ရှောင်လွဲှနိုင်ခြင်း မရှိခဲ့ပါဘူး။

၂၀၁၆ ခုနှစ် အင်န်အယ်လ်ဒီ ပါတီ အာဏာရလာပြီးနောက်ပိုင်း ပြည်ခိုင်ဖြိုးပါတီဟာ တပ်မတော် ကျောထောက်နောက်ခံပြု ပါတီအဖြစ် ပြန်ပြီး တည်ဆောက်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ရွေးကောက်ပွဲကို ရည်ရွယ်ပြီး ရွေးကောက်ပွဲမှာ ပြည်သူတွေဆီက မဲတွေရအောင်၊ တနည်းအားဖြင့် ပြည်သူကြိုက်ပါတီ ဖြစ်လာအောင် မူဝါဒ အပါအဝင် ပြုပြင်ပြောင်းလဲမှု လုပ်တာမျိုးကိုတော့ မတွေ့ကြရပါဘူး။ လွှတ်တော်ထဲမှာလည်း အင်န်အယ်လ်ဒီကို အတိုက်အခံလုပ်ဖို့ အင်အား သိပ်မရှိတဲ့အခါ တပ်မတော်နဲ့ ပေါင်းပြီးမှ အတိုက်အခံ လုပ်ရတဲ့ အခြေအနေ ဆိုက်ရောက်သွားစေပါတယ်။

တကယ်တော့ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့ တပ်မတော်နဲ့ အဲလို ပူးပေါင်းပြနေခြင်းအားဖြင့် ရွေးကောက်ပွဲမှာ ပြည်သူတွေ မဲပေးမှာ မဟုတ်ဘူး၊ ပြည်သူကြိုက် ဖြစ်မှာ မဟုတ်ဘူး ဆိုတာမျိုးကိုလည်း ထည့်သွင်းစဉ်းစားခြင်း ရှိခဲ့ပုံ မရပါဘူး။ ပြောရရင် ၂၀၁၅ နိုဝင်ဘာ ကနေ ၂၀၂၀ နိုဝင်ဘာ ၅ နှစ်တာ အချိန်ရခဲ့သည့်တိုင် ငွေအား၊ ဓနဥစ္စာအား၊ ကျောထောက်နောက်ခံအား ရှိပါလျက်နဲ့ ပြည်ခိုင်ဖြိုးပါတီဟာ ပြည်သူအများကြိုက် မူဝါဒ ချမှတ်တာ၊ အကောင်အထည် ဖော်တာ၊ စည်းရုံးတာ ဘာတစ်ခုမှ မယ်မယ်ရရ လုပ်တာ မတွေ့ကြရပါဘူး။ ဘာသာရေး လူမျိုးရေး မုန်းတီးမှုတွေကို ဟိုနားတစ်စ ဒီနားတစ်စ မီးပွားလိုက်ချနေတဲ့ မျိုးချစ်လို့ ခေါ်တဲ့ အုပ်စုငယ်တွေကို မသိမသာ တစ်မျိုး သိသိသာသာ တစ်ဖုံ ထောက်ခံအားပေးရင်း ပြည်သူလူထု မကြိုက် မနှစ်သက်တဲ့ အနေအထား ပိုပိုပြီး ရောက်လာတာကိုပဲ တွေ့ကြရပါတယ်။

ရွေးကောက်ပွဲ အကြိုကာလမှာတော့ ပိုဆိုးပါတယ်။ မဲရအောင် ပြည်သူလူထုကို နည်းအမျိုးမျိုးနဲ့ စည်းရုံး ဆွဲဆောင်ရမယ့်အစား၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ကို ဝေဖန် ပြစ်တင်တာတွေကိုပဲ တောက်လျောက် လုပ်ကိုင်လာခဲ့ပါတယ်။ ပိုဆိုးတာက ရွေးကောက်ပွဲ နီးလာချိန်မှာ ပြည်သူလူထု ထောက်ခံမှုမရလို့၊ လွှတ်တော်ထဲ လုံး၀ ကိုယ်စားမပြုနိုင်တဲ့ ပါတီတစ်ချို့ကို ဦးဆောင်ပြီး တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်နဲ့ တွေ့၊ သွယ်ဝိုက်ပြီး အာဏာသိမ်းဖို့ တောင်းဆိုတဲ့ ပွဲကို စီစဉ်သူ ဖြစ်ခဲ့ပြန်ပါတယ်။ ဒါကြောင့် အခု ရွေးကောက်ပွဲမှာတော့ ပြည်ထောင်စု အဆင့် မဲဆန္ဒနယ်မြေ စုစုပေါင်းရဲ့ ၇% လောက်ပဲရှိမယ့် ၃၃ နေရာပဲ နိုင်ပါတော့တယ်။ ဆက်ပြီး ဆန်းစစ်ကြည့်လိုက်ရင် အနိုင်ရတယ် ဆိုတဲ့ မဲဆန္ဒနယ်မြေတွေ ဆိုတာကလည်း ကိုကိုးကျွန်းလို၊ ဇေယျာသီရိလို၊ ကရင်ပြည်နယ် ဖာပွန်လို အစရှိသဖြင့် တပ်မဲအမျိုးမျိုးရတဲ့ နေရာတွေ ဖြစ်နေတာကိုလည်း တွေ့ရပြန်ပါတယ်။ ပြောရရင် တကယ့် မဲဆန္ဒရှင် ပြည်သူတွေကြားမှာဆိုရင် အနိုင်ရဖို့ မဖြစ်နိုင်လောက်တဲ့ ပါတီအဖြစ် ရောက်မှန်းမသိ ရောက်သွားနေတာ သတိပြုမိနိုင်ပါတယ်။ အားလုံးကို နိဂုံးချုပ်လိုက်ရင် ပြည်ခိုင်ဖြိုးပါတီ ခေါင်းဆောင်တွေဟာ အရင် စစ်အာဏာရှင်တွေ ချမှတ်ပေးသွားတဲ့ လွှတ်တော်ထဲက တပ်မတော်သား ကိုယ်စားလှယ်တွေနဲ့ ပေါင်းပြီး အစိုးရအာဏာ ရယူနိုင်ရေး၊ ရွေးကောက်ပွဲမှာ ၃၄% လောက်အနိုင်ရဖို့ ပြည်သူတွေဆီကနေ ဆန္ဒမဲ ရယူပေးရမယ့် တာဝန် ထမ်းဆောင်နိုင်ခြင်း မရှိတော့ဘူး ဆိုတာ သေခြာသလောက် ဖြစ်သွားပါပြီ။

လာမယ့်အချိန် ပြည်ခိုင်ဖြိုးပါတီကို ပြည်သူ့အကြိုက်ပါတီ၊ မဲရအောင် လုပ်မယ့် ပါတီအဖြစ် အသွင်ပြောင်းမယ် ဆိုရင်လည်း တပ်မတော်ရဲ့ ရပ်တည်ချက်နဲ့ သွေဖီတဲ့ ပါတီ၊ နဂို စစ်အာဏာရှင်တွေ ချမှတ်ထားတဲ့ လမ်းကြောင်းကနေ သွေဖီသွားမယ့် ပါတီအဖြစ် ရောက်ရှိ သွားနိုင်ပါတယ်။ လက်ရှိ ရွေးကောက်ပွဲ အပြီးမှာ ပြည်ခိုင်ဖြိုးနဲ့ မိတ်ဖက် အဖွဲ့အစည်းတွေက ထုတ်တဲ့ ထုတ်ပြန်စာမှာ တပ်မတော် နာမည် တိုက်ရိုက် မသုံးစွဲတော့သလို၊ ရွေးကောက်ပွဲ ရလာဒ်ကို လက်မခံဘူး ဆိုတဲ့ ပြည်ခိုင်ဖြိုးရဲ့ ရပ်တည်ချက်၊ တပ်မတော်ရဲ့ သဘောထား မဟုတ်ဘူး ဆိုပြီး တပ်မတော်ဘက်က ထုတ်ပြောလာတာမျိုး ရှိနေပါပြီ။ နောင် တပ်မတော်ဘက်ကသာ ပြည်ခိုင်ဖြိုးပါတီကို အသုံးမပြုတော့ဘူး ဆိုတဲ့ အခြေအနေမျိုးကို ရောက်လာခဲ့ရင်တော့ ပြည်ခိုင်ဖြိုးပါတီဟာ အရင် မြန်မာ့ဆိုရှယ်လစ်လမ်းစဉ် မဆလ ပါတီကနေ အသွင်ပြောင်းထားတဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး တစည ပါတီနည်းတူ တဖြေးဖြေး မှေးမှိန်သွားမယ့် ပါတီအဖြစ် ရောက်ရှိသွားနိုင်ကြောင်းပါ။

--------------------------------------------










XS
SM
MD
LG