သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ငြိမ်းချမ်းရေး ရှေ့မတိုး နောက်မဆုတ် ဖြစ်နေသလား


တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား
တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးခြင်း (၂) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် အခမ်းအနား

ခုဆိုရင် အစိုးရနဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ (၈) ဖွဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် NCA ကို လက်မှတ် ရေးထိုးနိုင်ခဲ့တာ ၂ နှစ် ရှိသွားပါပြီ။ ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးသမားတစ်ချို့က မြန်မာနိုင်ငံ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်နဲ့ ပတ်သက်ပြီး ဒီ ၂ နှစ်တာ ကာလ အတွင်း တိုးတက်မှုတွေ ရှိခဲ့တယ်လို့ ဆိုပေမယ့် NCA လက်မှတ် ထိုးမထားတဲ့ လက်နက်ကိုင် အဖွဲ့တွေနဲ့ နိုင်ငံရေးသမား တစ်ချို့ကတော့ အဲဒီလို မမြင်ကြပါဘူး။ တစ်ချို့ကတော့ ငြိမ်းချမ်းရေး ဖြစ်စဉ် တိုးတက်မှုတော့ ရှိပါရဲ့၊ ဒါပေမယ့် နှေးကွေးလွန်းတယ် ဆိုပြီး ဝေဖန်ကြတာတွေလည်း ရှိပါတယ်။ NCA စာချုပ် လက်မှတ်ရေးထိုးနိုင်တာ ဘယ်လောက် အရေးကြီးသလဲ၊ ၂ နှစ်တာ အတွင်း တိုးတက် ဖြစ်ထွန်းမှုတွေကို ကြည့်ပြီး ငြိမ်းချမ်းရေး လုပ်ငန်းစဉ် ရှေ့မတိုး နောက်မဆုတ်နိုင် ဖြစ်နေသလား ဆိုတာ ခုတစ်ပတ် လေ့လာ သုံးသပ် တင်ပြသွားပါ့မယ်။

မြန်မာ့နိုင်ငံရေး သမိုင်းမှာ NCA စာချုပ် ပေါ်ပေါက်လာအောင် ကြိုးစားနိုင်ခဲ့ခြင်းဟာ မှတ်တိုင် တစ်ခုလို့ ဆိုရင်တော့ မမှားပါဘူး။ အကြောင်းကတော့ ကချင်၊ ကရင် နဲ့ ရှမ်း အစရှိတဲ့ မြန်မာနိုင်ငံရဲ့ အရေးပါတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေက အဆိုပြုခဲ့တဲ့ အချက်တွေကို အခြေခံပြီး အစိုးရနဲ့ တပ်မတော်က လိုက်ပါ ညှိနှိုင်းဆောင်ရွက်ရင်း ရလာတဲ့ စာချုပ် တစ်ခု ဖြစ်လို့ပါပဲ။ ဒါပေမယ့် စာချုပ်ကို လက်မှတ်ရေးထိုးကာနီးမှာ အစိုးရနဲ့ တပ်မတော်ဘက်က ငြိမ်းချမ်းရေး လုပ်ငန်း စတင်ပြီး နောက်ပိုင်းမှ ပေါ်ပေါက်လာတဲ့ ကိုးကန့်၊ တအာန်းပလောင်၊ ရခိုင် AA တပ်ဖွဲ့ သုံးဖွဲ့ကို လက်မှတ်ရေးထိုးခွင့် မပြုရာကနေ အားလုံး ပါဝင်နိုင်ခြင်းလို့ မရှိ ဆိုတဲ့ အကြောင်းပြချက်နဲ့ KIO အပါအဝင် လက်နက်ကိုင် အင်အားစု တစ်ချို့ ပါဝင် လက်မှတ်ရေးထိုးခြင်း မပြုခဲ့ကြပါဘူး။ ဒီလိုနဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ် လက်မှတ်ရေးထိုးရာမှာ နိုင်ငံထဲက လက်နက်ကိုင် အဖွဲ့အစည်း အားလုံး ပါဝင်နိုင်ခြင်း မရှိတဲ့ အခြေအနေ ဆိုက်ရောက်သွားစေခဲ့ပါတယ်။

အစိုးရနဲ့ တပ်မတော်ဘက်ကတော့ ကျန်နေခဲ့တဲ့ အဖွဲ့တွေကို နောက်ပိုင်း NCA စာချုပ်မှာ လက်မှတ်ရေးထိုးလာအောင် ညှိနှိုင်းနိုင်လိမ့်မယ်လို့ ယူဆခဲ့ပုံ ရပါတယ်။ ဒါပေမယ့်လည်း နောက်ပိုင်း အရင်က မှန်းဆ မထားတဲ့ အခြေအနေတွေ ပေါ်ပေါက်လာတာ တွေ့မြင်ကြရပါတယ်။ အဲဒါကတော့ KIO နဲ့ အတူ NCA စာချုပ်ရေးဆွဲရာမှာ အတူပါဝင်ခဲ့တဲ့ UNFC လို့ခေါ်တဲ့ တိုင်းရင်းသားလူမျိုးများ ဖက်ဒရယ်ကောင်စီ အဖွဲ့ဝင်တွေဟာ NCA စာချုပ်ဟာ ပြည့်စုံမှု မရှိဘူး၊ အားနည်းချက်တွေ ရှိနေတယ်၊ ဒါကြောင့် အဲဒီ အချက်တွေကို ပြင်ဆင်ပေးမှ လက်မှတ်ရေးထိုးနိုင်မယ် ဆိုပြီး ပြောင်းလဲရပ်တည်ခဲ့မှု ဖြစ်ပါတယ်။ နောက်ထပ် အရေးကြီးတဲ့ အချက်တစ်ခုကတော့ အစိုးရ၊ တပ်မတော်နဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေ ငြိမ်းချမ်းရေး ဆွေးနွေးနေစဉ် တစ်လျောက်လုံး ငြိမ်သက်နေခဲ့တဲ့ ၀ တပ်ဖွဲ့ဟာ တောင်းဆိုမှု အသစ်တွေ တောင်းဆိုရင်း မဟာမိတ်အဖွဲ့တစ်ဖွဲ့ ထူထောင်၊ မြန်မာ့နိုင်ငံရေး ပင်မ ရေစီးကြောင်းထဲ ဝင်ရောက်လာခြင်းပါပဲ။ အဲဒီအဖွဲ့ကတော့ NCA ကို လက်မခံပဲ နောက်ထပ် ဆွေးနွေးညှိနှိုင်းမှု အသစ်တွေ လုပ်ပေးဖို့ တောင်းဆိုတာ တွေ့ရပါတယ်။

ဒီအခြေအနေတွေကြောင့် NCA လက်မှတ်ရေးထိုးပြီးခဲ့တဲ့ ၂ နှစ်တာအတွင်း စာချုပ်ထဲကို နောက်ထပ် အဖွဲ့ဝင်သစ်တွေ လက်မှတ်ရေးထိုးနိုင်ခြင်း မရှိခဲ့ပါဘူး။ ဒီအချက်ကို ကြည့်ပြီး ၂ နှစ်တာကာလ တိုးတက်မှု မရှိဘူးလို့ ထောက်ပြပြောဆိုသူတွေက ပြောဆိုကြပါတယ်။ အခြားတစ်ဖက်မှာတော့ အစိုးရနဲ့ တပ်မတော်ဘက်က လက်မှတ်ရေးထိုးရာမှာ ပါဝင်တဲ့ တိုင်းရင်းသား လက်နက်ကိုင် ၈ ဖွဲ့နဲ့ NCA စာချုပ်ပါ အချက်တွေကို ဆက်ပြီး အကောင်အထည် ဖော်ကြပါတယ်။ တကယ့်မြေပြင်မှာ တိုက်ပွဲတွေ ပြန်မဖြစ်အောင် JMC လို့ခေါ်တဲ့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့်ရေး ကော်မတီ အဆင့်ဆင့်ဖွဲ့ပြီး ဆောင်ရွက်သလို နိုင်ငံရေး ဆွေးနွေးမှုတွေ အတွက် UPDJC လို့ခေါ်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှု ပူးတွဲကော်မတီ ဆိုတာကို ဖွဲ့ပြီး အကောင်အထည် ဖော်ပါတယ်။ အထင်ရှားဆုံးကတော့ ၂၁ရာစု ပင်လုံညီလာခံ နှစ်ကြိမ် ကျင်းပနိုင်ခဲ့ခြင်းပါပဲ။

Daw Aung San Suu Kyi- Myanmar State Counsellor
Daw Aung San Suu Kyi- Myanmar State Counsellor

NCA လက်မှတ်ရေးထိုးခြင်း ၂ နှစ်ပြည့်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည်က ဒီ ၂ နှစ်အတွင်း တိုင်းရင်းသား လက်နက်ကိုင်တွေ ပါဝင်တဲ့ နိုင်ငံရေး ဆွေးနွေးမှုကြီး စတင်နိုင်ပြီ၊ ဖက်ဒရယ် အခြေခံမူ ၃၇ ချက်ကို ပြည်ထောင်စု သဘောတူညီချက်ရဲ့ အစိတ်အပိုင်း (၁) အဖြစ် လက်မှတ်ရေးထိုးနိုင်ခဲ့ပြီ၊ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့အစည်းတွေရဲ့ နယ်မြေ ဒေသတွေမှာ ပဋိပက္ခတွေ လျော့ချနိုင်ခဲ့ပြီး ပြည်သူတွေရဲ့ ဘ၀ သိသိသာသာ ပြောင်းလဲ တိုးတက်လာတယ်လို့ ဆိုပါတယ်။

ဒါပေမယ့် NCA လက်မှတ် ထိုးမထားတဲ့ အဖွဲ့တွေနဲ့ ပတ်သက်လို့ကတော့ တစ်စုံတစ်ရာ အစီအစဉ် တစ်ခုခု ရှိကြောင်း ထုတ်ပြောတာမျိုး မရှိပဲ NCA စာချုပ်မှာ လက်မှတ်ထိုးဖို့ကိုပဲ ဖိတ်ခေါ်သွားတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပြောတဲ့ အမှာစကားကတော့ ဒီထက် ပိုရှင်းလင်းပါတယ်။ ဝ၊ ကချင် အပါအဝင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့တွေကို ရည်ညွှန်းပြီး သူက ဒီမိုကရေစီရဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ လက်နက်စွဲကိုင်ပြီး လိုရာတောင်းဆိုမှုမျိုးကို စွန့်လွှတ်ပြီး နိုင်ငံရေးနည်းလမ်းတွေနဲ့ ဖြေရှင်းဆောင်ရွက်ဖို့၊ အဲလို ဆောင်ရွက်ဖို့ဆိုရင် NCA စာချုပ်မှာ လက်မှတ်ရေးထိုးဖို့ပဲ ဖြစ်တယ် ဆိုပြီး ပြောဆိုသွားခဲ့ပါတယ်။

Senior General Min Aung Hlaing
Senior General Min Aung Hlaing

မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ အရေးအကြီးဆုံးကတော့ ပစ်ခတ် တိုက်ခိုက်နေတာတွေ အရင် ရပ်စဲသွားအောင် လုပ်နိုင်ဖို့ ဖြစ်ပါတယ်။ ဒုတိယ တစ်ချက်ကတော့ အားလုံးပါဝင်နိုင်တဲ့ နိုင်ငံရေး ဆွေးနွေးပွဲတွေကနေ တဆင့် နောင်တည်ဆောက်မယ့် ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စုကို ပုံဖော်ကြဖို့ပါ။ လက်ရှိအခြေအနေကို ကြည့်ရင် တပ်မတော်နဲ့ ရွေးကောက်ခံ အစိုးရဘက်က NCA စာချုပ်အတိုင်း သွားမယ်၊ အခြား နည်းလမ်း မစဉ်းစားဘူး ဆိုတဲ့ သဘောမျိုး သက်ရောက်နေပါတယ်။ အခြားတစ်ဖက်မှာတော့ RCSS/SSA ရှမ်းတပ်ဖွဲ့ အပါအဝင် လက်ကျန် UNFC အဖွဲ့က NCA စာချုပ် ပြင်ပေးဖို့ ဆက်တောင်းဆိုနေသလို၊ ဝနဲ့ KIO ပါဝင်တဲ့ မြောက်ပိုင်း မဟာမိတ် အဖွဲ့ဘက်ကလည်း သူတို့ကို အဖွဲ့လိုက် လက်ခံ ဆွေးနွေးဖို့ တောင်းဆိုနေတာ တွေ့နိုင်ပါတယ်။ တကယ်ပြောရင်တော့ ဒီအခြေအနေဟာ မြန်မာ့ငြိမ်းချမ်းရေး လုပ်ငန်းစဉ်အတွက် ရှေ့မတိုး နောက်မဆုတ်သာ အခြေအနေမျိုး ဖြစ်နေတယ်လို့ ဆိုရင် မမှားပါဘူး။

ဒီအတွက် အစိုးရနဲ့ တပ်မတော်ဘက်ကနေ ငြိမ်းချမ်းရေး လုပ်ငန်းစဉ် အကောင်အထည် ဖော်ရာမှာ NCA လက်မှတ် လာထိုးဖို့၊ လာထိုးတဲ့ဆီမှာတောင် ဘယ်သူတွေ ထိုးလို့ရတယ်၊ ဘယ်သူတွေကိုတော့ ထိုးခွင့် မပေးဘူး ဆိုတဲ့ အသေဆုတ်ကိုင်ထားတာမျိုးထက် အခြားသော နည်းလမ်း အသစ်တွေ ရှာဖို့ လိုပါလိမ့်မယ်။ ဒီနေရာမှာ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်ကို စ ပြီး အကောင်အထည် ဖော်ခဲ့တဲ့ သမ္မတ ဦးသိန်းစိန် လက်ထက် အစိုးရနဲ့ တပ်မတော်ဘက်က ထားခဲ့တဲ့ မူဝါဒ သဘောထားတွေကို အတုယူသင့်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲနိုင်ရေး အတွက်၊ ငြိမ်းချမ်းရေး အတွက် အရင် အစိုးရအဆက်ဆက် မလုပ်ခဲ့ဖူးတဲ့ လိုက်လျောနည်းတွေနဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို လိုက်လျော၊ ညှိနှိုင်း စည်းရုံးခဲ့ပုံမျိုး ဖြစ်ပါတယ်။ အခြားတစ်ဖက်မှာတော့ ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲသွားတဲ့ ဒေသကို ခုထက်ပို တည်ငြိမ်၊ ငြိမ်းချမ်း၊ ဖွံ့ဖြိုးတိုးတက်အောင် အကောင်အထည် ဖော်ပေးရင်း စံနမူနာပြစရာ ဖြစ်လာအောင် လုပ်ပေးဖို့ လိုပါတယ်။ ဒါတင်မက NCA စာချုပ်ပါအတိုင်း လက်ရှိ အကောင်အထည် ဖော်နေတဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲတွေမှာ တိုင်းရင်းသားတွေက တန်းတူရည်တူ ရှိတယ်လို့ ခံစားလာရအောင်လည်း ကြိုးစား အကောင်အထည် ဖော်ပေးသင့်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG