သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နှစ်ဖက်စလုံး အသေအချာ ပြန်သုံးသပ်ရမယ့် မြောက်ဦးအရေးအခင်း


မြောက်ဦးအဓိကရုဏ်းမှာ ဒဏ်ရာာရသူတဦး (ဓာတ်ပုံ- ဒေသခံလူငယ်တဦး)
မြောက်ဦးအဓိကရုဏ်းမှာ ဒဏ်ရာာရသူတဦး (ဓာတ်ပုံ- ဒေသခံလူငယ်တဦး)

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၁၆ ရက်နေ့ညက မြောက်ဦးမှာ ကျင်းပမယ့် ၂၃၃ ကြိမ်မြောက် ရခိုင့် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနားကျင်းပခွင့် ခွင့်မပြုခဲ့တာကို အကြောင်းပြုပြီး ဆန္ဒပြပွဲနဲ့ ရုန်းရင်းဆန်ခတ်မှု ဖြစ်ပွားခဲ့ပါတယ်။ ဖြစ်စဉ်အတွင်း ရဲတပ်ဖွဲ့ရဲ့ ပစ်ခတ်မှုကြောင့် လူ ၇ ယောက် သေဆုံးပြီး လူတစ်ချို့ ဒဏ်ရာရခဲ့ပါတယ်။ နှစ်ပေါင်းများစွာ အတွင်း မြန်မာနိုင်ငံက ဆန္ဒပြပွဲ တစ်ခုမှာ လူအသေအပျောက် အများဆုံး ဖြစ်ရပ် ဖြစ်ခဲ့တာမို့ အတော်လေးကို စိတ်မချမ်းမြေ့စရာ ကောင်းပါတယ်။ အခု ဒီလူသေဆုံးခဲ့မှုနဲ့ ပတ်သက်ပြီး အစိုးရဘက်က စုံစမ်းစစ်ဆေးမှုတွေ လုပ်နေသလို၊ ရခိုင်ပြည်နယ် လွှတ်တော်ဘက်ကလည်း စုံစမ်းစစ်ဆေးရေး ကော်မတီ တစ်ရပ် ဖွဲ့စည်းဆောင်ရွက်နေပါပြီ။ ဒီ ပြသနာရဲ့ အရင်းခံဟာ ဘာဖြစ်မလဲ၊ ပဋိပက္ခ ပြသနာပေါင်းစုံနဲ့ ဆူပွက်နေတဲ့ ရခိုင်ပြည်နယ်မှာ ခုလို ပြသနာမျိုး မဖြစ်အောင် ဘာတွေ လုပ်သင့်သလဲ ဆိုတာ ခုတစ်ပတ် လေ့လာ ဆွေးနွေးကြည့်ကြရအောင်ပါ။

ပြသနာဖြစ်ရခြင်း အကြောင်းရင်းကတော့ ထူးထူးခြားခြား မဟုတ်ပါဘူး။ ကော်မတီ တစ်ခုကနေ ဇန်နဝါရီလ ၁၆ ရက်နေ့ည မြောက်ဦးမှာ ၂၃၃ ကြိမ်မြောက် ရခိုင့် အချုပ်အခြာအာဏာ ကျဆုံးခြင်း အထိမ်းအမှတ် အခမ်းအနား ကျင်းပဖို့ စီစဉ်ပါတယ်။ အဲဒီ အခန်းအနားမှာ ပြည်သူ့လွှတ်တော် အမတ် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့နှစ်ယောက် ဟောပြောဖို့ စီစဉ်ထားတယ်လို့လည်း သိရပါတယ်။ ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့ဟာ မြောက်ဦးမှာ ပွဲကျင်းပမယ့်ရက် မတိုင်ခင် ရသေ့တောင်မြို့နယ်မှာ ဟောပြောခဲ့ပြီးပါပြီ။ အာဏာပိုင်တွေဘက်ကတော့ ပွဲကျင်းပမယ့်နေရာဟာ နန်းတော်ရာကုန်းမှာ မို့ ခွင့်ပြုချက် မပေးခဲ့ဘူးလို့ ဆိုပါတယ်။ ခွင့်ပြုချက် မပေးတဲ့ကိစ္စမှာ ဖော်ပြမထားပေမယ့် ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင် တို့နှစ်ယောက်ရဲ့ ရသေ့တောင်မြို့နယ်က ဟောပြောချက်နဲ့လည်း သက်ဆိုင်မယ်လို့ ခန့်မှန်းရပါတယ်။ နောက်ပိုင်း အဲဒီ ဟောပြောချက်ကြောင့်ပဲ သူတို့နှစ်ယောက်ကို ဖမ်းဆီး၊ တရားစွဲပြီး စစ်တွေ အကျဉ်းထောင် ပို့လိုက်ပါပြီ။

သက်ဆိုင်ရာရဲ့ အဲလို ခွင့်ပြုချက် မပေးတာကို ပွဲကျင်းပတဲ့ အဖွဲ့က အနယ်နယ် အရပ်ရပ်ကနေ လာတဲ့ ရခိုင်ပြည်သူတွေကို အသိပေးပါတယ်။ ဒီအခါမှာ ပွဲကို ပိတ်ပင်ရကောင်းလား၊ စာရေးဆရာ ဝေဟင်အောင်ကို ဖမ်းဆီးရကောင်းလား ဆိုပြီး ဒေါသထွက် ဆန္ဒပြပွဲ ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ ဒါနဲ့ ပတ်သက်ပြီး အာဏာပိုင်တွေဘက်ကတော့ ဆူပူဆန္ဒပြသူတွေကို ရဲ လုပ်ထုံးလုပ်နည်း အတိုင်း အဆင့်ဆင့် ကိုင်တွယ် ဖြေရှင်းခဲ့တဲ့အကြောင်း၊ ဒါပေမယ့် အစိုးရ ရုံးစိုက်ရာ ဝင်းထဲအထိ ဝင်ရောက်လာပြီး ရဲတပ်ဖွဲ့ဝင်တွေဆီက သေနတ်ကို လုံးထွေး လုယက်သည်အထိ ဖြစ်လာလို့ ပစ်ခတ်ရာကနေ လူသေဆုံး ဒါဏ်ရာရတာတွေ ဖြစ်ပေါ်ခဲ့ကြောင်း ရှင်းလင်းချက် ထုတ်ခဲ့ပါတယ်။ နောက်ဆုံး အခြေအနေကတော့ အစိုးရဘက်က ဒေါက်တာအေးမောင်နဲ့ စာရေးဆရာ ဝေဟင်အောင်ကို ဖမ်းဆီး တရားစွဲထားသလို၊ လူ ၇ယောက် သေဆုံးရမှုနဲ့ ပတ်သက်ပြီး စုံစမ်းရေး အဖွဲ့ ဖွဲ့ စုံစမ်းနေပါတယ်။ အခြား တစ်ဖက်မှာလည်း ရခိုင်ပြည်နယ် လွှတ်တော်ဘက်က စုံစမ်းရေး အဖွဲ့တစ်ခု ဖွဲ့ပြီး စုံစမ်းဖို့ လုပ်နေပါပြီ။

ဒီ ပြသနာနဲ့ ပတ်သက်ပြီး သက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှု ရလာဒ်တွေ တရားဝင် ထွက်ပေါ်လာတာ မရှိသေးတော့ လူသေဆုံးရတဲ့အထိ ဖြစ်ခဲ့တာနဲ့ ပတ်သက်ပြီး ဘယ်သူမှန်တယ်၊ ဘယ်သူမှားတယ် ယတိပြတ် မပြောနိုင်သေးပါဘူး။ ဒါပေမယ့် ဝေဖန်သုံးသပ်စရာ ဘက်နှစ်ဖက်တော့ ရှိနေပါတယ်။ အဲဒါတွေကတော့ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသား တစ်ချို့ရဲ့ ပြုမူပုံ၊ အဲဒီလို ဘာကြောင့် ဖြစ်လာရတာလဲ ဆိုတာနဲ့ ရဲတပ်ဖွဲ့ရဲ့ ကိုင်တွယ် ဆောင်ရွက်ပုံ ဘက်နှစ်ဖက် ဖြစ်ပါတယ်။

အခု မြောက်ဦးမှာ ဆန္ဒပြပွဲ ဖြစ်ရတာဟာ တကယ်ဆို ဆန်းကြယ်တဲ့ ကိစ္စ မဟုတ်ပါဘူး။ သိပ်မကြာသေးခင်ကာလ မြောက်ဦးမှာရော အခြား မြို့နယ်တွေမှာပါ ရခိုင်တိုင်းရင်းသား တစ်ချို့ရဲ့ ခုလို အလားတူ ပြုမူ လှုပ်ရှားပုံတွေကို တွေ့မြင်ခဲ့ကြရပြီး ဖြစ်လို့ပါ။

ပြီးခဲ့တဲ့ ၂၀၁၃ ဒီဇင်ဘာ ၁၈ ရက်နေ့က ရခိုင်ပြည်နယ် မြောက်ဦးမြို့က မြို့မိမြို့ဖ ဒေသခံတွေလို့ဆိုတဲ့ ကော်မတီတစ်ခုက နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့တွေ၊ အင်န်ဂျီအို အဖွဲ့တွေ လိုက်နာရမယ့် အချက်တွေဆိုပြီး ကြေငြာချက်တစ်ခု ထုတ်ပါတယ်။ အဲဒီ အချက်တွေကို လိုက်နာဆောင်ရွက်ခြင်း မရှိရင် ဒီဇင်ဘာ ၂၀ ရက် နောက်ဆုံးထားပြီး မြို့နယ်ထဲက ထွက်သွားကြဖို့ တောင်းဆိုပါတယ်။ တောင်းဆိုချက်မှာ ပါတာတွေကို အကျဉ်းချုပ်ရရင် အကူအညီပေးရေး အဖွဲ့တွေ အနေနဲ့ အဲဒီကော်မတီရဲ့ သတ်မှတ် ခွင့်ပြုချက်တွေ အတိုင်းပဲ အလုပ်လုပ်ကြဖို့ပါ။ မဖြစ်နိုင်တဲ့ အချက်တွေ များတော့ အင်န်ဂျီအိုတွေက မလိုက်လျောနိုင်ကြပါဘူး။ ဒီ တောင်းဆိုချက်တွေကို လက်မခံတဲ့ အင်န်ဂျီအိုတွေ၊ အိုင်အင်န်ဂျီအိုတွေကို ဟော်တယ်တွေကနေ လက်မခံဖို့ ထပ်ပြီး အကြပ်ကိုင် တောင်းဆို၊ မရတော့ စီတန်းလှည့်လည် ဆန္ဒပြခဲ့တဲ့ သာဓက ရှိခဲ့ဖူးပါတယ်။ ပြောရရင် အခုနှစ်ပိုင်းအတွင်း မြောက်ဦးမှာ အကြပ်ကိုင်လိုတဲ့၊ ရန်လိုတဲ့ လှုပ်ရှားမှု တစ်ချို့ ရှိနေနှင့်ခဲ့ပြီးသား ဖြစ်ပါတယ်။

အားလုံးသိကြပြီဖြစ်တဲ့အတိုင်း အဲဒီကာလက သံတွဲမှာ ရခိုင်တိုင်းရင်းသားတွေနဲ့ အစ္စလာမ် ဘာသာဝင် ကမန်တိုင်းရင်းသားတွေ သွေးထွက်သံယို ပဋိပက္ခ ဖြစ်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်း တရုတ်ရေနံပိုက်လိုင်း တည်ဆောက်ရေး လုပ်ငန်းခွင်မှာ တရုတ်နဲ့ တိုင်းရင်းသားအလုပ်သမားတွေ ပဋိပက္ခ ဖြစ်ခဲ့ပြီး တိုင်းရင်းသား အလုပ်သမားတွေက အဆောက်အဦတွေ၊ ရေနံလှောင်ကန်တွေကို မီးတင်ရှို့မှု ဖြစ်ပွားခဲ့ပါသေးတယ်။ ဒါ့အပြင် နိုင်ငံတကာ အကူအညီပေးရေးအဖွဲ့က အမျိုးသမီးတစ်ယောက် သာသနာ့အလံ ကို ဖြုတ်ချပြီး မဖွယ်မရာပြုတယ် ဆိုတဲ့ ကောလဟလ သတင်းထွက်ပေါ်လာပြီးနောက် ၂၀၁၄ ခုနှစ် မတ်လ ၂၆ ရက်နဲ့ ၂၇ ရက်နေ့ တွေမှာ စစ်တွေက နိုင်ငံတကာအကူအညီပေးရေး အဖွဲ့အစည်းတွေ ရုံးစိုက်ရာ၊ တည်းခိုရာ၊ အထောက်အကူ ပစ္စည်း သိုလှောင်ရာ နေအိမ်တွေ၊ ရုံးခန်းတွေ၊ ဂိုဒေါင်တွေ ရခိုင်တိုင်းရင်းသား တစ်ချို့ရဲ့ တိုက်ခိုက်ဖျက်ဆီးတာ ခံရပါတယ်။ နိုင်ငံတကာ အကူအညီပေးရေး အဖွဲ့ဝင် နိုင်ငံခြားသားတွေနဲ့ နိုင်ငံသားတွေကိုတော့ သက်ဆိုင်ရာက ဘေးလွတ်ရာ ရွှေ့ပြောင်းပြီး အကာအကွယ်ပေးကြရပါတယ်။ တစ်ချို့ ရန်ကုန်ကို လေယာဉ်နဲ့ အသုတ်လိုက် ပြန်ပို့တာမျိုး လုပ်ကြရသည် အထိ ဖြစ်ခဲ့ဖူးပါတယ်။ နောက်ပိုင်း ရခိုင်ပြည်နယ် မြို့နယ် အချို့မှာ ရခိုင်တိုင်းရင်းသား တစ်ချို့က ပြည်တွင်း ပြည်ပ သတင်းမီဒီယာ သမားတစ်ချို့ကို အုပ်စုနဲ့ ဝိုင်းဝန်း ရန်ပြုဖို့ ကြိုးစားတာ၊ ဘာသာပေါင်းစုံ ညီညွတ်ရေး အဖွဲ့ ရောက်လာချိန် ဝိုင်းဝန်း၊ ဆန္ဒပြ၊ ရန်မူတာ စတာတွေ လုပ်ခဲ့ကြပါသေးတယ်။ သိပ်မကြာသေးခင်တုန်းကပဲ စစ်တွေမှာ ဒုက္ခသည် စခန်းကနေ ဆိပ်ကမ်းဘက် ရောက်လာတဲ့ မူဆလင်တွေကို အုပ်စုဖွဲ့ ဝိုင်းဝန်းရိုက်နှက်ခဲ့ကြလို့ တစ်ယောက်သေ၊ ကျန်သူအားလုံး အပြင်းအထန် ဒါဏ်ရာရ ဖြစ်ခဲ့ပါသေးတယ်။ ဒါတင်မက မြန်မာနိုင်ငံ ကြက်ခြေနီ အသင်းရဲ့ ကုန်တင်ယာဉ်ကို ရန်ပြုတာ၊ စစ်တွေဆိပ်ကမ်းက အကူအညီပေးရေး ပစ္စည်းတွေ တင်ထားတဲ့ သင်္ဘောကို ရန်ပြုလို့ ရဲတပ်ဖွဲ့က သေနတ်ပစ်ဖေါက် လူစုခွဲရတာတွေ ဖြစ်ခဲ့ပါသေးတယ်။ ပြောရရင် လူစုလူဝေးနဲ့ ပဋိပက္ခ ဖြစ်ရတဲ့ ပြသနာဟာ ရခိုင်ပြည်နယ်မှာ မဆန်းပါဘူး။

တကယ်တော့ ရခိုင်ပြည်နယ်က ရခိုင်တိုင်းရင်းသားတွေကို ဦးဆောင်နေတာ ရခိုင်နိုင်ငံရေးသမားတွေပါ။ ရခိုင်တိုင်းရင်းသား တစ်ချို့ရဲ့ အဲလို အပြုအမူမျိုးကို မှားယွင်းတယ်လို့ပြောတဲ့ ရခိုင်နိုင်ငံရေးသမား ဆိုတာမျိုးလည်း မကြားမသိရပါဘူး။ ဒါကြောင့် ရခိုင်တိုင်းရင်းသားတွေကို ဦးဆောင်နေတဲ့ ရခိုင်နိုင်ငံရေးသမားတွေ အနေနဲ့ ကိုယ့်ရခိုင်လူမျိုးတစ်ချို့ ဘာကြောင့် ခုလို အပြုအမူမျိုး ထပ်တလဲလဲ ပြုမူနေရသလဲ အဖြေရှာသင့်ပါတယ်။ ဒါဟာ လမ်းလွဲနေသလား၊ လမ်းမှန်လား၊ နိုင်ငံရေးသမားတွေရဲ့ ဦးဆောင်မှု ဘာတွေ ချို့ယွင်းနေသလဲ စသဖြင့် သုံးသပ်သင့်ပါတယ်။ အခြားတစ်ဖက်မှာတော့ ရဲတပ်ဖွဲ့ဘက်ကလည်း ခုလို လူစုလူဝေးနဲ့ ဆန္ဒပြမှုဖြစ်စေ၊ အကြမ်းဖက်မှု ပါလာသည် ဖြစ်စေ၊ လူ ၇ ယောက် သေဆုံးသည် အထိ ပစ်ခတ်မှု ဖြစ်သင့်သလား ဆိုတာ အသေအခြာ ပြန် ဆန်းစစ်ဖို့၊ ပြုပြင်ဖို့ လိုနေပြီ ဖြစ်ကြောင်းပါ။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG