သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အချုပ်အခြာ အာဏာ ဘယ်အခါ ထိပါးခံရနိုင်သလဲ


ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ
ဘင်္ဂလားဒေ့ရှ် နယ်ခြားစောင့်တပ်ဖွဲ့ဝင်များ

ပြီးခဲ့တဲ့ စက်တင်ဘာ ၂၁ ရက်နေ့က နေပြည်တော် ပုဗ္ဗသီရိမြို့နယ် ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ ခြံဝင်းထဲမှာ “ အမျိုးသား လုံခြုံရေးကို ခြိမ်းခြောက်လာသည့် ရခိုင်ပြည်နယ် အရေး ဆွေးနွေးပွဲ” ဆိုတဲ့ ခေါင်းစဉ်နဲ့ ဟောပြောပွဲတစ်ခု ကျင်းပ ပြုလုပ်ပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းတွေတုန်းကလည်း အလားတူ ဆွေးနွေးပွဲမျိုးကို တပ်မတော်နဲ့ ပြည်ခိုင်ဖြိုးပါတီက ကမကထ လုပ်ပြီး ၄ ကြိမ်လောက် ကျင်းပပြီးပါပြီ။ ထူးခြားတာကတော့ အဲဒီနေ့က ဟောပြောသူတွေထဲမှာ သမ္မတ ဦးသိန်းစိန် အစိုးရလက်ထက် ကာကွယ်ရေးဝန်ကြီး တာဝန်ထမ်းဆောင်ခဲ့တဲ့ အငြိမ်းစား ဒုဗိုလ်ချုပ်ကြီးဝေလွင်နဲ့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဦးဝဏ္ဏမောင်လွင်တို့ ပါဝင်ပြီး သူတို့ ပြောတဲ့အထဲမှာ လက်ရှိ ရခိုင်ပြည်နယ်အရေးနဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံအပေါ် လူမျိုးတုန်း သတ်ဖြတ်မှု၊ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေနဲ့ စွတ်စွဲနေတာတွေဟာ နောင်တစ်ချိန် နိုင်ငံတကာ စစ်ခုံရုံးမှာ စွဲချက်တင်နိုင်အောင်၊ မြန်မာနိုင်ငံကို နိုင်ငံတကာ တပ်တွေ အတားအဆီး မရှိ ဝင်နိုင်အောင် ဖန်တီးထားတဲ့ ထောင်ချောက်ဖြစ်တယ် ဆိုတဲ့အထိ ပြောဆိုခဲ့ကြပါတယ်။ သူတို့ ဘာတွေ ပြောဆိုခဲ့ကြသလဲ၊ လက်ရှိ ရခိုင်ပြည်နယ်မြောက်ပိုင်းက ပြသနာဟာ သူတို့ပြောသလို အချုပ်အခြာ အာဏာထိပါး ခံရသည် အထိ ဖြစ်လာနိုင်မလား ဆိုတာ ခုတစ်ပတ် ဆွေးနွေး တင်ပြသွားပါ့မယ်။

ဒုဗိုလ်ချုပ်ကြီးဟောင်း ဝေလွင်က ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြသနာကို ၁၉၉၈ ခုနှစ်က ဥရောပတိုက် ကိုဆိုဗို မှာ ဖြစ်သွားခဲ့တဲ့ ဖြစ်ရပ်တွေနဲ့ နှိုင်းယှဉ်ပြောဆိုခဲ့ပါတယ်။ ခရစ်ယာန် အများစုနေထိုင်တဲ့ ကိုဆိုဗိုပြည်နယ်ထဲ အိမ်နီးချင်းနိုင်ငံတွေက မူဆလင်တွေ အတင်းဝင်ရောက် သွေးနှောသားဖေါက် ခံခဲ့ရပြီး မူဆလင်တွေ လက်ထဲရောက်ခဲ့တယ်။ နောက်ပိုင်း ပဋိပက္ခ အရှိန်မြင့်လာတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ခွင့်ပြုချက်မရပဲ နေတိုးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အချုပ်အခြာ အာဏာ ဆုံးရှုံးသွားရတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် လက်ရှိအချိန် ဖိလစ်ပိုင်နိုင်ငံ မာရဝီမြို့ကို အစွန်းရောက် အကြမ်းဖက်သမားတွေ ဝင်ရောက် တိုက်ခိုက်လို့၊ လက်ရှိ အချိန်ထိ အစိုးရတပ်တွေက ပြန်တိုက်နေရတဲ့အကြောင်း၊ ထိုင်းနိုင်ငံ တောင်ပိုင်းမှာ ဆိုရင်လည်း ဘုန်းတော်ကြီးတွေဟာ လုံခြုံရေး အစောင့်တွေ လိုက်ပါပြီးမှ ဆွမ်းခံ ထွက်ကြရသလို၊ ကျောင်းတွေမှာလည်း လုံခြုံရေးချပြီးမှ စာသင်နေရတဲ့အကြောင်း အခု ရခိုင်ပြည်နယ် မြောက်ပိုင်းဟာ အဲဒီ အခြေအနေမျိုး ဖြစ်လာနေပြီလို့ သူက ပြောပါတယ်။

နိုင်ငံခြားရေးဝန်ကြီး ဦးဝဏ္ဏမောင်လွင်ကတော့ အမျိုးသားလုံခြုံရေးနဲ့ အချုပ်အခြာ ပိုင်ဆိုင်မှု၊ ပိုင်နက်နယ်မြေ တည်တံ့ခိုင်မြဲရေးကို လုံး၀ အထိပါး မခံနိုင်တဲ့အကြောင်း၊ ရိုဟင်ဂျာ ဆိုတဲ့ အသုံးအနှုန်းကို ကုလသမဂ္ဂ မျက်နှာစာမှာ သုံးစွဲနေတာကို လုံး၀ လက်သင့်မခံတဲ့အကြောင်း၊ အဲဒီဒေသမှာ ၁၉၈၂ နိုင်ငံသား ဥပဒေအတိုင်း အတိအကျ ဆောင်ရွက်ရမှာ ဖြစ်ကြောင်း၊ ARSA အဖွဲ့နဲ့ အကြမ်းဖက် လုပ်ရပ်ကို လက်မခံတဲ့အကြောင်း၊ အကြမ်းဖက် တိုက်ဖျက်ရေးနဲ့ လူ့အခွင့်အရေး ဆက်စပ်တာကို လက်မခံတဲ့အကြောင်း၊ ဘင်္ဂလီ ပြသနာကို ဘာသာရေး ဖိနှိပ်ခွဲခြားမှု အဖြစ် ပုံဖော်တာကို လက်မခံတဲ့အကြောင်း စသဖြင့် ပြောဆိုသွားခဲ့ပါတယ်။

တကယ်တော့ သူတို့နှစ်ယောက် ပြောနေတဲ့ ARSA အဖွဲ့နဲ့ အကြမ်းဖက် လုပ်ရပ်တွေကို ပြည်ခိုင်ဖြိုးပါတီသာမက ပြည်တွင်း၊ပြည်ပ ဘယ်သူကမှ ထောက်ခံတာ မဟုတ်ပါဘူး။ အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်၊ ရုရှား၊ တရုတ် စတဲ့ နိုင်ငံကြီးတွေက အကြမ်းဖက် အဖွဲ့နဲ့ အကြမ်းဖက် လုပ်ရပ်ကို လုံး၀ လက်မခံဘူး ဆိုတာ ပြတ်ပြတ်သားသား ပြောထားပြီးသားပါ။ ဒါတင်မက အိမ်နီးချင်း အိန္ဒိယ၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံတွေကလည်း အဲဒီ ARSA အဖွဲ့နဲ့ အကြမ်းဖက် လုပ်ရပ်တွေကို လက်မခံဘူးလို့ ပြောဆိုထားပြီး ဖြစ်သလို၊ ဘင်္ဂလားဒေ့ရှ် နိုင်ငံက ဆိုရင် ARSA အဖွဲ့ကို နှိမ်နင်းဖို့ သူတို့လည်း မြန်မာအစိုးရနဲ့ ပူးပေါင်းဆောင်ရွက်မယ် ဆိုတဲ့ အထိ ပြောဆိုထား ပြီးပါပြီ။

လက်ရှိပြသနာနဲ့ ပတ်သက်ပြီး နိုင်ငံတကာက ပြောနေကြတာဟာ ARSA အကြမ်းဖက် အဖွဲ့ကို မြန်မာ့တပ်မတော်က တိုက်ခိုက် ချေမှုန်းတဲ့ ကိစ္စ မဟုတ်ပါဘူး။ ARSA အကြမ်းဖက် အဖွဲ့ကို တိုက်ခိုက်ရာမှာ တပ်မတော်အနေနဲ့ လိုအပ်ရင်၊ ဘယ်နိုင်ငံက လုံခြုံရေး အဖွဲ့အစည်းတွေနဲ့မဆို ပူးပေါင်းဆောင်ရွက်လို့တောင် ရနိုင်ပါသေးတယ်။ လက်ရှိ နိုင်ငံတကာက ပြောနေတာဟာ သူတို့ကိုယ်သူတို့ ရိုဟင်ဂျာလို့ ခေါ်နေကြတဲ့ ရခိုင်ပြည်နယ်က မူဆလင်တွေ အသက်လုပြီး ဘင်္ဂလားဒေ့ရှ်ဘက် သိန်းနဲ့ချီ ထွက်ပြေးသွားတဲ့ကိစ္စ၊ သူတို့နေအိမ်တွေ မီးရှို့ဖျက်ဆီးခံရတဲ့ကိစ္စ၊ လူ့အခွင့်အရေး မရပဲ ဖိနှိပ်ခံနေရတဲ့ ကိစ္စ စတာတွေပဲ ဖြစ်ပါတယ်။ ဒီကိစ္စကို အကောင်းဆုံး ဖြေရှင်းဖို့ပါ။

ရခိုင်ပြည်နယ် မြောက်ပိုင်းမှာ ဖြစ်နေတဲ့ ပြသနာနဲ့ ပတ်သက်ပြီး စစ်ဗိုလ်ချုပ်ဟောင်းတွေ နဲ့ မြန်မာ့တပ်မတော် ခေါင်းဆောင်တွေအတွက် သိပ်မဝေးလှသေးတဲ့ သမိုင်းသင်ခန်းစာ ပူပူနွေးနွေးကြီး ရှိပါသေးတယ်။ အဲဒါကတော့ အရင် စစ်အာဏာရှင် ဗိုလ်ချုပ်ကြီးနေဝင်း ဖန်တီးခဲ့တဲ့ တရုတ်-ဗမာ အရေးအခင်း ဖြစ်ပါတယ်။ ၁၉၆၇ ဇွန်လမှာ တရုတ်-ဗမာ အရေးအခင်းဖြစ်ပြီး ရန်ကုန်နဲ့ နယ်မြို့ အတော်များများမှာ တရုတ်လူမျိုးတွေ အသတ်ခံရ၊ အကြမ်းဖက်ခံရ၊ တရုတ်သံရုံး တိုက်ခိုက်ခံရမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ဒီပဋိပက္ခကြီး ဖြစ်ပွားပြီးနောက် မြန်မာပြည်ပေါက် တရုတ်လူမျိုး အတော်များများ မြန်မာပြည်ကနေ စွန့်ခွာ ထွက်ပြေးကြပါတယ်။ မြန်မာနိုင်ငံအတွင်း ခုလို ဖြစ်ပွားခဲ့တာနဲ့ ပတ်သက်ပြီး တရုတ်ကွန်မြူနစ်ပါတီနဲ့ တရုတ် အစိုးရ ခေါင်းဆောင်တွေ အလွန် စိတ်ဆိုးပါတယ်။ ဒီလိုနဲ့ တရုတ်နိုင်ငံထဲ ဝင်ရောက်ခိုလှုံနေတဲ့ ကချင်စစ်ဗိုလ် နော်ဆိုင်း၊ ကိုးကန့် ခေါင်းဆောင် ဖုန်ကြားရှင်း အပါအဝင် အင်အားစု တစ်ချို့ကို ဗမာပြည် ကွန်မြူနစ် ပါတီ (ဗကပ) အလံအောက်မှာ စုစည်းပေးပြီး တရုတ်ဗော်လံတီယာ တပ်ဖွဲ့တွေက ၁၉၆၈ ခုနှစ် ဇန်နဝါရီ ၁ ရက်နေ့မှာ ရှမ်းပြည်နယ်ကို လက်နက်လူသူအင်အား အလုံးအရင်းနဲ့ ဝင်ရောက်တိုက်ခိုက်ပါတော့တယ်။ ပြောရရင် အဲလို အခြေအနေမျိုးဟာ အချုပ်အခြာအာဏာ ထိပါးခံရတယ်၊ ဆုံးရှုံးတယ် ဆိုတဲ့ အခြေအနေမျိုးပါ။ ဒီကနေ့ ၀ တပ်ဖွဲ့တွေ စိုးမိုးထားတဲ့ နယ်မြေကိုကြည့်ရင် အချုပ်အခြာအာဏာ အမှတ်လက္ခဏာ လုံး၀ မရှိတာ တွေ့မြင်ရမှာပါ။ တကယ်တော့ အဲလို အချုပ်အခြာ အာဏာ ဆုံးရှုံးသည် အထိ ဖြစ်ရတာဟာ စစ်အာဏာရှင် တစ်ယောက်ရဲ့ အမျှော်အမြင်မဲ့မှု၊ အမျိုးသားရေး ဆိုပြီး အစွန်းရောက်မှုတွေကြောင့် ဖြစ်တယ် ဆိုတာ သင်ခန်းစာ ယူနိုင်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ထဲက မူဆလင်တွေပြသနာမှာလည်း အလားတူပါပဲ။ အရင် စစ်အာဏာရှင်တွေ အမျှော်အမြင် နည်းခဲ့လို့၊ အရည်အချင်း မဲ့ခဲ့လို့ နှစ်ပေါင်း ၅၀ ကျော်တိုင်အောင် ပြေလည်အောင် မဖြေရှင်းနိုင်ခဲ့ပါဘူး။ မဖြေရှင်းနိုင်ရုံမက ၂၀၁၂ မှာ ၂၀၁၆ မှာ လက်ရှိ ၂၀၁၇ သြဂုတ်မှာ ပြသနာမီးပွားကြီးတွေ ထပ်ကာ ထပ်ကာ ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။ ဒါတွေကို အမျိုးသားရေး ပြသနာ၊ တကမ္ဘာလုံးက အမှား၊ ငါတို့ကမှ အမှန်ဆိုပြီး ပြောနေလို့လည်း မပြေလည်ပါဘူး။

ဒါကြောင့် ရခိုင်ပြည်နယ် က ပဋိပက္ခ ပြသနာတွေနဲ့ ပတ်သက်ရင် တပ်မတော်၊ ပြည်ခိုင်ဖြိုးပါတီနဲ့ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အစိုးရအဖွဲ့အနေနဲ့ပါ အမျှော်အမြင်ရှိရှိ၊ အချုပ်အခြာ အာဏာ မထိပါးအောင်၊ တိုင်းပြည် အကျိုးရှိအောင်၊ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း လက်ခံအောင် ပူးပေါင်း ဖြေရှင်းသင့်ပါတယ်။ အရပ်သားတွေကို ထိခိုက်မှု အနည်းဆုံး ဖြစ်စေတဲ့နည်းနဲ့ အကြမ်းဖက်သမားတွေကို ပြတ်ပြတ်သားသား ချေမှုန်းပေးဖို့ လိုပါတယ်။ ဒီလို အကူအညီပေးခြင်းသည်သာလျင် ရခိုင်ပြည်နယ်ကို ကိုဆိုဗိုလို၊ ဖိလစ်ပိုင်က မာရာဝီလို၊ ထိုင်းနိုင်ငံတောင်ပိုင်းလို အချုပ်အခြာ အာဏာ ထိပါးခံရတဲ့ အဖြစ်မျိုး မရောက်အောင် တားဆီးနိုင်မှာ ဖြစ်ပါကြောင်း တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG