သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Reuters သတင်းထောက်နှစ်ယောက် ထောင်ချောက်ဆင် ဖမ်းဆီး ခံခဲ့ရလေသလား


ရိုက်တာ သတင်းထောက်နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး
ရိုက်တာ သတင်းထောက်နှစ်ယောက်ဖြစ်တဲ့ ကိုဝလုံးနဲ့ ကိုကျော်စိုးဦး

အခုရက်ပိုင်း ပြည်တွင်း သတင်းမီဒီယာလောကနဲ့ နိုင်ငံတကာ အသိုင်းအဝိုင်းက စိတ်အဝင်စားဆုံး ကိစ္စကတော့ ရိုက်တာ သတင်းဌာနရဲ့ မြန်မာသတင်းထောက် နှစ်ယောက် ရန်ကုန်မှာ အဖမ်းခံရတဲ့ သတင်းပါ။ ဒီလို အဖမ်းခံရတာနဲ့ ပတ်သက်ပြီး ပြည်တွင်း သတင်းမီဒီယာလောကသားတွေ စိတ်ဆိုး ဒေါသထွက်နေကြပါတယ်။ အလားတူ နိုင်ငံတကာ အသိုင်းအဝိုင်းကလည်း ခု ကိစ္စနဲ့ ပတ်သက်ပြီး စိုးရိမ်မကင်းဖြစ်ကြောင်း ပြောဆိုထားကြသလို၊ ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ကိုယ်တိုင် အဲဒီ သတင်းထောက်နှစ်ယောက် အတွက် စိုးရိမ်မကင်း ဖြစ်နေသလို၊ မြန်မာနိုင်ငံ သတင်းမီဒီယာ လွတ်လပ်ခွင့် အတွက်လည်း စိုးရိမ်တဲ့အကြောင်း ထုတ်ဖော်ပြောဆိုရသည် အထိ ဖြစ်နေလို့ပါပဲ။ ဒီကိစ္စ ဘယ်လို ဖြစ်ရတာပါလဲ၊ ဘယ်လို အကောင်းဆုံး ဖြေရှင်းသင့်သလဲဆိုတာ ဆွေးနွေး တင်ပြသွားပါ့မယ်။

ရိုက်တာသတင်းဌာနရဲ့ ဌာနေ သတင်းထောက်နှစ်ယောက် ဖြစ်တဲ့ ကိုသက်ဦးမောင် ခေါ် ကိုဝလုံးနဲ့ ကိုကျော်စိုးဦး တို့နှစ်ယောက် ရဲတပ်ဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံရတာ ဒီဇင်ဘာ ၁၂ ရက်နေ့ ညပိုင်းကပါ။ အဖမ်းခံရပြီး နောက်တစ်ရက်မှာ သူတို့ကို ဖမ်းဆီးထားတာနဲ့ ပတ်သက်တဲ့ ရဲမှတ်တမ်း တင်ပြချက် ပြင်ပကို ပေါက်ကြားလာပါတယ်။ နောက်ပိုင်း အဲဒီ ပေါက်ကြားလာတဲ့ မှတ်တမ်းကို ကိုးကားပြီး သတင်းဌာနတွေက သတင်းဖော်ပြကြပါတယ်။ မှတ်တမ်းမှာ ဖော်ပြထားတာက အမှတ်(၈) လုံခြုံရေး ရဲတပ်ဖွဲ့ခွဲက ဒုရဲမှူး ဇော်နိုင် ဦးဆောင်တဲ့ တပ်ဖွဲ့ဝင်တွေဟာ ဒီဇင်ဘာ ၁၂ ရက်နေ့ညက ထောက်ကြံ့နယ်မြေ ရဲစခန်းအပိုင် အမှတ် ၃ လမ်းမကြီးနဲ့ နီလာ လမ်းဆုံနေရာမှာ ယာဉ်စစ် ပိတ်ဆို့တာဝန်ဆောင်ရွက်နေခဲ့တယ်။ အဲဒီအချိန် အမှတ်(၃) လမ်းမကြီးအတိုင်း တောင်ကနေ မြောက်ဘက်ကို လမ်းလျောက်လာတဲ့ ရိုက်တာသတင်းထောက် ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ကို တွေ့ပြီး မသင်္ကာလို့ ရပ်တန့် စစ်ဆေး ရှာဖွေတယ်၊ သူတို့နှစ်ယောက်ဆီကနေ ရခိုင်ပြည်နယ် မြောက်ပိုင်း အကြမ်းဖက်မှု ဖြစ်စဉ်ကာလ ရဲတပ်ဖွဲ့ကနေ အထက်ကို အစီရင်ခံတဲ့ စာ မိတ္တူတွေကို တွေ့လို့ ဖမ်းဆီးလိုက်တယ်၊ နောက်တော့ သူတို့ကို ထောက်ကြံ့နယ်မြေ ရဲစခန်းမှာ မြန်မာနိုင်ငံအစိုးရ လှို့ဝှက်ချက်များ အက်ဥပဒေ ပုဒ်မ ၃ နဲ့ အမှုဖွင့်ထားတယ် ဆိုပြီး ဖြစ်ပါတယ်။

အလားတူ နောက်တစ်နေ့ ဒီဇင်ဘာ ၁၃ ရက် ပြည်ထဲရေးဝန်ကြီးဌာနရဲ့ သတင်းထုတ်ပြန်ချက် မှာတော့ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်နဲ့ သတင်းထောက် နှစ်ယောက်ကို မြန်မာနိုင်ငံ အစိုးရ လျှို့ဝက်ချက်များ အက်ဥပဒေနဲ့ အရေးယူထားကြောင်း ခေါင်းစဉ်တပ်ပြီး “ရခိုင်ပြည်နယ်၊ မောင်တော-ဘူးသီးတောင်ဒေသ၌ လုံခြုံရေးတာဝန်များ ထမ်းဆောင်ခဲ့ပြီး ရန်ကုန်မြို့တွင် ပြန်လည်အနားပေး စုဖွဲ့လျက်ရှိသည့် လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ တပ်ဖွဲ့ဝင်များအား ချဉ်းကပ်စည်းရုံး ဆက်သွယ်ပြီး ရခိုင်ဒေသနှင့် ပတ်သက်သည့် သတင်းအချက်အလက်များ၊ တပ်ဖွဲ့ နှင့် သက်ဆိုင်သည့် အရေးကြီးလုံခြုံရေး စာရွက်စာတမ်း အထောက်အထားများကို ပြည်ပသတင်း ဌာနများသို့ ပေးပို့ရန် ရည်ရွယ်ချက်ဖြင့် တရားမဝင်သတင်း ရယူဆောင်ရွက်ခဲ့သည့် ရန်ကုန် အခြေစိုက် ရိုက်တာသတင်းဌာနမှ သတင်းထောက် ၂ ဦးအား သက်သေအထောက်အထား စာရွက်စာတမ်းများနှင့်အတူ ဖမ်းဆီးရမိခဲ့သဖြင့်” ဆိုပြီး ဖော်ပြခဲ့ပါတယ်။ ဒီဖော်ပြချက်တွေကို ပြန် စစ်ဆေးကြည့်သင့်ပါတယ်။

အခင်းဖြစ်တဲ့ ဒီဇင်ဘာ ၁၂ ရက် ည ၁၀ နာရီကျော်မှာ ရိုက်တာ သတင်းဌာန အုပ်ချုပ်သူ အန်တိုနီ ဆိုဒေါ့စကီး ဟာ သူ့သတင်းဌာနက သတင်းထောက် နှစ်ယောက် ပျောက်ဆုံးနေတဲ့အကြောင်း မင်္ဂလာဒုံရဲစခန်းမှာ လူပျောက် တိုင်တန်းခဲ့ပါတယ်။ အဲဒီ လူပျောက် တိုင်တန်းစာမှာ ကိုဝလုံးနဲ့ ကိုကျော်စိုးဦးတို့ နှစ်ယောက်ဟာ ဒရိုင်ဘာ၊ ရိုက်တာ ဌာနပိုင် ကားနဲ့ အတူ ညနေ ၆ နာရီလောက်မှာ အင်တာဗျူး လုပ်ဖို့ မင်္ဂလာဒုံမြို့နယ် အမှတ်(၈) လုံခြုံရေး ရဲတပ်ရင်းကို သွားခဲ့ကြောင်း၊ တပ်ရင်း ဝင်ပေါက်ကို ရောက်တဲ့အချိန် သူတို့ကို ချိန်းတဲ့ လူနှစ်ယောက် ထွက်လာပြီး ဆောင်ရိပ်မွန် စားသောက်ဆိုင်ကို သွားခဲ့ကြောင်း၊ ချိန်းဆိုထားသူတွေက ဆိုင်ကယ်နဲ့သွားပြီး ကိုဝလုံးတို့က ရုံးကားနဲ့ သွားကြတာ ဖြစ်ကြောင်း၊ စားသောက်ဆိုင်မှာ ကိုဝလုံးတို့ကို ချပေးခဲ့ပြီး ယာဉ်မောင်းဟာ အခြား လက်ဖက်ရည် ဆိုင်တစ်ဆိုင်ကနေ ဖုန်းခေါ်လာတာကို စောင့်နေခဲ့ပေမယ့် အဆက်အသွယ်ပြတ်သွားတာကြောင့် လူပျောက်တိုင်တန်းခဲ့တာ ဖြစ်ပါတယ်။

ဖြစ်စဉ်နဲ့ ပတ်သက်ပြီး ထူးခြားချက်တွေကတော့ ကိုဝလုံးတို့ဟာ ရဲတပ်ဖွဲ့ဝင်တွေရဲ့ ချိန်းဆိုမှုကြောင့် သူတို့ခေါ်တဲ့နေရာကို သွားခဲ့ရတာ ဖြစ်ပါတယ်။ ဆောင်ရိပ်မွန် စားသောက်ဆိုင်မှာ စကားပြောတာလည်း အဲဒီ ရဲတပ်ဖွဲ့ဝင်တွေပဲ ရွေးချယ်ခဲ့တာ ဖြစ်ပုံရပါတယ်။ ဒါကြောင့် ပြည်ထဲရေးဝန်ကြီးဌာနက ထုတ်ပြန်သလို “သတင်းထောက်တွေက ရဲတပ်ဖွဲ့ဝင်တွေကို ချဉ်းကပ် ဆက်သွယ် စည်းရုံးတယ်” “အရေးကြီး လုံခြုံရေး စာရွက်စာတမ်းတွေကို နိုင်ငံခြား သတင်းဌာနတွေဆီ ပို့ပေးဖို့” လုပ်တယ် ဆိုတာမျိုးကတော့ ဖြစ်နိုင်စရာ မရှိပါဘူး။ သတင်းထောက်တွေဟာ သတင်းရရှိဖို့ သတင်းရင်းမြစ်တွေနဲ့ တွေ့ဆုံ၊ အချက်အလက်အထောက်အထားတွေ ပေးရင် လက်ခံ အဲဒီလို သမရိုးကျ အခြေအနေမျိုးပဲ ဖြစ်နိုင်ပါတယ်။

နောက်တစ်ချက် ရဲမှတ်တမ်းမှာ ပါတဲ့ ဖမ်းဆီးရမိပုံပါ။ ကိုဝလုံးတို့ နှစ်ယောက်က လမ်းလျောက်လာတယ်၊ ပိတ်ဆို့ စစ်ဆေးနေတဲ့ ရဲတပ်ဖွဲ့နဲ့ တည့်တည့်ကြီး တိုးလို့ ဖမ်းမိတယ် ဆိုတာမျိုးကတော့ ယုံကြည်ဖို့ ခက်ခဲပါတယ်။ ကိုဝလုံးတို့ဟာ သူတို့ရုံးကားကို ခေါ်လာ၊ တစ်နေရာမှာ စောင့်ဆိုင်းခိုင်းတာကြောင့် ပြန်မယ်ဆို သူတို့ကားကို ဖုန်းဆက်ခေါ် အဲဒီ စားသောက်ဆိုင်ကနေ ထွက်ခွာသွားရုံပါပဲ။ နောက်ထပ် သံသယ ရှိစရာ တစ်ချက်က ရဲတပ်ဖွဲ့က ဖမ်းဆီးထားတယ် ဆိုတဲ့ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ပါ။ ပြည်ထဲရေးဝန်ကြီးဌာနဟာ အဲဒီ ရဲတပ်ဖွဲ့ဝင် နှစ်ယောက်ရဲ့ ဓာတ်ပုံကို မထုတ်ပြန်ခဲ့ပါဘူး။ ဒါကြောင့် ကိုဝလုံးတို့နဲ့ တွေ့ဆုံပြီး စားသောက်ဆိုင် ခေါ်သွားတဲ့ နှစ်ယောက်ဟာ အရေးယူခံရတဲ့ နှစ်ယောက် မဟုတ်ဘူး ဆိုရင် ဒါဟာ အသွင်ယူပြီး ဖမ်းဆီးတဲ့ သဘော သက်ရောက်သွားပါလိမ့်မယ်။ မြန်မာနိုင်ငံက ရဲတပ်ဖွဲ့ဟာ ပြည့်တန်ဆာတွေကို ဖမ်းချင်ရင် လူတစ်ယောက်ကို ငွေပေး၊ ငွေစက္ကူနံပတ် မှတ်၊ အသွင်ယူ ပျော်ပါးခိုင်းပြီး ပြည့်တန်ဆာဆီက ငွေစက္ကူ အထောက်အထားနဲ့ ဖမ်းဆီးတယ် ဆိုတဲ့ ပုံစံမျိုးပါ။ နောက်သံသယ ဖြစ်စရာ တစ်ခုက စာရွက်စာတမ်း ၄ မျိုးဖမ်းမိတဲ့အနက် ကိုဝလုံးဆီမှာ တစ်မျိုး၊ ကိုကျော်စိုးဦး ဆီက သုံးမျိုး ဖမ်းမိတယ် ဆိုတာပါ။ တကယ်တော့ အဲဒါတွေဟာ အတူတူပဲမို့ တစ်စုတစ်စည်းထဲ ရှိနေမယ့် စာရွက်တွေပါ။ နှစ်ယောက်စလုံး ဥပဒေနဲ့ ငြိစွန်းနိုင်အောင် နှစ်ယောက်လုံးဆီမှာ တွေ့တယ်လို့ ဖန်တီးထားလေသလား၊ သံသယ ဖြစ်စရာပါ။ ဖြစ်စဉ်အားလုံးကို ဆက်စပ်ကြည့်လိုက်ရင် ကိုဝလုံးတို့ သတင်းထောက် နှစ်ယောက်ဟာ သမရိုးကျ မဟုတ်ပဲ ထောင်ချောက်ဆင် ဖမ်းဆီးခံလိုက်ရတာမျိုးလား အများကြီး သံသယဖြစ်စရာ ရှိပါတယ်။

ဒီပြသနာနဲ့ ပတ်သက်ရင် ဒီမိုကရေစီ လမ်းကြောင်းပေါ် သွားနေပါတယ် ဆိုတဲ့ အစိုးရ အနေနဲ့ ဒါဟာ ပြည်ထဲရေးက လုပ်တာ၊ ပြည်ထဲရေးကို တပ်မတော်က ကိုင်ထားတာ၊ ငါတို့ ဝင်ပါလို့ မဖြစ်ဘူး ဆိုတာမျိုး မနေသင့်ပါဘူး။ ဒီ ဖြစ်စဉ်ကြီး တစ်ခုလုံးဟာ သွေးရိုးသားရိုး ဥပဒေနဲ့ အညီ ဖြစ်ခဲ့သလား ဆိုတာ ဥပဒေနဲ့အညီ စိစစ်ဖို့ သင့်ပါတယ်။ နောက်ထပ် အရေးတကြီး လိုအပ်နေတာက တပ်မတော်နဲ့ ပြည်ထဲရေးဝန်ကြီးဌာန တာဝန်ရှိသူတွေပါ။ သတင်းထောက်တွေဟာ အဲဒီ ရခိုင်ပြည်နယ်ထဲက သတင်းအမှန်တွေ သိရအောင် ကြိုးစားနေခြင်းဟာ တိုင်းပြည် ဒုက္ခ မရောက်ရအောင်၊ အချုပ်အခြာ အာဏာ ထိပါး မခံရအောင်၊ တစ်နည်းတစ်ဖုံအားဖြင့် တပ်မတော်ကို ကူညီနေကြတယ် ဆိုတာ သိမြင် နားလည်လာရေးပါ။ ရခိုင်ပြည်နယ် မြောက်ပိုင်းက ပြသနာတွေအကြောင်း သတင်းရေးတဲ့ သတင်းထောက်တွေနဲ့ မီဒီယာတွေကို ခုလို သဘောမျိုး ထားမယ်ဆိုရင်တော့ ပဋိပက္ခ ပြသနာ နွံတောထဲက ထွက်နိုင်မယ် မဟုတ်ပါကြောင်း သုံးသပ် တင်ပြလိုက်ရပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG