သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ဆန္ဒအစစ်အမှန် ဘာဖြစ်မလဲ


နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် မိန့်ခွန်းပြောကြားနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (Facebook -တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၊ ဇန်နဝါရီလ၂၇၊ ၂၀၂၁)
နိုင်ငံတော်ကာကွယ်ရေးတက္ကသိုလ်မှ နည်းပြအရာရှိကြီးများနှင့် သင်တန်းသားအရာရှိကြီးများအား Video Conferencing ဖြင့် မိန့်ခွန်းပြောကြားနေတဲ့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (Facebook -တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့၊ ဇန်နဝါရီလ၂၇၊ ၂၀၂၁)
တိုက်ရိုက် လင့်ခ်

ပြီးခဲ့တဲ့ ဇန်နဝါရီ ၂၇ ရက်နေ့က တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်က နည်းပြ အရာရှိတွေနဲ့ သင်တန်းသား အရာရှိကြီးတွေကို Video Conferencing နဲ့ အမှာစကားပြောခဲ့ပြီး အဲဒီ ပြောကြားချက်ဗီဒီယိုဖိုင် တစ်ချို့ကို အများပြည်သူ သိနိုင်အောင် ထုတ်ပြန်ပေးခဲ့ပါတယ်။ အဲဒီ ဗီဒီယိုဖိုင်မှာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ဘယ်သူဘယ်ဝါ ဘယ်အဖွဲ့အစည်းရယ်လို့ ရည်ညွှန်းခြင်းမရှိပဲ တစ်ချို့ဟာ ဥပဒေကို ကိုယ်လိုရာဆွဲပြီး လုပ်နေကြတဲ့ အတွက် အကျိုးထက် အဆိုးကို ဖြစ်စေကြောင်း၊ ဒီလို ဥပဒေကို မလိုက်နာဘူး ဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်ပစ်ရမယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ သူ့ရဲ့ အဲလို ပြောဆိုချက်တွေကြောင့် ပြီးခဲ့တဲ့ရက်ပိုင်း တပ်မတော် သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက သတင်းထောက် တစ်ယောက်ရဲ့ မေးခွန်းကို ဖြေရင်း ပြောခဲ့တဲ့ တပ်မတော်အနေနဲ့ အာဏာမသိမ်းဘူးလို့ မှတ်ယူလို့ မရတဲ့အကြောင်း ပြောဆိုချက်ကို အတည်ပြုပေးလိုက်သလိုလည်း ဖြစ်စေခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရဲ့ ပြောဆိုချက်ကြောင့် ပြည်သူတွေအကြား စစ်အာဏာသိမ်းပွဲ ဖြစ်တော့မှာလား ဆိုပြီး စိုးရိမ်မှုတွေ အကြီးအကျယ် ဖြစ်ပေါ်စေခဲ့ပါတယ်။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ပြောစကားကို ဘယ်လို အဓိပ္ပါယ် ကောက်ယူလို့ရပါသလဲ၊ သူ့ရဲ့ သဘောထား ဆန္ဒ အစစ်အမှန်ကရော ဘာဖြစ်မလဲ ဆိုတာ လေ့လာကြည့်ကြရအောင်ပါ။

ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ပြောစကားထဲက အရေးကြီးတဲ့ အပိုင်းက ခုလိုပါ။ “ဥပဒေမှာ ကိုယ်လိုရာဆွဲပြီးတော့ လုပ်နေတာတွေဟာ အကျိုးထက် အဆိုးကို ဖြစ်စေတယ်။ တပ်မတော်က စောစောကပြောသလို လက်နက်ကိုင်ထားတဲ့ အဖွဲ့ အစည်းဖြစ်တဲ့အတွက် အခြေခံဥပဒေကို လေးစားလိုက်နာဖို့လိုတယ်။ ဒါကြောင့် ငါတို့တွေ လည်း ပြောရလို့ရှိရင်တော့ ၂၀၀၈ ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကျော်လွန်ပြီးတော့မှ ကျော်လွန်မှုမရှိတဲ့ တည်ဆဲဥပဒေအားလုံးကို ငါတို့က လေးစားလိုက်နာရမယ်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကတော့ ဥပဒေရဲ့ Mother Law ပဲ။ ဒါကြောင့် ငါတို့က ဒါကိုတော့ လေးစား လိုက်နာဖို့လိုတယ်လို့ ပြောလိုတယ်၊ စောစောကပြောတဲ့ ဥပဒေကို မလေးစားဘူး၊ မလိုက်နာဘူးဆိုရင် ဒီဥပဒေကို ဖျက်ပစ်ရမယ်။ ဆိုလိုတာကတော့ အခြေခံဥပဒေ ဆိုရင်လည်း ဖျက်ပစ်ရမယ်။ ဒီဥပဒေကို မလိုက်နာဘူး ဆိုလို့ရှိရင် ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖျက်ပစ်ရမယ်။ ဒါကြောင့် တော်လှန်ရေး ကောင်စီ ခေတ်တုန်းကလည်း ၁၉၄၇ ခုနှစ်၊ ဥပဒေကို ဖျက်လိုက်တာပဲ။ နဝတခေတ် တပ်မတော်တက်လာတဲ့အခါမှာ ၁၉၇၄ ခုနှစ်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖျက်လိုက်တာပဲ။” ဆိုပြီးဖြစ်ပါတယ်။

သူ့ပြောဆိုချက်ကို အကျဉ်းနည်းနဲ့ အဓိပ္ပါယ်ဖွင့်ရရင် တစ်ချို့ လူပုဂ္ဂိုလ်၊ အဖွဲ့အစည်း၊ ပါတီ တွေ အနေနဲ့ ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို မလေးစား၊ မလိုက်နာ၊ ကိုယ်လိုရာဆွဲ လုပ်နေတဲ့ အကြောင်း၊ အဲလိုဆိုရင် ဖွဲ့စည်းပုံ အခြေခံ ဥပဒေကို ဖျက်ပစ်ရမှာဖြစ်ကြောင်း အရင် စစ်အာဏာသိမ်းမှု နှစ်ကြိမ်ကို ကိုးကားပြောဆိုခဲ့တာ ဖြစ်ပါတယ်။ လိုရင်းကတော့ အရင် ၂ ကြိမ်တုန်းကလို သူ့အနေနဲ့ စစ်အာဏာသိမ်းပြီး ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်ပစ်လိုက်လို့ ရတယ် ဆိုပြီး ပြောဆိုခဲ့ခြင်းပါ။

နောက်ကြောင်းကို ပြန်ကြည့်လိုက်ရင် အရင် စစ်အာဏာရှင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေဟာ ၂၀၀၈ ဖွဲ့စည်းပုံကို အသေအခြာ ရေးဆွဲ ပြဌာန်းစေပြီး ၂၀၁၁ ခုနှစ်အရောက်မှာ စစ်ဗိုလ်ချုပ်တစ်ချို့ကို အာဏာ လွဲှပေးသွားခဲ့ပါတယ်။ သူအမွေပေးသွားတဲ့ ၂၀၀၈ ဖွဲ့စည်းပုံ ဆိုတာဟာ စစ်ဗိုလ်ချုပ်တွေ အစဉ်အဆက် တိုင်းပြည်အာဏာ အပြည့်အ၀ ရယူ အုပ်ချုပ်သွားဖို့ပါ။

တိုင်းပြည်ရဲ့ အထွဋ်အထိပ် သမ္မတ ကို ရွေးချယ်ပေးတဲ့ လွှတ်တော်မှာ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ်က ခန့်အပ်တဲ့ တပ်မတော်သား ကိုယ်စားလှယ်တွေက ၂၅% ယူ၊ စစ်အာဏာရှင်တွေက ဖွဲ့စည်းပေးသွားတဲ့ ပြည်ခိုင်ဖြိုးပါတီက ရွေးကောက်ပွဲမှာ ၂၅% အနိုင်ရအောင်ကြိုးစား၊ အဲလို အနိုင်ရအောင်လည်း စစ်ဗိုလ်ချုပ်ဟောင်း တစ်ယောက် ဦးဆောင်တဲ့ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်က လိုအပ်သလို ကူညီပေး၊ အုပ်ချုပ်ရေးပိုင်းမှာ အနှံ့အပြား နေရာယူထားတဲ့ စစ်ဗိုလ်ဟောင်းတွေကလည်း ပံ့ပိုးပေး၊ ဒီလိုနည်းနဲ့ စစ်ဗိုလ်ချုပ်တွေ နိုင်ငံတော် သမ္မတ ရာထူးကိုယူ၊ အစိုးရအာဏာကို ဆက်ကာ ဆက်ကာ ရအောင် ဖန်တီးပေးသွားခဲ့တာပါ။ အဲဒီလို စီစဉ်ပြီး ၂၀၁၁ မှာ စစ်ဗိုလ်ချုပ်ဟောင်း ဦးသိန်းစိန် သမ္မတ အဖြစ်ဦးဆောင်တဲ့ အစိုးရအဖွဲ့သစ် ပေါ်ပေါက်အောင် လုပ်ပေးသွားခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် ကံမကောင်း အကြောင်းမလှစွာပဲ အဲဒီလို စစ်ဘုရင်မင်းဆက် ဆက်ကာ ဆက်ကာ အုပ်စိုးရေး အစီအစဉ်ဟာ ၂၀၁၅ ရွေးကောက်ပွဲမှာပဲ ပျက်ပြယ်သွားခဲ့ရပါတယ်။ အကြောင်းကတော့ အာဏာရ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပြည်ခိုင်ဖြိုးပါတီတွင်း ကြီးမားတဲ့ အကွဲအပြဲတွေ ဖြစ်တာ၊ အင်န်အယ်လ်ဒီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပေါ် ပြည်သူလူထု ထောက်ခံမှု ကြီးမားတာ၊ စစ်ဗိုလ်ချုပ်ဟောင်းတွေရဲ့ ပြည်ခိုင်ဖြိုးပါတီကို ပြည်သူလူထုကြီးက လုံး၀ ကြိုက်နှစ်သက်ခြင်း မရှိတာနဲ့ အခြား အချက်အလက်တွေကြောင့် ဖြစ်ပါတယ်။

ဒီလိုနဲ့ စစ်ဗိုလ်ချုပ်တွေနဲ့ စစ်ဗိုလ်ချုပ်ဟောင်းတွေဟာ အုပ်ချုပ်ရေးအာဏာကို လက်လွှတ်လိုက်ရရုံတင်မက ရွေးကောက်ပွဲတွေမှာ အလွန့်ကို အရေးပါတဲ့ အခန်းကဏ္ဍမှာ ရှိနေတဲ့ ရွေးကောက်ပွဲ ကော်မရှင်လို အင်စတီကျူးရှင်းကြီးတွေကိုပါ လက်လွတ် ဆုံးရှုံးသွားခဲ့ရပါတယ်။ အဲဒီအချိန်ကစ နောင် သမ္မတ လုပ်ဖို့ ရည်မှန်းချက်ရှိတဲ့၊ အဲလို ရည်မှန်းချက်ရှိကြောင်း သတင်းမီဒီယာ တစ်ချို့ကို သွယ်ဝိုက်ပြီး ပြောလေ့ရှိတဲ့ ဗိုလ်ချုပ်မှုးကြီးမင်းအောင်လှိုင်အတွက် ၂၀၀၈ ဖွဲ့စည်းပုံဟာ အထောက်အပံ့ဖြစ်ဖွယ် သိပ်မရှိတော့ပါဘူး။ ဖွဲ့စည်းပုံအရ သမ္မတ ရွေးမယ့် ပြည်ထောင်စု လွှတ်တော်ထဲမှာ သူခန့်တဲ့ တပ်ကိုယ်စားလှယ် ၂၅% သေခြာပေါက် ရှိနေမှာ ဖြစ်ပေမယ့် ရွေးကောက်ပွဲမှာ ကိုယ့်ဘက်က ခန့်ထားတဲ့ ကော်မရှင်တွေ မရှိပဲ ပြည်ခိုင်ဖြိုးပါတီဟာ လွှတ်တော် တစ်ခုလုံးရဲ့ ၂၅%ကျော်၊ တစ်နည်း ရွေးကောက်ပွဲ မဲဆန္ဒနယ်မြေရဲ့ ၃၄% ကျော်နိုင်ပါ့မလား ဆိုပြီးဖြစ်ပါတယ်။ တကယ်လည်း ၂၀၂၀ ရွေးကောက်ပွဲမှာ အင်န်အယ်လ်ဒီက ၈၂%၊ ပြည်ခိုင်ဖြိုးပါတီက ၆% ကျော်ပဲ အနိုင်ရတာက သက်သေပြခဲ့ပြီဖြစ်ပါတယ်။ ဒါကြောင့်လဲ တိုင်းရင်းသားတွေ လွှတ်တော်ထဲ ပိုရောက်ရေး ဆိုတဲ့ စကားလုံးသုံးပြီး သူ့အနေနဲ့ လက်ရှိ မြန်မာနိုင်ငံမှာ ကျင့်သုံးနေတဲ့ ရွေးကောက်ပွဲမှာ မဲဆန္ဒနယ်မြေ တစ်ခုချင်းအလိုက် First past the post စနစ်နဲ့ အနိုင်ရတဲ့သူတွေကို ရွေးချယ်တဲ့ စနစ်အစား မဲအရေအတွက်ကို လိုက်ပြီး အချိုးကျ ကိုယ်စားပြုတဲ့ Proportional Representation (PR) စနစ်ကို ကျင့်သုံးဖို့ ထောက်ခံတယ် ဆိုပြီး ပြောဆိုခဲ့ပါတယ်။ လောလောဆယ် စစ်အစိုးရက ဦးဆောင်ရေးဆွဲထားတဲ့ ထိုင်းနိုင်ငံရဲ့ ဖွဲ့စည်းပုံမှာ ဝန်ကြီးချုပ်ကို ရွေးချယ်မယ့် လူ ၇၅၀ အတွက်၊ အာဏာပိုင်တွေ ခန့်တာ ၂၅၀၊ မဲဆန္ဒနယ် တစ်ခုချင်းအလိုက် ရွေးကောက်ပွဲ လုပ်ပေးတာ ၃၅၀၊ PR စနစ်နဲ့ အချိုးကျ ခွဲပေးတာက ၁၅၀ ပုံစံ လုပ်ထားပါတယ်။ လက်ရှိ ရွေးကောက်ပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အင်န်အယ်လ်ဒီဟာ ၈၂% အထိ နိုင်တယ် ဆိုပေမယ့် ထိုင်းဖွဲ့စည်းပုံ အရဆိုရင်တော့ အစိုးရဖွဲ့နိုင်တဲ့ အရေအတွက်နဲ့တောင် မနီးစပ်ပါဘူး။

ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ဟာ ၂၀၀၈ ဖွဲ့စည်းပုံကို ရွေးကောက်ခံတွေ ဘယ်လိုနည်းနဲ့မှ ဘယ်တော့မှ အစိုးရ အာဏာမရနိုင်တဲ့ အဲဒီ ထိုင်းစစ်အစိုးရရဲ့ ဖွဲ့စည်းပုံဆန်ဆန် ဖြစ်စေလိုပုံ ရပါတယ်။ ဒါပေမယ့် ခက်တာက သူ့အနေနဲ့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်မယ်ဆိုရင်လည်း ဖွဲ့စည်းပုံ အရပဲ လွှတ်တော်တွင်း ပြင်ဖို့ အင်အားက ရှိမနေပြန်ပါဘူး။ ဒီ အတွက် ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်ပစ်ဖို့ အထိ ပြောဆိုလာတာဟာ သူ့ရဲ့ ဆန္ဒ အစစ်အမှန်ဖြစ်နိုင်ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံကို ဖျက်ပစ်ဖို့ ဆိုတာကလည်း သူ့အရင် ရှေ့က စစ်အာဏာရှင်တွေနည်းတူ စစ်အာဏာသိမ်းပြီးမှ လုပ်လို့ရမှာဖြစ်တာကြောင့် အဲဒီလို အာဏာသိမ်းပွဲ ဆင်နွဲှမလား၊ မဆင်နွဲှဘူးလား ဆိုတာကိုတော့ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် ကိုယ်တိုင် ဆုံးဖြတ်ရမှာ ဖြစ်ကြောင်းပါ။

-------------------------











XS
SM
MD
LG