ပြီးခဲ့တဲ့ ဧပြီလ ၂ ရက်နေ့ကစ မြန်မာနိုင်ငံ ပြည်တွင်းမှာ ကုမ္ပဏီတစ်ချို့ လုပ်ကိုင်နေတဲ့ 2600MHz လှိုင်းနှုန်း အသုံးပြုပြီး Wireless Broadband Data Service စနစ်နဲ့ ဝန်ဆောင်မှု ပေးနေတဲ့ အင်တာနက် ဝန်ဆောင်မှု အားလုံးကို ရပ်ဆိုင်းထားဖို့ စစ်ကောင်စီက ညွှန်ကြားပါတယ်။ မြန်မာနိုင်ငံမှာ အင်တာနက် ဝန်ဆောင်မှု စနစ် ၅ မျိုးရှိတဲ့အနက် မိုဘိုင်းဖုန်း ဆင်းကဒ်တွေကနေ တဆင့် အင်တာနက် ဝန်ဆောင်မှု ပေးတဲ့စနစ်၊ ဝိုင်ဖိုင် နည်းပညာနဲ့ ဝန်ဆောင်မှု ပေးတဲ့ စနစ် ၂ မျိုးကိုတော့ ပြီးခဲ့တဲ့ ၂ ပတ်ကျော် ကတည်းက ရပ်ဆိုင်းထားခဲ့ပြီး ဖြစ်ပါတယ်။ အခုဆိုရင် ဖိုင်ဘာ ကြိုးတွေနဲ့ နေအိမ်အရောက် သွယ်တန်း ဝန်ဆောင်မှုပေးတဲ့ FTTH စနစ် နဲ့ စီးပွားရေး လုပ်ငန်းကြီးတွေကို ပေးတဲ့ Direct Internet Access (DIA) ဝန်ဆောင်မှု နှစ်မျိုးပဲ ကျန်ပါတော့တယ်။ ဒီ ဝန်ဆောင်မှု နှစ်မျိုးကိုလည်း စစ်ကောင်စီရဲ့ ညွှန်ကြားချက်အရ လွန်ခဲ့တဲ့ တစ်လခွဲလောက်ကတည်းက ည ၁း၀၀ နာရီကနေ မနက် ၉း၀၀ ဝန်းကျင် အထိ ဖြတ်တောက်ထားခဲ့တာ ဒီကနေ့ အချိန်ထိပါပဲ။ စစ်ကောင်စီဟာ အင်တာနက် ဝန်ဆောင်မှုတွေကို ဘာကြောင့် ဖြတ်တောက် ရတာလဲ၊ ဒီလို အင်တာနက် ဝန်ဆောင်မှု ဖြတ်တောက်မှုကနေ ဘယ်လို အကျိုးဆက်တွေ ဖြစ်ပေါ်နေသလဲ ဆိုတဲ့ကိစ္စ စိတ်ဝင်စားဖို့ ကောင်းပါတယ်။
အင်တာနက် ဖြတ်တောက်မှုနဲ့ ပတ်သက်လို့ သာမန်အားဖြင့် အများက ယူဆတာကတော့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က အာဏာသိမ်းမှု ဖြစ်ပွားပြီး နောက်ပိုင်း တိုင်းပြည် နေရာ အနှံ့မှာ ပေါ်ပေါက်လာတဲ့ ပြည်သူလူထု တစ်ရပ်လုံးရဲ့ အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒပြပွဲကြီးတွေကို ဖြိုခွင်းဖို့လို့ ဆိုကြပါတယ်။ ဆန္ဒပြသူတွေဟာ မိုဘိုင်း အင်တာနက် လိုင်းတွေပေါ်က လူမှုကွန်ယက် မီဒီယာတွေကို အသုံးပြုပြီး တစ်ဦးနဲ့ တစ်ဦး ချိတ်ဆက်ကြတယ်၊ ဦးဆောင်သူတွေဟာ အင်တာနက် အသုံးပြုပြီး ညွှန်ကြားချက်တွေ ပေးကြတယ်၊ အင်တာနက်လိုင်းကြောင့် ဘယ်နေရာမှာ ဘယ်လို ဖြစ်ပျက်နေတယ် ဆိုတာကို အချိန်နဲ့ တပြေးညီ သိနိုင်ကြပြီး အဲဒါတွေကို အမှောင်ချဖို့ လုပ်တယ် လို့ ယူဆကြတာမျိုး ဖြစ်ပါတယ်။
တကယ့်လက်တွေ့မှာတော့ စစ်ကောင်စီရဲ့ အင်တာနက် ဖြတ်တောက်မှု ရည်ရွယ်ချက်ဟာ အဲဒီထက် အများကြီးပိုပါတယ်။ ပထမ တစ်ခုကတော့ သတင်းစီးဆင်းမှု ရပ်တန့်စေပြီး တိုင်းပြည် တစ်ခုလုံးကို အမှောင်ချလိုက်ဖို့ပါ။ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်ဟာ အာဏာသိမ်းပွဲ ဆင်နွဲှတာနဲ့ တစ်ပြိုင်နက်တည်း အစိုးရနဲ့ ပုဂ္ဂလိက ရုပ်သံနဲ့ ရေဒီယို ဌာနတွေကို ဝင်ရောက်စီးနင်းပြီး သတင်းမီဒီယာတွေကို ထိမ်းချုပ်လိုက်ပါတယ်။ နောက်ပိုင်း သတင်းမီဒီယာ တစ်ချို့ကို လိုင်စင် ပိတ်သိမ်းတာ၊ ရုံးခန်းတွေကို စီးနင်း ဝင်ရောက်တာ လုပ်ပါတယ်။ လွတ်လွတ်လပ်လပ် ရေးသားဖော်ပြရင် အန္တရာယ်ကြုံရနိုင်တာကြောင့် ပုဂ္ဂလိက နေ့စဉ် သတင်းစာ တစ်စောင်ကလွဲရင် အားလုံး ရပ်ဆိုင်းကုန်ပြီဖြစ်လို့ မီဒီယာ စီးဆင်းစရာဆိုလို့ အွန်လိုင်း ပက်လက်ဖေါင်း တစ်ခုပဲ ကျန်ရစ်နေတာ ဖြစ်ပါတယ်။ အခုဆို အင်တာနက် အသုံးပြုခွင့်ကို ကြီးကြီးမားမား ကန့်သတ်လိုက်တဲ့အခါ သတင်း အမှောင်ဖုံးလုနီး အခြေအနေ ရောက်သွားစေခဲ့ပါတယ်။
စစ်ကောင်စီရဲ့ အင်တာနက် အသုံးပြုမှု ကန့်သတ်လိုက်တာဟာ ပြည်သူလူထုတွေကို တင်မက သူ့တပ်တွင်းကိုလည်း သတင်းအမှောင်ချ၊ စစ်ကောင်စီက ဝါဒဖြန့်နေတဲ့ MRTV နဲ့ မြဝတီကိုပဲ ကြည့်စေ မြင်စေချင်တဲ့ ရည်ရွယ်ချက်လည်း ပါနိုင်ပါတယ်။ အာဏာသိမ်းပြီး ပေါ်ပေါက်လာတဲ့ လူထု ဆန္ဒပြပွဲတွေကို စစ်တပ်က ရက်ရက်စက်စက် ပစ်ခတ်၊ သတ်ဖြတ်၊ ရိုက်နှက်၊ နှိပ်စက်၊ ပြည်သူတွေ ပိုင်ဆိုင်တဲ့ ဆိုင်ကယ်၊ ကား၊ နေအိမ်တွေကို ဖျက်ဆီး စတာတွေကို အွန်လိုင်း မီဒီယာ ပက်လက်ဖေါင်းပေါ်မှာပဲ မြင်နိုင်ပါတယ်။ မိုဘိုင်းဒေတာနဲ့ ဝိုင်ဖိုင်စနစ်ကို ပိတ်ပင်မှု မလုပ်ခင်က အဲဒီ ဓာတ်ပုံ၊ ဗီဒီယိုဖိုင်တွေကို တပ်တွင်းက အရာရှိတွေ တွေ့ကြ၊ မြင်ကြပြီး တစ်ချို့ မယုံနိုင်သလို ဖြစ်တာ၊ တစ်ချို့ အချင်းချင်းပြောဆို မေးမြန်းတာမျိုး ရှိခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် စစ်ကောင်စီဟာ တပ်တွင်းမှာ အရင်က မဲမသမာမှု ဖြစ်နိုင်ဖွယ် မဲစာရင်းကိစ္စကြောင့် အာဏာရယူရတယ် ဆိုပြီး ဝါဒဖြန့်နေရာကနေ၊ အခုနောက်ပိုင်း အင်န်အယ်လ်ဒီ အစိုးရအဖွဲ့ကြီးမှာ လာဘ်စားမှု ကြီးကြီးကျယ်ကျယ် ရှိနေတယ်၊ အင်န်အယ်လ်ဒီ ဟာ ဂျော့ချ်ဆိုးရော့စ်လို ဘီလျံနာ သူဌေးကြီးရဲ့ ငွေကြေးထောက်ပံ့မှုတွေနဲ့ တိုင်းပြည်ကို အနောက်နိုင်ငံ သြဇာခံ ဖြစ်အောင် လုပ်နေတယ်၊ အဲဒီကနေ တဆင့် အမျိုးဘာသာ သာသနာ ပျောက်ကွယ်နိုင်တဲ့ အန္တရာယ် ရှိတာကြောင့် အာဏာရယူရခြင်း ဖြစ်တယ် ဆိုတာမျိုး အကြီးအကျယ် ဝါဒဖြန့်နေရတာကို ကြည့်ရင်လည်း အင်တာနက် သုံးမရအောင် ပိတ်ပင်ရတဲ့ကိစ္စ တပ်တွင်းကိုလည်း ရည်ရွယ်တယ် ဆိုတာ နားလည်နိုင်ပါတယ်။
ဒါပေမယ့် တကယ့်လက်တွေ့မှာ အင်တာနက် ဖြတ်တောက် ပိတ်ပင်မှုရဲ့ အကျိုးဆက်ဟာ သတင်းအမှောင်ချတဲ့ကိစ္စ၊ ဆန္ဒပြသူတွေကို ချိတ်ဆက် မမိတော့အောင် လုပ်တဲ့ကိစ္စလောက်မှာပဲ ရပ်တန့်သွားတာတော့ မဟုတ်ပါဘူး။ စီးပွားရေးနဲ့ လူမှုရေး နယ်ပယ်ကိုလည်း အကြီးအကျယ် သက်ရောက်မှုတွေ ဖြစ်ပေါ်စေပါတယ်။ အထူးသဖြင့် ငွေရေးကြေးရေး ဘဏ္ဍာရေး ကဏ္ဍမှာပါ။ လက်ရှိ အခြေအနေမှာ CDM ကြောင့် ဘဏ်တွေ ပိတ်ထားရဆဲဖြစ်ပြီး လူတွေဟာ အသုံးလိုတဲ့ငွေတွေကို ATM စက်တွေကနေ သွားထုတ်ရပါတယ်။ အခြားတစ်ဖက်မှာတော့ ရောင်းဝယ်မှုတွေနဲ့ ငွေကြေး လွဲှပြောင်းမှုတွေကို Mobile Banking စနစ်တွေကနေ လုပ်ဖို့ စစ်ကောင်စီနဲ့ ဗဟိုဘဏ်က တိုက်တွန်းပါတယ်။ တကယ်လက်တွေ့ လူတွေ အင်တာနက် အသုံးပြုမှုကို ကြီးကြီးမားမား ပိတ်ဆို့လိုက်တဲ့အခါ Mobile Banking စနစ် အသုံးပြုလို့မရဖြစ်ပြီး ရောင်းဝယ်၊ ငွေကြေးလွဲှပြောင်းမှုတွေ ရပ်သလို ဖြစ်သွားစေခဲ့ပါတယ်။ အဓိပ္ပါယ်ကတော့ လူတွေ အရောင်းအဝယ် လုပ်ရာမှာ ငွေသားစက္ကူကလည်း လက်ထဲမှာ လုံလုံလောက်လောက် မရှိ၊ ဘဏ်တွေ ပိတ်နေလို့ ဘဏ်ကိုလည်း အသုံးပြုလို့မရ၊ Mobile Banking စနစ် သုံးမယ် ဆိုပြန်တော့လည်း အင်တာနက် ပိတ်ဆို့ထားလို့ သုံးမရ ဆိုတဲ့ အနေအထား ရောက်နေတာပါ။
ဒါတင်မက အွန်လိုင်းကနေ ကုန်ပစ္စည်းနဲ့ ဝန်ဆောင်မှုတွေ ရောင်းချတဲ့ လုပ်ငန်းတွေ၊ ဝန်ဆောင်မှု အမျိုးမျိုးကို ပြည်တွင်း၊ ပြည်ပ အွန်လိုင်းကနေ အပြန်အလှန် ပေးပို့ ဆက်သွယ်တဲ့ လုပ်ငန်းတွေလည်း လုပ်ရခက်ခဲကုန်ပါတယ်။ စစ်ကောင်စီရဲ့ အင်တာနက် ဖြတ်တောက် ပိတ်ဆို့မှုဟာ သူတို့ရည်ရွယ်သလို ဆန္ဒပြပွဲတွေကို နှိမ်နင်းဖို့၊ ပြည်သူတွေကြားနဲ့ တပ်တွင်းကို သတင်းအမှောင်ချဖို့ ကိစ္စတင်မက စီးပွားရေးနဲ့ ငွေရေးကြေးရေး ဘဏ္ဍာရေး နယ်ပယ်ကိုပါ ဆိုးဆိုးရွားရွား ထိခိုက်ကုန်တာ တွေ့နိုင်ပါတယ်။ လူမှုရေး ကဏ္ဍမှာဆိုရင်လည်း အွန်လိုင်းအသုံးပြု ပညာသင်ကြားရေး လုပ်ငန်းလိုမျိုးကို တိုက်ရိုက် ထိခိုက်စေသလို၊ အခြားသော လုပ်ငန်း မျိုးစုံအတွက် ပြည်တွင်းပြည်ပ အွန်လိုင်းကနေ အချက်အလက် အပြန်အလှန် ပေးပို့တာ၊ စည်းဝေးပွဲတွေ ကျင်းပတာ စတဲ့ လုပ်ငန်းမျိုးစုံကိုပါ ထိခိုက်စေခဲ့ပါတယ်။
ဘယ်လိုပဲဖြစ်ဖြစ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်ကောင်စီဘက်ကတော့ တိုင်းပြည် စီးပွားရေး၊ ငွေရေးကြေးရေး၊ လူမှုရေး ကဏ္ဍတွေ ဘယ်လောက် ထိခိုက် ထိခိုက် ၂ လကျော်ကြာသည်အထိ မရပ်စဲသေးတဲ့ ဆန္ဒပြပွဲတွေကို ချေမှုန်းရေး၊ ပြည်သူနဲ့ တပ်တွင်း သတင်းအမှောင်ချရေး၊ အာဏာတည်မြဲရေး လုပ်ငန်းစဉ် အောင်မြင်ရေးကိုပဲ ပိုပြီး ဦးစားပေး ဆောင်ရွက်မယ့် အနေအထားမျိုး မြင်တွေ့နေရပါသေးတယ်။ ဒီအတွက် သိပ်မကြာခင် အချိန်အတွင်း အင်တာနက် ဝန်ဆောင်မှု လုပ်ငန်းတွေ၊ အထူးသဖြင့် မြို့ပြမှာရော ကျေးလက်မှာပါ လူပေါင်း သန်းဆယ်နဲ့ချီ အသုံးပြုနေကြတဲ့(၂) မိုဘိုင်းဒေတာ စနစ်နဲ့ ဝိုင်ဖိုင်စနစ် ပြန်အသုံးပြုခွင့်ပေးဖို့ ဆိုတာကိုတော့ မျှော်လင့်လို့ ရနိုင်လိမ့်မယ် မဟုတ်ကြောင်းပါ။
--------------------------------