လာမယ့် စက်တင်ဘာ ၂၇ ရက်နေ့မှာ ၄ နှစ်ပြည့်မှာဖြစ်တဲ့ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနေ့ အထိမ်းအမှတ်အဖြစ် ရဟန်းသံဃာတွေ လမ်းပေါ်ထွက် စီတန်းလမ်းလျှောက်တာတွေ မလုပ်ဖို့ ရခိုင်ပြည်နယ် စစ်တွေမြို့မှာရှိတဲ့ ဘုန်းကြီးကျောင်းတွေကို အာဏာပိုင်တွေက လိုက်လံ သတိပေးနေပါတယ်။ ဒါ့အပြင် စာသင်ကျောင်းတွေ အနီးတဝိုက်နဲ့အတူ ညပိုင်းတွေမှာ လုံခြုံရေး ချထားတာတွေလည်း ရှိပါတယ်။ အပြည့်အစုံကို မသင်းသီရိက တင်ပြပေးထားပါတယ်။
ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု အရေးတော်ပုံကြီး ၄ နှစ်ပြည့်တဲ့ စက်တင်ဘာ ၂၇ ရက်နေ့မှာ ရဟန်းသံဃာတွေဟာ အဲဒီနေ့အတွက် အထိမ်းအမှတ် တခုခု ပြုလုပ်တာ၊ ဒါမှမဟုတ် အပြင်ထွက်ပြီး စီတန်းလမ်းလျှောက်တာတွေ မလုပ်ဖို့ စစ်တွေမြို့ အတွင်းက စာသင်ဘုန်းကြီးကျောင်းက ဆရာတော်တွေကို အာဏာပိုင်တွေက ဒီရက်ပိုင်းတွေမှာ လိုက်ပြီး သတိပေးတာတွေ လုပ်နေပါတယ်။
အကြောင်းကတော့ ပြီးခဲ့တဲ့ စက်တင်ဘာ ၉ ရက်နေ့က ဆရာတော် ဦးဥတ္တမနေ့ အထိမ်းအမှတ်အတွက် ဆိုပြီး ရခိုင်ပြည်နယ်တွင်းက ရဟန်းသံဃာတွေ အခမ်းအနား လုပ်ခဲ့တာ၊ စစ်တွေမှာဆိုရင် ဆရာတော် ဦးဥတ္တမရဲ့ ရုပ်တုဆီကို ရဟန်းသံဃာ ရာနဲ့ချီပြီး စီတန်းလမ်းလျှောက်တာတွေ လုပ်ခဲ့တာကြောင့် အခု ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုနေ့မှာလည်း အဲဒါမျိုးတွေ ဖြစ်လာမှာစိုးလို့ လိုက်လံ သတိပေးနေတာ ဖြစ်တယ်လို့ စစ်တွေအခြေစိုက် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ (RNDP) ရုံးက အတွင်းရေးမှူး ဦးခိုင်ပြည်စိုးက ပြောပါတယ်။
“ကျနော်တို့သိတဲ့ ကျောင်းကတော့ အဓိက ပုသိမ်ကျောင်းရယ်၊ အောင်မြေရတနာဆိုတဲ့ ကျောင်းပေါ့၊ အဲဒီကျောင်းက ဆရာတော်ကြီးတွေကို သွားပြီးတော့ စက်တင်ဘာ ၂၇ ရက်နေ့မှာ သံဃာတော်တွေ၊ ရဟန်းတော်တွေ စုပြီး ထွက်ပေါ်ထွက်မယ်လို့ သတင်းကြားတဲ့ အတွက်ကြောင့် အဲဒီကျောင်းတွေကို သွားပြီးတော့ ဘုန်းကြီးတွေကို ထိန်းထိန်းသိမ်းသိမ်း လုပ်ပေးဖို့ ဒေသ အာဏာပိုင်တွေက သွားလျှောက်တယ်လို့၊ ကျနော်တို့ စက်တင်ဘာလ ၉ ရက်နေ့ ဦးဥတ္တမနေ့ အထိမ်းအမှတ်ပွဲမှာ ချီတက်ခဲ့တဲ့ သံဃာတော် ၃၅၀ ထဲမှာ တကယ့်ကို ခေါင်းဆောင်လုပ်ခဲ့တဲ့ ဦးဇင်းတွေလို့ ယူဆရတဲ့ ပုဂ္ဂိုလ်တွေကို သွားပြီးတော့ သတိပေးမှုတွေ လုပ်တယ်လို့ ဆိုတယ်။
“နောက်တချက်က မင်းဇံရပ်ကွက်၊ ပညာမဂ္ဂင်ကျောင်းက ဆရာတော်ကို ဆရာတော် ဦးဥတ္တမနေ့မှာ ဆွမ်းကျွေးတဲ့ အတွက်ကြောင့် သူ့ကိုလည်း သတိပေးမှုတွေ လုပ်နေတဲ့ဟာ ကျနော်တို့ သိတယ်။”
ဒါ့အပြင် ဒီရက်ပိုင်းတွေအတွင်း ဘုန်းကြီးကျောင်း အနီးတဝိုက်နဲ့အတူ မြို့တွင်း လုံခြုံရေးတွေ ပိုပြီး တွေ့နေရတယ်လို့လည်း ပြောပါတယ်။
“တချို့ လမ်းဆုံလမ်းခွတွေမှာ လုံခြုံရေးတွေ ချထားတာကိုလည်း တွေ့တယ်။ မနေ့ညကဆိုရင် ရဲတွေ မြို့တွင်းထဲကို ပတ်နေတာကိုလည်း ကျနော်တို့ တွေ့ရတယ်။ ဘုန်းကြီးကျောင်းတွေ အတွင်းထဲမှာတော့ မဟုတ်ဘူး၊ သူတို့ တကယ့်ကို စိတ်မချရတဲ့ ကျောင်းတွေပေါ့ဗျာ၊ အဲဒီရှေ့တွေမှာ လုံခြုံရေးတွေ ချထားတယ်။ နောက်တချက်က နဂိုက အစဉ်အလာရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ အိမ်ရှေ့မှာလည်း စောင့်ကြည့်နေတယ်။”
စစ်တွေအခြေစိုက် ရခိုင်အမျိုးသားများ တိုးတက်ရေးပါတီ ရုံးက အတွင်းရေးမှူး ဦးခိုင်ပြည်စိုး ပြောပြသွားတာ ဖြစ်ပါတယ်။
၂၀၀၇ ခုနှစ် စက်တင်ဘာ ၂၆ ရက်နေ့က ပခုက္ကူမြို့အတွင်းမှာ ကုန်ဈေးနှုန်း ကြီးမြင့်မှှုအတွက် တောင်းဆိုတဲ့ ရဟန်းသံဃာတွေကို အာဏာပိုင်တွေက ရိုက်နှက်မှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် မြန်မာ့သမိုင်းမှာ ထင်ရှားတဲ့ ၂၀၀၇ ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုကြီး ပေါ်ပေါက်လာခဲ့တာ ဖြစ်ပြီး စစ်တွေမြို့က ရဟန်းသံဃာ အများအပြား ဒီအထဲမှာ ပါဝင်လှုပ်ရှားခဲ့တာတွေ ရှိခဲ့ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံက အကျဉ်းထောင်တွေ အတွင်းမှာ အကျဉ်းကျနေတဲ့ ရဟန်းသံဃာတွေကို ပြန်လွှတ်ပေးဖို့၊ တိုင်းရင်းသား ဒေသတွေမှာ ဖြစ်နေတဲ့ ပဋိပက္ခတွေ ချုပ်ငြိမ်းပြီး အမျိုးသား ပြန်လည်သင့်မြတ်ရေးနဲ့အတူ လက်ရှိ အများ စိတ်မချမ်းမသာ ဖြစ်နေတဲ့ မြစ်ဆုံစီမံကိန်းတွေကို အစိုးရက အမြန်ဆုံး ကိုင်တွယ် ဖြေရှင်းဖို့ အတွက်ကိုလည်း မြန်မာနိုင်ငံလုံးဆိုင်ရာ သံဃာ့တပ်ပေါင်းစုကြီးက လာမယ့် စက်တင်ဘာ ၂၇ ရက်နေ့မှာ ကျရောက်မယ့် ရွှေဝါရောင် သံဃာ့လှုပ်ရှားမှု ၄ နှစ်ပြည့် အထိမ်းအမှတ်အတွက် ဒီနေ့ စာတစောင် ထုတ်ပြန်ပြီး တောင်းဆိုထားပါတယ်။