သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေပဋိပက္ခ ရခိုင်ညီလာခံမှာ ဆွေးနွေး


ရခိုင်အမျိုးသားညီလာခံ (ဓာတ်ပုံ- ရခိုင်လူမှုကွန်ယက်-သံတွဲကမ်းခြေ)
ရခိုင်အမျိုးသားညီလာခံ (ဓာတ်ပုံ- ရခိုင်လူမှုကွန်ယက်-သံတွဲကမ်းခြေ)
ပြီးခဲ့တဲ့ မတ်လအတွင်းက စစ်တွေမြို့မှာဖြစ်ခဲ့တဲ့ အစိုးရမဟုတ်တဲ့ နိုင်ငံတကာကူညီရေးရုံးတွေ တိုက်ခိုက်ခံရတဲ့ကိစ္စကို အခု ကျင်းပနေတဲ့ ရခိုင်အမျိုးသားညီလာခံအတွင်း ဒီကနေ့ ဆွေးနွေးသုံးသပ်ခဲ့ကြပါတယ်။ နှစ်ပေါင်း ၆၀ အတွင်း ပထမဆုံးအကြိမ်ကျင်းပတဲ့ ရခိုင်အမျိုးသားညီလာခံအတွင်းမှာ ရခိုင်အမျိုးသားတွေရဲ့ဘဝလုံခြုံမှုနဲ့ ဖွံ့ဖြိုးတိုးတက်ရေးကိစ္စရပ်တွေကို ဆွေးနွေးနေကြတာပါ။ ရန်ကုန် ဗွီအိုအေ ရုံးခွဲကနေ ကိုသားညွန့်ဦးက သတင်းပေးပို့ထားပါတယ်။

အစိုးရမဟုတ်တဲ့ နိုင်ငံတကာအကူအညီပေးရေးအဖွဲ့တွေနဲ့ ပတ်သက်လို့ အခြေအနေတွေကို ရခိုင်လူ့အခွင့်အရေးကော်မတီက ဦးကျော်မင်းဦးက ဒီကနေ့ ဦးဆောင်ဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။ INGO နဲ့ NGO အဖွဲ့တွေရဲ့ သဘောသဘာဝတွေကို တက်ရောက်လာတဲ့ ရခိုင်လူထုကိုယ်စားလှယ်တွေကို ဦးဆောင်ရှင်းပြတာပါ။ အစိုးရနဲ့ သူတို့ သဘောတူစာချုပ်ချုပ်ဆိုထားကြတဲ့နေရာမှာ အစိုးရဘက်က ဆောင်ရွက်ရမယ့် တာဝန်ပိုင်းပါသလို အန်ဂျီအိုတွေဘက်က လိုက်နာရမယ့် ကျင့်ဝတ်စည်းမျဉ်းတွေရှိပြီး ဒီသဘောတူစာချုပ်တွေကို လူထုသိအောင် ချပြသင့်တယ်လို့ ဆွေးနွေးခဲ့ပါတယ်။ ဒီဆွေးနွေးချက်နဲ့ပတ်သက်လို့ ရခိုင်ခေါင်းဆောင်တဦးဖြစ်တဲ့ အမျိုးသားလွှတ်တာ်ကိုယ်စားလှယ်ဒေါက်တာအေးမောင်က ဗွီအိုအေကို အခုလို ရှင်းပြပါတယ်။

“၂၆၊ ၂၇ မတ်လမှာဖြစ်သွားတဲ့ဖြစ်စဉ်က ရခိုင်တွေအားလုံးအတွက်ရော ပြည်ထောင်စုအတွက်ရော အကျည်းတန်တယ်ဆိုတဲ့အမြင်နဲ့ သူက ချဉ်းကပ်ပြောဆိုပါတယ်။ ဒီလိုဖြစ်စဉ်မျိုး နောင်မဖြစ်ဖို့ သူ ဦးတည်ပါတယ်။”

ရခိုင်ပြည်နယ်အတွင်း ဘာသာရေးလူမျိုးရေးပဋိပက္ခတွေဖြစ်ခဲ့တာနဲ့ပတ်သက်လို့လည်း ၅ ရက်ကြာလုပ်မယ့် ဒီအစည်းအဝေးအတွင်း ဆွေးနွေးဖို့ရှိတယ်လို့ ဒေါက်တာအေးမောင်က ပြောပါတယ်။ အဓိကအချက်ကတော့ ရခိုင်လူထု လုံခြုံရေးနဲ့၊ ရခိုင်ပြည်နယ် တည်ငြိမ်အေးချမ်းရေးအတွက် ဘယ်လို တည်ဆောက်ကြမလဲဆိုတဲ့ မူဘောင်တရပ် လမ်းကြောင်းတရပ် ရခိုင်လူထုသဘောထားထွက်လာအောင် ဆွေးနွေးဖို့ရှိတယ်လို့ ဆိုပါတယ်။

“ဖြေကြားတဲ့ပုဂ္ဂိုလ်ရဲ့အဖြေကို ကျေနပ်မှုမရှိတဲ့သူတွေလည်း ရှိပါတယ်။ ကျေနပ်မှုရှိတဲ့ပုဂ္ဂိုလ်တွေလည်း ရှိပါတယ်။ ဖွင့်ပွဲနေ့မှာလည်း ဝန်ကြီး ဦးဇော်အေးမောင်က ကျနော်တို့ရခိုင်လူထု သွားသင့်တဲ့ အနာဂတ်လမ်းကြောင်းလေးတွေကို သူတင်ပြခဲ့တာ ရှိပါတယ်။ ရန်ကုန်မြို့မှာရှိတဲ့ ပတိယတ္တိစာသင်တိုက်က ပဓာန နာယက ဆရာတော်ဘုရားကြီးကလည်း ကျနော်တို့ သွားသင့်တဲ့လမ်းကြောင်းလေးကို သြဝါဒကထာလေး ချီးမြှင့်ပြီးကာမှ ဆွေးနွေးပို့ချပါတယ်။ လုံခြုံအောင် ကျနော်တို့ ဘယ်လိုကျင့်ကြံမလဲ၊ ဒီ Community ၂ ခု တည်ငြိမ်အေးချမ်းသွားအောင် ဘယ်လို တည်ဆောက်သွားမလဲ၊ UN အေဂျင်စီအပါအဝင် အခုနကလို INGO တွေရဲ့အားကို ကျနော်တို့ရဲ့အားအဖြစ် ဘယ်လို အသုံးချမလဲ၊ အဓိက ကတော့ Soft Power ကို ကျနော်တို့က ရခိုင်လူထုက ပိုင်ပိုင်နိုင်နိုင် ဘယ်လို အသုံးချသင့်သလဲ၊ ဒါလေးတွေကိုလည်း ဆွေးနွေးပါတယ်။”

ကျောက်ဖြူမြို့မှာ အခုကျင်းပနေတဲ့ ရခိုင်အမျိုးသားညီလာခံကို မေလ ၁ ရက်နေ့အထိ ငါးရက်ကြာကျင်းပသွားမှာပါ။ ရခိုင်ပြည်နယ် မြို့နယ် ၁၇ မြို့နယ်ကလည်း သူတို့မြို့နယ်တွင်း လူဦးရည်ကအစ အုပ်ချုပ်မှု ပညာရေး ကျန်းမာရေး စသဖြင့် အခြေခံလိုအပ်မှုအခြေအနေတွေ၊ အရေးတကြီး လုပ်သင့်တာတွေကို မြို့နယ်အလိုက် အစီရင်ခံစာတင် ဆွေးနွေးနေကြပါတယ်။ မြို့နယ်အလိုက် ရခိုင်လူထုကိုယ်စားလှယ်တွေကို ရွေးခြယ်ပြီး တတ်ရောက်စေခဲ့ရာမှာ နိုင်ငံရေးပါတီစုံက ပုဂ္ဂိုလ်တွေလည်း ပါဝင်ပါတယ်။ နိုင်ငံတကာက ရခိုင်ကိုယ်စားလှယ်တွေလည်း တက်ရောက်ပြီး နိုင်ငံအလိုက်ရှိနေတဲ့ ကြုံရတဲ့ ရခိုင်လူမျိုးတွေအခြေအနေကိုလည်း ဆွေးနွေးကြမှာဖြစ်ပါတယ်။ အခု ဒီ ညီလာခံကနေ ရခိုင်လူမျိုးတွေရဲ့ နိုင်ငံရေး လူမှုရေး ဖွံ့ဖြိုးမှုဆိုင်ရာ လမ်းကြောင်းတရပ် ပေါ်ထွက်လာလိမ့်မယ်လို့ မျှော်လင့်တဲ့အကြောင်း ဒေါက်တာအေးမောင်က ပြောပါတယ်။

“ပျော့ပြောင်းပြီးကာမှ ကျနော်တို့လိုချင်တဲ့လမ်းကြောင်းကို ရောက်တဲ့နည်းလမ်းကို မျှော်မှန်းပါတယ်။ အဲဒါကြောင့်လည်း ညီလာခံရဲ့ဦးတည်ချက်က ကမ္ဘာကြီးအနှံ့မှာ ပြန့်ကျဲနေတဲ့ရခိုင်တွေ စုစည်းညီညွတ်တဲ့သဘောဆောင်အောင်၊ ညီညွတ်မှုရရှိရေးက တစ်ပါ။ နှစ်က - တန်းတူရေးနဲ့တရားမျှတမှုရှိရေး-ဆိုတဲ့ Federalism သဘောကိုသွားပါတယ်။ တန်းတူအခွင့်အရေး၊ တန်းတူညီမျှရေး၊ နောက် တတိယအချက်က လုံခြုံအေးချမ်း ဖွံ့ဖြိုးတိုးတက်တဲ့ ရခိုင်ပြည်ဖြစ်ရေး။ အဲဒီတော့ တတိယဦးတည်ချက်က အင်မတန် မျှော်မှန်းချက် ကြီးမားပါတယ်။ ကျနော်တို့ ရခိုင်နိုင်ငံကြီးရဲ့ အနာဂတ်၊ ပစ္စုပ္ပန်၊ အတိတ်ပေါ့နော်- ဒီသုံးခုကို ဖြတ်လျှောက်သွားသင့်တဲ့လမ်းကြောင်းကို ဖော်ညွှန်းနိုင်အောင် ကြိုးစားဖို့ ရှိပါတယ်။”

ဧပြီ ၂၇ ရက်နေ့က လုပ်တဲ့ ရခိုင်အမျိုးသားညီလာခံဖွင့်ပွဲမှာတော့ ပြည်ထောင်စုဝန်ကြီး ဦအောင်မင်း တက်ရောက်ပြီး အဖွင့်စကားပြောခဲ့ပါတယ်။ မေလ ၁ ရက်နေ့ ပိတ်ပွဲကိုတော့ ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း တက်ရောက် စကားပြောဖို့ရှိပါတယ်။ ညီလာခံအတွင်းမှာတော့ ရခိုင်ပြည်နယ် အစိုးရပိုင်းဝန်ကြီးတွေ၊ ပြည်ထောင်စုနဲ့ ပြည်နယ်လွှတ်တော်အမတ်တွေလည်း တက်ရောက်နေကြပါတယ်။

အခုကျင်းပတဲ့ ရခိုင်အမျိုးသားညီလာခံဟာ သမိုင်းမှာ ဒုတိယအကြိမ်ဖြစ်တယ်လို့သိရပြီး ပထမအကြိမ်ကို လွန်ခဲ့တဲ့နှစ် ၆၀ ခန့်က ရခိုင်ပြည်နယ်၊ မြေပုံမြို့မှာ ကျင်းပခဲ့တာဖြစ်ပါတယ်။ အခု ညီ်လာခံကို ရခိုင်လူထုကိုယ်စားလှယ် တထောင်ကျော် တက်ရောက်ဆွေးနွေးနေကြပါတယ်။
XS
SM
MD
LG