သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အစိုးရရုံးရှေ့ စစ်တွေကျောင်းသားတွေ ဆန္ဒပြ


Protesters clash with riot police during a protest against Turkey's Prime Minister Tayyip Erdogan and the government's foreign policy on Syria, in Istanbul, Turkey.

ရခိုင်ပြည်နယ် စစ်တွေမြို့မှာ တက္ကသိုလ်ကျောင်းသား ၄၀၀ ကျော်လောက် ဒီကနေ့ ဆန္ဒပြခဲ့ကြပါတယ်။ ကျောင်းကားခတွေ ဈေးတက်တာကို မကျေနပ်တဲ့အတွက် ဆန္ဒပြခဲ့တာဖြစ်ပြီး ကျောင်းသားတွေဟာ ဒီကနေ့ မနက်ပိုင်းကစပြီးတော့ စစ်တွေတက္ကသိုလ်ကနေ စတင်ချီတက်ပြီး မြို့တွင်းမှာ လှည့်လည်ဆန္ဒပြခဲ့ကြတာ ဖြစ်ပါတယ်။ အခုအခါမှာတော့ ရခိုင်ပြည်နယ် ၀န်ကြီးချုပ်ရုံး ရှေ့မှာ သူတို့ရဲ့ လိုလားချက်တွေကို ငြိမ်းချမ်းစွာ တောင်းဆိုနေကြပါတယ်။ ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး မျက်မြင်သက်သေ တစ်ဦးဖြစ်သူ ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်က ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်မြကျော်ကို ကိုရန်နိင်က ဆက်သွယ် မေးမြန်းထားပါတယ်။

ဒီနေ့ စစ်တွေမှာ ကျောင်းသားတွေ ဆန္ဒပြတယ်လို့ သိရပါတယ်။ အဲဒါနဲ့ ပတ်သက်ပြီးတော့ နည်းနည်း ပြောပြပေးပါ။ ဘယ်လိုဖြစ်တာလဲခင်ဗျ။ -

“ကျောင်းသားတွေ ဆန္ဒပြတာတော့ မြင်ပါတယ်။ အဓိက ကတော့ သူတို့ ဆန္ဒပြတယ် ဆိုတာက အဓိက နိုင်ငံရေးအကျဉ်းသားတွေ အတွက် ပြတာမျိုးတော့ မဟုတ်ပါဘူး။ ကျောင်းသားတွေရဲ့ သူတို့ရဲ့ ရပိုင်ခွင့်တွေကို သူတို့က ငြိမ်းချမ်းစွာနဲ့ တောင်းဆိုကြတာပါ။”

သူတို့က အဓိက ဘာကို တောင်းဆိုတာပါလဲ ခင်ဗျ။ -

“သူတို့ ကျောင်းသွားရတဲ့ ခပေါ့။ ကျောင်းကခ ဈေးနှုန်းတွေ တစ်ဆလောက် တက်သွားတော့ အဲဒီမှာ ပြဿနာ တက်ကြတာပါ။”

တစ်ဆလောက် တက်သွားတယ်ဆိုတော့ ဘယ်လောက်ကနေ ဘယ်လောက် တက်သွားတာလဲခင်ဗျ။ -

ပထမ ၁၀၀ နဲ့ သွားနေတဲ့ဟာကို အခုက အသွား ၂၀၀၊ အပြန် ၂၀၀ ပေါ့။ အဲဒီလို ၂၀၀ တင်တောင်း လိုက်တော့ အဲဒီမှာ ကျောင်းသားတွေက ပြဿနာ တက်တာပါ။ ကျောင်းသားတွေက အကုန်လုံးက အများကြီး ဆင်းရဲနွမ်းပါးတဲ့ ကျနော်တို့ ရခိုင်ပြည်မှာ မိဘတွေက အရမ်းဆင်းရဲနွမ်းပါးတော့ ကျောင်းသားတွေက တစ်ရက်မှာ အသွား ၂၀၀၊ အပြန် ၂၀၀ ဆိုတော့ ၄၀၀ ဖြစ်သွားပြီ။ အဲဒါကို ကျောင်းသားတွေက ဆန္ဒပြတဲ့အဆင့်ထိကို ဖြစ်သွားတာပါ။”

အခုဆန္ဒပြတာ ကျောင်းသား ဘယ်လောက် ရှိပါသလဲခင်ဗျ။ -

“ရှိပါတယ်။ ထွက်လာကတည်းကဆိုရင်တော့ ၄၀၀ လောက် ရှိပါတယ်။ အစိုးရအဖွဲ့ ရုံးကို ရောက်လာတော့ ၂၀၀ လောက်တော့ ရောက်လာပါတယ်။ ကျောင်းကထွက်တုန်းကတော့ ၄၀၀ လောက် ထွက်လာကြတာပေါ့။ ကျောင်းနဲ့ အစိုးရရုံးက နည်းနည်းဝေးတော့ မလိုက်နိုင်တဲ့ကျောင်းသားတွေက ကျန်ခဲ့ပြီး အယောက် ၂၀၀ လောက်ကတော့ ပြည်နယ် အစိုးရရဲ့ ရုံးရှေ့မှာ ဒီနေ့ သူတို့ ထိုင်ပြီးတော့ ဆန္ဒပြနေကြပါတယ်။”

ပြည်နယ်အစိုးရရုံးရှေ့မှာ အခု ဆန္ဒပြနေတယ်ဆိုတော့ သူတို့ အဓိက တောင်းဆိုနေတာတွေက ဘာတွေပါလဲ။ -

“အဓိက တောင်းဆိုတာကတော့ ကားဖယ်ရီခ တစ်ဆလောက် မြင့်တက်သွားတဲ့ ဈေးနှုန်းကို လျှော့ချပေးပါ ဆိုပြီး ၁၀၀ နဲ့ပဲ နဂိုအတိုင်း ပြန်လုပ်ပေးပါဆိုတဲ့ အဲဒီ တောင်းဆိုချက်ပါပဲ။ ကျန်တဲ့ဟာတော့ မပါပါဘူး။ နိုင်ငံရေးပိုင်းနဲ့ ပတ်သက်တဲ့ဟာမျိုးကတော့ မပါပါဘူး။”

အာဏာပိုင်တွေဘက်က တုံ့ပြန်မှုကရော ဘယ်လိုရှိပါသလဲခင်ဗျ။ -

“အာဏာပိုင်တွေ ဘက်ကတော့ တုံ့ပြန်မှုကတော့ သူတို့က ဘာမှ ဟိုဟာဒီဟာ လုပ်တာမျိုး မရှိပါဘူး။ သူတို့က ဘေးကပဲ စောင့်ကြည့်ပေးနေတဲ့ သဘောလောက်ပဲ လုပ်ပေးပါတယ်။ ဘာမှ နှောက်ယှက်တာတွေ ဘာတွေတော့ မလုပ်ပါဘူး။”

လူစုခွဲတယ် ဆိုတာမျိုးလည်း ကြားလို့ပါ။ အဲဒါ ဟုတ်ပါသလား။ -

“လူစုခွဲတယ်ဆိုတာမျိုးကတော့ အဲဒီလောက်အထိတော့ မဟုတ်ပါဘူး။ အဲဒီကျောင်းရှေ့မှာ ကျောင်းဆရာကြီးနဲ့ ကျောင်းသားတွေနဲ့ ပြည်နယ်အစိုးရရုံးရှေ့မှာ စေ့စပ်ဆွေးနွေးပြီးတော့ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ပဲ သူ့ဟာသူတော့ ဘယ်လို အဆင်ပြေသွားလဲတော့၊ နောက်ဆုံး အခြေအနေထိတော့ ကျနော်တို့ စုံစမ်းနေတုန်း ရှိသေးပါတယ်။ အခုတော့ အဲဒီနေရာမှာပဲ သူတို့က ထိုင်ပြီး ဆန္ဒပြနေတဲ့သဘောမျိုး ဖြစ်ပါတယ်။”

ဒါဆိုရင် ဖမ်းတာဆီးတာတော့ မရှိဘူးပေါ့။ -

“ဟုတ်ကဲ့။ ပြေလည်သွားမယ်လို့တော့ ထင်ပါတယ်။ အဲဒီ အတိုင်းအတာထိတော့ ပြေလည်သွားတယ်လို့ ယူဆရပါတယ်။”

ဦးအောင်မြကျော် ကျေးဇူးတင်ပါတယ်။

ဆန္ဒပြကျောင်းသားခေါင်းဆောင် ၄ ဦးနဲ့ ပြည်နယ်အစိုးရ အာဏာပိုင်တွေ အချိန်အတန်ကြာ ညှိနှိုင်းဆွေးနွေးခဲ့ကြပေမဲ့ နှစ်ဘက် ပြေလည်တဲ့အဖြေတော့ မထွက်ခဲ့ပါဘူး။ ဒါပေမဲ့ ညပိုင်း ၇ နာရီလောက်မှာတော့ ကျောင်းသားတွေက အစိုးရရုံးရှေ့ကနေ လူစုခွဲပေးခဲ့ကြတယ်လို့ သိရပါတယ်။

XS
SM
MD
LG