သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သန်းခေါင်စာရင်းကောက်ခံသူတွေ လုံခြုံရေး ကုလစိုးရိမ်


ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှုတွေကြောင့် နေအိမ်ပျက်စီးသွားခဲ့သူ အမျိုးသမီးတစ်ဦး။
ရခိုင်ပြည်နယ်အတွင်း မငြိမ်မသက်မှုတွေကြောင့် နေအိမ်ပျက်စီးသွားခဲ့သူ အမျိုးသမီးတစ်ဦး။
ရခိုင်ပြည်နယ်၊ စစ်တွေမြို့မှာ နိုင်ငံတကာအစိုးရမဟုတ်တဲ့အဖွဲ့အစည်း INGO နဲ့ ကုလသမဂ္ဂရုံးတွေကို လူအုပ်က တိုက်ခိုက်ခဲ့တဲ့အပေါ် အထူးပဲ စိုးရိမ်တဲ့ အကြောင်း ကုလသမဂ္ဂလူဦးရေ ရန်ပုံငွေအဖွဲ့ UNFPA က ပြောလိုက်ပါတယ်။

ရခိုင်ပြည်နယ်က လူလူချင်း စာနာမှုဆိုင်ရာနဲ့ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ဆောင်ရွက်ပေးနေသူတွေကို အကာအကွယ်ပေးဖို့ ကုလသမဂ္ဂ လူလူချင်း စာနာမှု အကူအညီပေးရေး မြန်မာနိုင်ငံဆိုင်ရာ လုပ်ငန်းညှိနှိုင်းရေးမှူးက မြန်မာအစိုးရကို တောင်းဆိုတဲ့အပေါ်လည်း ထောက်ခံတယ်လို့ မတ်လ ၂၈ ရက်နေ့စွဲနဲ့ UNFPA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။

UNFPA ဝန်ထမ်းအားလုံး ဘေးရန်ကင်းပြီး လိုအပ်တဲ့ ဝန်ထမ်းအရေအတွက် ဆက်ထားသွားမှာဖြစ်ပြီးတော့ အခြေအနေ ဖြစ်ထွန်းပြောင်းလဲမှုနဲ့အတူ နောက်ထပ်လုပ်ဆောင်ဖို့ ဆက်ပြီး ဆန်းစစ်သွားမယ်လို့လည်း ပြောပါတယ်။
မတ်လ ၃၀ ရက်နေ့မှာ စတင်မယ့် သန်းခေါင်စာရင်းကောက်ယူရေးနဲ့ ဆက်စပ်ပြီး တင်းမာမှု တိုးလာ နေတာကနေ အခုဖြစ်ခဲ့တဲ့ အဓိကရုဏ်း ဆက်စပ်တယ်ဆိုတဲ့ သတင်းတွေအပေါ် UNFPA က စိုးရိမ်တယ်လို့လည်း ဆိုပါတယ်။

မြန်မာနိုင်ငံမှာ နှစ်ပေါင်းများစွာအတွင်း ပထမဆုံးအဖြစ် သန်းခေါင်စာရင်းကောက်ယူမယ့် အစီအစဉ်ကို UNFPA က အဓိက အကူအညီပေးနေတာပါ။

နိုင်ငံတကာ စံနှုန်းတွေ၊ လူ့အခွင့်အရေးစည်းမျဉ်းတွေနဲ့အညီ၊ ကုလသမဂ္ဂ၊ အလှူရှင်နိုင်ငံတွေနဲ့ သဘောတူညီချက်ရဲ့ တစိတ်တပိုင်းအဖြစ် နိုင်ငံတွင်းရှိနေသူအားလုံးကို သန်းခေါင်စာရင်းထဲ ထည့်သွင်းကောက်ယူမယ်ဆိုတာနဲ့ လူတိုင်းဟာ ကိုယ့်ရဲ့ တိုင်းရင်းသားလူမျိုးစုကို ကိုယ့်သဘောနဲ့ကိုယ် ဖော်ပြပိုင်ခွင့်ရှိတယ်ဆိုတာ မြန်မာအစိုးရက အခိုင်အမာ ပြောထားတယ်လို့လည်း UNFPA ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။ နှောက်ယှက်ခြိမ်းခြောက်မှု ဒါမှမဟုတ် အကြမ်းဖက်ခံရဖို့ ခြိမ်းခြောက်မှုနဲ့ ရင်ဆိုင်နေ ရရင်တော့ အဲဒီသန္နိဋ္ဌာန်အတိုင်း လုပ်နိုင်မှာမဟုတ်ဘူးလို့လည်း ပြောပါတယ်။

ကောက်ခံသူတွေနဲ့ ပါဝင်သူတွေရဲ့ လုံခြုံရေးကို အာမခံတဲ့ ကောက်ယူူမှုမျိုးကနေသာ ယုံကြည် စိတ်ချလောက်တဲ့ သန်းခေါင် စာရင်းအချက်အလက်တွေ ရနိုင်ပါမယ်လို့ UNFPA က ထောက်ပြထားပါတယ်။ ပါဝင်သူတွေအနေနဲ့ မေးခွန်းအားလုံးကို လွတ်လပ်စွာဖြေဆိုဖို့ရာ ဘေးရန်ကင်းတယ်လို့ ခံစားကြရမှာဖြစ်သလို ကောက်ခံသူတွေအနေနဲ့လည်း ကြောက်ရွံ့မှု ဒါမှမဟုတ် ခြိမ်းခြောက်ခံရမှုမရှိဘဲ အချက်အလက်တွေကို ယုံယုံကြည်ကြည်နဲ့ မှတ်တမ်းတင်နိုင်ကြရမယ်လို့ ပြောပါတယ်။

သန်းခေါင်စာရင်း ကောက်ယူတဲ့ကာလအတွင်း လုံခြုံရေးဆိုင်ရာ စိုးရိမ်မှုကို တာဝန်ရှိသူတွေက ဖြေရှင်းဆောင်ရွက်တာဟာ နိုင်ငံတကာစံနှုန်းနဲ့ လူ့အခွင့်အရေးစည်းမျဉ်းတွေအတိုင်း လုပ်ဆောင်ဖို့ သန္နိဋ္ဌာန်ကို မထိခိုက်စေရဘူးလို့လည်း ပြောပါတယ်။ ဘယ်လို လုပ်ဆောင်ချက်မျိုးမဆို မျှတပြီး အားလုံးပါဝင်တဲ့၊ နေရာတိုင်း လူမှုအဝန်းအဝိုင်းတိုင်းမှာ တပြေးညီဆောင်ရွက်တဲ့ သန်းခေါင်စာရင်းကောက်ယူမှုမှာ လူတိုင်းပါဝင်ခွင့်ကို အာမခံရမယ်လို့ UNFPA ထုတ်ပြန်ချက်မှာ ပြောထားပါတယ်။
XS
SM
MD
LG