သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်တွေတင်းမာမှု အလားအလာ


ရခိုင်ပြည်နယ်အတွင်း မောင်တော အပါအဝင် တချို့မြို့တွေမှာ အဓိကရုဏ်းတွေ ဖြစ်နေတာမှာ စစ်တွေမြို့မှာတော့ ဒီကနေ့ ရခိုင် ဗုဒ္ဓဘာသာဝင်တွေနဲ့ မူစလင်တွေအကြား အခု အသံမလွှင့်ခင် အချိန်ထိ ထိပ်တိုက် ရင်ဆိုင်မှုတွေ ဖြစ်ပေါ်နေတယ်လို့ RNDP ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီက ပြည်နယ် လွှတ်တော်အမတ် ဦးအောင်မြတ်ကျော်က ပြောပါတယ်။ အခြေအနေတွေဟာ အတော်လေး တင်းမာနေပြီး မကြာခင်မှာ ပေါက်ကွဲတော့မယ့် အခြေအနေမျိုး ဖြစ်နေတယ်လို့လည်း ဗွီအိုအေ ဝိုင်းတော်သား ကိုဇော်ဝင်းလှိုင်က ဆက်သွယ် မေးမြန်းတဲ့အခါ ဦးအောင်မြတ်ကျော်က ပြောပါတယ်။

“ဟုတ်ပါတယ်။ အခြေအနေက ဆိုးနေပါတယ်။ အခြေအနေက ဒီဘက် ၏က ကျနော်တို့ ရခိုင်မြို့အထက်ဘက်မှာတော့ ဘာမှ ပြဿနာမရှိဘူး။ အပြင်ဘက် မြို့စွန်မှာတော့ ဘင်္ဂါလီ မူစလင်တွေက အကုန်လုံး စုပြီး တက်လာကြတယ်။ တက်လာကြတော့ ဒီဘက်က ရခိုင်တွေကတော့ ကိုယ့်ဟာကိုယ် ကာကွယ်ဖို့အတွက်ကတော့ လုပ်နေရသလို ဖြစ်နေတာပေါ့။ ရဲတပ်ရင်းတွေကလည်း သေနတ်ပစ်ဖောက်ပြီး သူတို့ကို လူထုခွဲမလို့ လုပ်တယ်။ လုပ်ပေမဲ့လည်း မိုးပေါ်ထောင်ပစ်တဲ့ သဘောမျိုးဆိုတော့ လူက ကွဲမသွားဘူး။ အဲဒီအတိုင်းပဲ တင်းခံနေတယ်။ အခု အခြေအနေက ဘုမေ ကျေးရွာမှာ။ မူစလင်တွေ များတဲ့နေရာပေါ့။ အဲဒီဘုမေ ကျေးရွာမှာလည်း နောက်မဆုတ်တော့ဘဲ အဲဒီနေရာမှာ တင်းခံနေတယ်။ အဲဒီလိုမျိုး ဖြစ်နေတယ်။”

ရိုက်တာ ပုပ်တာ အကြမ်းဖက်တာတွေတော့ မရှိသေးဘူးပေါ့။ နှစ်ဘက် ထိပ်တာ ဖြစ်နေကြတဲ့အဆင့်မှာပဲ ရှိသေးတယ်ပေါ့။

“ဟုတ်ကဲ့။ တင်းမာနေပါတယ်။ အဲဒါကို ထိန်းချုပ်ဖို့ ရဲတပ်ရင်းတွေကတော့ လိုက်ပြီး ထိန်းနေကြပါတယ်။ အခြေအနေကတော့ ဒီဘက်ကလည်း ရခိုင်ဘက်ကလည်း ဒီအတိုင်းဆိုရင် တရက်လောက် ကြာလာရင် ပေါက်ကွဲလာနိုင်တယ်။ အဲဒီလိုမျိုး စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိပါတယ်။”

ရဲတပ်ဖွဲ့တွေ ချထားတယ်၊ လုံခြုံရေးတွေ ချထားတယ် ဆိုတော့ တပ်အင်အား ဘယ်လောက်လောက် ရှိလဲခင်ဗျ။

“တပ်အင်အားတော့ အဲဒါတော့ အတိအကျတော့ မပြောတတ်ဘူး။ အဲဒီနေရာမှာတော့ ၂၀-၃၀ လောက်ပဲ ချထားပေးတယ်။ ဟိုဘက်က သဲချောင်းဘက်ကလည်း တက်လာကြတယ်လို့ အခုပဲ သတင်းဝင်လာတယ်။”

သူတို့ဘက်ကရော အင်အား တော်တော်များလားခင်ဗျ။

“များပါတယ်။ သူတို့ဆီက လူအင်အား သောင်းဂဏန်း နီးပါးလောက်ကို စုနေကြပြီ။”

ရခိုင်ဘက်ကရော အခု အင်အား ဘယ်လောက်လောက် စုမိနေကြလဲ။ အခု လောလောဆယ်မှာ။

“ရခိုင်ဘက်ကတော့ အဲဒီဟာနဲ့ ထိပ်တိုက်ရင်ဆိုင်ဖို့တော့ မသွားကြဘူး။ ကိုယ့်ရဲ့ ရပ်ကွက်မှာပဲ ကိုယ့်ရပ်ကွက် လုံခြုံရေးအတွက်ကတော့ ကိုယ့်ဟာကိုယ်စုပြီး နေနေကြတယ်။ အဲဒီလို ရှိနေပါတယ်။ မနက်ပိုင်းနဲ့ နေ့လယ်ပိုင်းလောက်မှာ ဘာမှမဖြစ်ဘဲ ညနေပိုင်းလောက်မှာ တင်းမာလာတဲ့ အခြေအနေဆိုတော့ သွေးထိုးလှုံ့ဆော်တဲ့ အဖွဲ့တဖွဲ့ရှိလို့ အဲဒီလိုဖြစ်တဲ့သဘောမျိုး ဖြစ်နေပါတယ်။”

ဆိုတော့ သွေးထိုး လှုံ့ဆော်တဲ့အဖွဲ့ ရှိတယ်လို့တော့ သတင်းကြားရပြီး ဒီကြားထဲမှာ ဒီနှစ်ဖွဲ့ကို စေ့စပ်ပေးမယ့်သူရော မရှိဘူးလား။ ဥပမာ၊ အာဏာပိုင် အဖွဲ့အစည်းတွေကပဲ ဖြစ်ဖြစ်၊ ရဲတပ်ဖွဲ့ကပဲ ဖြစ်ဖြစ်၊ မြို့နယ် အုပ်ချုပ်ရေးမှူးအဖွဲ့ကပဲ ဖြစ်ဖြစ်ပေါ့။ တဦးတယောက် ယောက်က ဝင်ပြီးတော့ စေ့စပ်ပေးဖို့ ကြိုးစားတာမျိုး၊ စီစဉ်နေတာမျိုးရော မကြားမိဘူးလား။

“အဲဒီလိုမျိုးတော့ စီစဉ်နေကြပါတယ်။ ဥပမာ၊ ကျနော်တို့ ဒီဘက်ကဆိုရင် ကျနော်တို့ ရခိုင်ဘက်ကဆိုရင် အကုန်လုံးကို လိုက်ပြီးတော့ ကျနော် ထိန်းထိန်းသိမ်းသိမ်း နဲ့တော့ လုပ်နေတာပေါ့။ ဒါပေမဲ့ ဟိုဘက် မူစလင်ဘက်ကိုတော့ ကျနော်တို့က ဘာမှ ပြောပြလို့မရတော့ ညနေပိုင်းကို ဒီမှာရှိတဲ့ ငြိမ်းချမ်းရေးအဖွဲ့မှာ ပါတဲ့သူတွေကိုတော့ လိုက်ထိန်းတယ်၊ ထိန်းနေတယ်လို့တော့ သိရတယ်။ ဒါပေမဲ့ ထိရောက်တဲ့ပုံတော့ မပေါ်ဘူး။ အဲဒီလို ဖြစ်နေတယ်။”

ဆက်စပ်သတင်းများ ...

XS
SM
MD
LG