သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရေးပေါ်မကြေညာမီ မိတ္ထီလာအခြေအနေ


အရေးပေါ် အခြေအနေ မကြေညာခင်အထိ မိတ္ထီလာမြို့တွင်းက အခြေအနေတွေကို ကိုယ်တိုင်သတင်းသွားယူနေတဲ့ ဗွီအိုအေ ဝိုင်းတော်သား ဦးရော်နီညိမ်းက မိတ္ထီလာမြို့ကနေ တိုက်ရိုက် သတင်းပေးပို့ထားပါတယ်။

မိတ္ထီလာမြို့ပေါ်မှာ ပုဒ်မ ၁၄၄ ထုတ်ထားပေမဲ့လည်း အားလုံးက လူစုလူဝေးတွေနဲ့ လမ်းတွေပေါ်မှာ သွားလာနေကြသလိုပဲ မော်တော်ဆိုင်ကယ်တွေ၊ ကားတွေနဲ့လည်း သွားလာနေကြတာကို ကျနော်ကိုယ်တိုင် တွေ့နေရပါတယ်။ ညမထွက်ရ အမိန့်ထုတ်ထားပေမဲ့လည်း ညဘက်တွေမှာလည်း ညနက်တဲ့အထိ သွားလာနေကြသူတွေ ရှိသလိုပဲ ဒီလို တရားဥပဒေစိုးမိုးမှု မရှိတာနဲ့ ပတ်သက်ပြီးတော့ မိတ္ထီလာမြို့နယ်၊ NLD ရဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးဝင်းထိန်က အခုလို ပြောပါတယ်။

“အခုထိတော့ အဖမ်းအဆီး မရှိသေးဘူး၊ ဆူပူသောင်းကြမ်းနေတဲ့သူတွေကို ဖမ်းတာဆီးတာ ဘယ်သူမှ မလုပ်ဘူး၊ မလုပ်တဲ့အခါကျတော့ အခုကြည့်- မော်တော်ဆိုင်ကယ် စီးတဲ့သူတွေ ဆိုလို့ရှိရင် အကုန်လုံးက ကိုယ့်ကိုကိုယ် ကာကွယ်ဖို့လား၊ သူများကို ချဖို့လား-မသိဘူး။ တုတ်တွေ၊ ဓားတွေ ကိုယ်စီကိုယ်ငှ ပါတယ်။”

အစိုးရရဲ့သတင်းတွေက အခြေအနေတွေကို ထိန်းသိမ်းထားလို့ရတယ်၊ သေဆုံးသူ ၅ ဦးလောက်ပဲ ရှိတယ်လို့ ပြောပေမဲ့လည်း တကယ်တန်းမှာ ဒိထက်မက ရှိနေပါတယ်။ ကျနော်ကိုယ်တိုင်က သတ်ဖြတ်မှုတွေ၊ အလောင်းတွေ မီးရှို့တာတွေကို မတွေ့ရပေမဲ့လည်း ကိုယ်တိုင်တွေ့ရှိရတဲ့ ဦးဝင်းထိန်ကတော့ အခုလို ပြောပြပါတယ်။

“သီရိမင်္ဂလာရပ်ကွက်မှာ လမ်းပေါ်မှာ ၃ လောင်းလောက် တွေ့ခဲ့တယ်။ ဒဏ်ရာရတာတော့ မခန့်မှန်းတတ်ဘူး။ ဒဏ်ရာရတာက အများကြီး မရှိဘူးထင်တယ်၊ အခုဟာက အပြတ်ရှင်းကြတာ။ အဓိကရုဏ်းဖြစ်ပြီးတော့မှ ထိုးကြိတ် ရိုက်နှက်တာ မဟုတ်ဘူး၊ မိတဲ့သူကို သတ်ပစ်လိုက်တာ၊ သတ်ပြီး မီးရှို့ပစ်လိုက်တာ။ နောက်ပြီးတော့ လမ်းပေါ်မှာ ပစ္စည်းတွေပုံပြီး မီးရှို့နေတယ်၊ နောက်ပြီး မွတ်ဆလင်အိမ်တွေကို ဖောက်ပြီးတော့မှ လုတာတွေ ရှိနေတယ်။”
ရဲက လူအုပ်ကို လူစုခွဲ ပစ်ခတ်မှုတစ်ခု သူကြုံခဲ့ရတာကိုလည်း ဦးဝင်းထိန်က ပြောပါတယ်။

“မနေ့က ဖြစ်တာကတော့ မင်္ဂလာဇေရုံရပ်မှာ မွတ်ဆလင် ၁၀၀ လောက်ကို လူအုပ်က ဝိုင်းပြီးတော့ တောင်းဆိုတယ်၊ ရိုက်တယ်၊ အဲဒီကြားထဲကမှ ဝင်လုတဲ့သူတွေကို ပစ်တာ၊ ပစ်တော့ ၂ ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်။ ပေါင်မှန်တာပေါ့။ ခါးအောက်ပစ်တာပေါ့။ အဲဒါပဲ သိတယ်၊ ကျန်တာတွေတော့ မသိဘူး။”

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က မန္တလေးတိုင်း၊ ဒေသကြီး ဝန်ကြီးချုပ်ဆီကို သူကနေတဆင့် အမှာစကားပြောကြားတာကိုလည်း ဦးဝင်းထိန်က ပြောပြပါတယ်။

“ MRTV-4 သတင်းမှာတော့ လူ ၅ ယောက်ပဲ သေပြီးတော့ ၃၉ ယောက် ဒဏ်ရာရတယ်လို့ ပြောတယ်။ ဒါပေမဲ့ မနေ့ကတည်းက ၂၀ လောက်ဖြစ်နေပြီ။ ဒီနေ့ပါနဲ့ ပေါင်းရင် ၂၅ ယောက်လောက် ဖြစ်သွားနိုင်တယ်။ ဒါနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ကို ၂ ကြိမ် သတင်းပို့တယ်လေ။ ပို့တဲ့အချိန်မှာ- မနက်မှာ ဒေါ်အောင်ဆန်းစုကြည်က ဘာပြောလဲဆိုရင်- ဝန်ကြီးချုပ်ကို အကြောင်းကြားလိုက်ပါ။ ပုဒ်မ ၁၄၄ ထုတ်ပြီးတဲ့အတွက်ကြောင့် ရဲတပ်ဖွဲ့ကို အသုံးပြုပြီးမှ ထိထိရောက်ရောက် ဆောင်ရွက်ပါ-လို့ ပြောလိုက်တော့ ဝန်ကြီးချုပ်ကတော့ လုပ်ပါမယ်-ဒါလည်း ကျနော်တို့နဲ့ အတူတူပါပဲ။ ကျနော်တို့လုပ်မယ့် မူနဲ့ အတူတူပါပဲ-လို့ ပြောတယ်။ ပြောသာပြောနေတာ- နေ့ခင်းတခုလုံး မြို့ထဲမှာ အကဲခတ်တဲ့အခါကျတော့ မော်တော်ဆိုင်ကယ်နဲ့လမ်းသလားပြီးတော့ အော်ဟစ်ပြီးတော့ နေတာတွေက နေရာတိုင်းမှာ ဖြစ်နေတယ်။ နေရာတကာမှာ ရှိနေတယ်။ အဲဒါနဲ့ပတ်သက်ပြီး ညနေမှာ သူ့ကို တခါ သွားတွေ့ပြီးတော့- ခင်ဗျားတို့ ရပ်ကွက်တွေမှာ ကင်းလှည့်ပြီးတော့ အော်ရမယ်၊ ထိန်းချုပ်ရမယ်-ဆိုတော့ - လုပ်နေတယ်-လို့ ပြောတာပဲ။

ဒါပေမဲ့ ကိုယ်တော့ မတွေ့ဘူး။ နောက်တစ်ခုက ညနေဆိုလို့ရှိရင် မွတ်ဆလင်အိမ်တွေပေါ့- မွတ်ဆလင်အိမ်တွေက လူမရှိတော့ဘူး။ အဲဒီအိမ်တွေက ဖောက်တာတွေ ဖြစ်လိမ့်မယ်၊ ခင်ဗျားတို့ လုံခြုံရေး ချပေးပါ-လို့ ပြောခဲ့တယ်။ သူက ချပေးပါမယ်လို့တော့ ဝန်ခံတာပဲ။ အဲလို ဖြစ်နေတဲ့ကြားထဲက အခုနတုန်းက ပြောတာတွေ အကုန်ဖြစ်တယ်၊ မီးရှို့တာတွေ၊ အဖောက်ခံရတာတွေ၊ လက်လွတ်စပယ် အသတ်ခံရတာတွေက အဲဒီလို ရှိတယ်။ အစိုးရ version ကတော့ Everything is under control. ပေါ့- အားလုံး ထိန်းချုပ်လို့ရပြီလို့ ယူဆထားတာ။ အန်ကယ်လ်တို့က မထင်ဘူး။”

ငွေကြေးတတ်နိုင်ကြတဲ့ မွတ်ဆလင်တွေက ကားတွေနဲ့ တခြား တမြို့တရွာတွေကို ထွက်ခွာ သွားနေကြပါပြီ။ ဆင်းရဲသား မွတ်ဆလင်တွေကတော့ သူတို့နေထိုင်ရာ ရပ်ကွက်တွေမှာပဲ နေထိုင် ရတာ မလုံခြုံတဲ့အတွက် သူတို့တွေကို လူ အုပ်လိုက်၊ အုပ်လိုက် ပြောင်းရွှေ့ နေရာ ချပေးထားတာ ကိုလည်း ကျနော် ကိုယ်တိုင် တွေ့ရပါတယ်။ မနေ့တုန်းက ဆိုလို့ရှိရင် ခရိုင်အားကစားကွင်းထဲကို အမှတ် (၁) လမ်းမတော် လမ်းမကြီးအတိုင်း ထောင်နဲ့ချီတဲ့ မွတ်ဆလင် မိသားစုတွေကို ရဲ အစောင့်အရှောက် အခြံအရံတွေနဲ့ ခေါ်ဆောင်သွားတာကို တွေ့ရပါတယ်။

မွတ်ဆလင်မဟုတ်တဲ့ ဗမာလူမျိုးတွေကလည်း ဒုက္ခသည်တွေ ဖြစ်နေကြပါတယ်။ သူတို့တွေက ဘုန်းတော်ကြီးကျောင်းတွေနဲ့ ဘုရားဝင်းတွေမှာ ခိုလှုံနေကြရပါတယ်။ သူတို့တွေ ဒုက္ခသည်ဖြစ်ရတာကတော့ မွတ်ဆလင်ရပ်ကွက်အနီးမှာ နေထိုင်ကြတဲ့ သူတို့အိမ်တွေပါ မီးလောင်လို့ရှိရင် မီးကူးစက်ခံရမှာ စိုးတာကြောင့် အထုတ်တွေပိုက်ပြီးတော့မှ ဘုရားဝင်းတွေ၊ ဘုန်းကြီးကျောင်းတွေမှာ သွားရောက်နေထိုင်ကြတာကို ကျနော်ကိုယ်တိုင် တွေ့ရပါတယ်။ မွတ်ဆလင်တွေက ကိုယ့်အိမ်ကို ကိုယ် ပြန်ပြီး မီးရှို့နေကြတယ်။ ဒါကြောင့်မို့လို့ သူ့ရဲ့အိမ်ပါ မီးလောင်သွားရတယ်လို့ ပြောပြတဲ့သူတစ်ဦးကိုလည်း ကျနော် တွေ့ခဲ့ရပါတယ်။

“မနေ့ကဆိုလို့ရှိရင် ကိုးနဝင်း ဘုန်းကြီးကျောင်း စာသင်တိုက်ထဲကို ကျနော်တို့ရပ်ကွက်ကို မီးရှို့ပြီးတော့မှ သူက ဝင်လာလိုက်တာ။ ဘုန်းကြီးကျောင်းထဲ ဝင်ပြေးတဲ့အခါကျတော့ သူ မီးရှို့တာကို စစ်လိုက်တဲ့အခါကျတော့ မာမူကိုဝင်းကိုက ပိုက်ဆံပေးလို့ သူ ဝင်ရှို့ရပါတယ်ဆိုပြီး သူက ဖြောင့်ချက်ပေးတယ်။ ဖြောင့်ချက်လည်းပေးတယ်။ သူ့ကို ရပ်ကွက်ထဲက ရှိတဲ့ သံဃာတော်တွေကရော၊ ရပ်ကွက်ထဲကလူတွေကရော ရိုက်သတ်ပစ်လိုက်ပြီးတော့ အခါကျ လမ်းမပေါ် ဆွဲထုတ်သွားပြီးတဲ့အခါကျတော့ သူ့ကို မီးရှို့လိုက်တယ်။”

လုယက်မှုတွေ စတင်ဖြစ်ပေါ်နေပြီးတော့ ဒီလုယက်မှုတွေကို မြို့ခံတွေက ကျူးလွန်ကြတာ မဟုတ်ဘဲ နဲ့ မိတ္ထီလာမြို့ အနီးတဝိုက်က လူတွေ ရောက်လာကြပြီး မွတ်ဆလင်တွေရဲ့ဆိုင်တွေကို ဖောက်ပြီး ယူနေကြတာပါ။ မြို့လည်ခေါင်က လျှပ်စစ်ပစ္စည်းဆိုင်ကို ဖောက်ထွင်းနေကြတဲ့ သူတွေဟာ တုတ်၊ ဓား၊ လက်နက်တွေ ကိုင်ဆောင်ထားကြပြီးတော့ သူတို့တွေကို ရပ်ကွက်သူ ရပ်ကွက်သားတွေ ကလည်း မတားဆီးနိုင်ကြဘဲနဲ့ ဆိုင်ကို မီးမရှို့ဖို့နဲ့ မီးရှို့လို့ရှိရင် အိမ်နီးချင်းတွေကိုပါ မီးကူးစက်မှာ စိုးရိမ်တယ်လို့ တောင်းပန်နေကြပြီးတော့ ကြိုက်တာကိုသာ ယူသွားကြ- လို့ ပြောဆိုနေတာတွေ ကိုလည်း ကျနော်ကိုယ်တိုင် တွေ့ရပါတယ်။ မိတ္ထီလာမြို့ခံတွေကတော့ ဒီလို ဖောက်ထွင်း ပစ္စည်း ယူနေကြတာကို မနှစ်မြို့ကြပါဘူး။ ရဲတပ်ဖွဲ့ကလည်း လိုက်လံပိတ်ဆို့ ဖမ်းဆီးတာတွေကို လုပ်နေပေမဲ့လည်း အခု ဖြစ်ပွားနေတာနဲ့စာလို့ရှိရင် ရဲအင်အားက မိတ္ထီလာမြို့ပေါ်မှာ နည်းပါး လွန်းတာကို ကျနော် သတိထားမိပါတယ်။

အခု မန္တလေးတိုင်း ဒေသကြီးရဲ့ ဝန်ကြီးချုပ် ဦးရဲမြင့်ကိုယ်တိုင် မိတ္ထီလာခရိုင် ထွေ/အုပ်ရုံးမှာ လာရောက်ထိုင်ပြီးတော့ အခြေအနေတွေကို ထိန်းသိမ်းနေပါတယ်။ ဒေသခံ အစိုးရ အဖွဲ့အစည်း အနေနဲ့ အခြေအနေတွေကို တမင်သက်သက် လွှတ်ထားတာ မဟုတ်ဘဲနဲ့ ရုတ်တရက်ပေါ်ပေါက် လာတဲ့ အခြေအနေကို ဘယ်လို ထိန်းသိမ်းရမလဲဆိုတာ ကျွမ်းကျင်မှု မရှိတာကို တွေ့နေရတယ်လို့ မြို့ခံတွေက ပြောနေကြပါတယ်ခင်ဗျာ။
XS
SM
MD
LG